အရေးကြီးတဲ့ အိမ်နီးချင်း

၂၀၂၃ ဒီဇင်ဘာ ၂၉

    မြန်မာနိုင်ငံမှာဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများဟာ များသောအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်းမှာ ဖြစ်ပွားခဲ့သည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများအပေါ်တွင် အခြေခံနေတာတွေ့ရမှာပါသည်။ ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီ အရင်းရှင်စီးပွားရေးစနစ်ကို အခြေခံသည့် ကိုလိုနီနိုင်ငံအတော်များများ ဟာ အရင်းရှင်ကိုလိုနီများကိုတော်လှန်ဖို့ ဆင်းရဲသား လူတန်းစားတွေကို အခြေခံသည့် ကွန်မြူနစ်စနစ်ကို နှစ်ခြိုက်စွာ ကျင့်သုံးတော်လှန်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါသည်။ ထိုအခြေအနေ သဘာဝကို အခြေခံခဲ့ကြသည့်အတွက် ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနိုင်ငံအတော်များများမှာ လက်ဝဲလက်ယာပြဿနာများ၊ တိုက်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။
    ဒုတိယကမ္ဘာစစ်အပြီးမှာ အရင်းရှင်နိုင်ငံကြီးများက ကိုလိုနီနိုင်ငံလေးများကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲရာမှ လွတ်လပ်ရေး ပေးလာခဲ့ကြပါသည်။ ထိုနောက်ပိုင်းမှာ များသောအားဖြင့် လွတ်လပ်ရေးရခဲ့ကြသည့်နိုင်ငံများသည် အရင်းရင်ကိုလိုနီများ၏ဒဏ်ကို ခါးစည်းခံခဲ့ရသည့်အတွက် တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ ဆင်းရဲချမ်းသာ တန်းတူညီမျှ ဖြစ်စေရန် ရည်ရွယ်ပြီး လက်ဝဲဝါဒကို အခြေခံသည့် နိုင်ငံများအဖြစ် ထူထောင်လာခဲ့ကြပေသည်။ တစ်ပိုင်းကလည်းလွတ်လပ်ရေးပေးခဲ့ရသည့် ကိုလိုနီအရင်းရှင်နိုင်ငံများအနေဖြင့် သူတို့၏ အရင်းရှင်ဈေးကွက်မပျောက်ဖို့၊ နယ်မြေဒေသကို ကုန်ကျစရိတ်သက်သာသည့်နည်းဖြင့် ထိန်းထားနိုင်စေနိုင်ဖို့ ထိုလွတ်လပ်ရေးပေးခဲ့ရသည့် နိုင်ငံများအပေါ်မှာ နည်းမျိုးစုံဖြင့် လွှမ်းမိုးချုပ်ကိုင်ခဲ့ကြသည်ကိုလည်းတွေ့ရမှာ ဖြစ်ပါသည်။
    ထိုသို့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲမှာ တူရာအုပ်စုဖွဲ့ရာမှ လက်ဝဲလက်ယာ ပြိုင်ဆိုင်မှုဖြစ်ပေါ်လာ ရခြင်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီ၊ ဂျပန်နှင့် အီတလီတို့က တစ်အုပ်စုဖြစ်ပြီး ဂျာမနီက ဥရောပတလွှား သိမ်းပိုက်ချုပ်ကိုင်ဖို့ ကြိုးစားလာခဲ့သည့် အတွက် ရုရှားသည်ပင် ဥရောပနိုင်ငံများနှင့် မဟာမိတ် သဖွယ်ဖြစ်ခဲ့ရတာတွေ့ရမှာ ဖြစ်ပါသည်။ ကမ္ဘာစစ်အစ မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်ခဲ့ခြင်းမရှိဘဲ ဂျပန်၏ စတင်တိုက်ခိုက်မှုအရ စစ်ပွဲမှာပါလာခဲ့ခြင်းဖြစ်ပါသည်။ နောက်ဆုံးမှာ အင်အားကြီး ရုရှား၊  အမေရိ ကန်နှင့် မဟာမိတ်များ၏ ဒဏ်ကိုမခံနိုင်တော့ဘဲ ဂျာမနီ ဦးဆောင်သည့် ဖက်ဆစ်အုပ်စုစစ်ရှုံးရခြင်းဖြစ်ပါသည်။ ထိုအချိန်ကစပြီး အမေရိကန်သည် အရင်းရှင်ဥရောပအနောက်နိုင်ငံများ၏ ခေါင်းဆောင်သဖွယ် ဖြစ်လာခဲ့ပြီး နယ်မြေလွှမ်းမိုးမှုများ အပြိုင်အဆိုင်ဆောင်ရွက်ရာမှ ရုရှားဦးဆောင်သည့် ဆိုဗီယက်နှင့် အမေရိကန်တို့ ထိပ်တိုက်ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုနှင့် ကွန်မြူနစ်ဝါဒကိုအခြေခံသည့် ဆိုဗီယက်တို့၏ လက်ဝဲလက်ယာ အားပြိုင်မှုများကိုစစ်အေးတိုက်ပွဲဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
    အာရှနိုင်ငံအများစုတွင် ထိုကမ္ဘာနိုင်ငံရေးနှင့်ယှဉ်သည့် လက်ဝဲ၊ လက်ယာ အားပြိုင်မှုများမှတစ်ဆင့် ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ကြရသည်ကို တွေ့ရမှာဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် မော်စီတုံး ခေါင်းဆောင်သည့် လက်ဝဲကွန်မြူနစ်အုပ်စုနှင့် အမေရိကန်ဘက်ကို ယိမ်း သည့် ချန်ကေရှိတ်၏ လက်ယာ ကူမင်တန်အုပ်စုတို့ တိုက်ခိုက်ခဲ့ကြပြီး လက်ဝဲတရုတ်နိုင်ငံနှင့် လက်ယာ တရုတ် တိုင်ပေဆိုပြီး ကွဲသွားခဲ့ကြတာ၊ ကိုရီးယားနိုင်ငံအတွင်းမှာ လက်ဝဲ၊ လက်ယာအုပ်စုများ တိုက်ခိုက်ခဲ့ကြပြီးတောင်၊ မြောက်နှစ်နိုင်ငံကွဲသွားခဲ့ကြတာ၊ ဗီယက်နမ် နိုင်ငံမှာလည်း အလားတူပြဿနာများ ဖြစ်ပွားခဲ့ပြီးတောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ်ဆိုပြီး ကွဲသွားခဲ့ကြတာများအပြင် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်များမှာ  လည်း လက်ဝဲ၊ လက်ယာ ပြဿနာများ ရှိခဲ့ကြသည်ကိုတွေ့ရမှာဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများအနက် ထိုင်း နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှာ လက်ဝဲ၊ လက်ယာပြဿနာ ကြီးမားစွာ ဖြစ်ပေါခဲ့ခြင်းမရှိပါ။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရသည့်အခါ ဆိုရှယ်လစ်ဆန်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ပြည်တွင်းသောင်းကျန်းသူ အနည်းငယ်ရှိသော်လည်း ယခုချိန်ထိ ကြီးမားသည့် ပြဿနာမရှိခဲ့ပါ။ ထိုင်းနိုင်ငံသည် ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ဘဲ အရင်းရှင်အုပ်စုနှင့် သဟဇာတဖြစ်အောင် နေနိုင်ခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးနေသည့်အတွက် ကြီးမားသည့်ပြဿနာမရှိခဲ့ပါ။ ထို့အပြင် အနောက်အုပ်စုအမေရိကန်၏ မဟာမိတ်ဖြစ်သော်လည်း လက်ဝဲအင်အားကြီးတရုတ်နိုင်ငံနှင့် နိုင်ငံခြားနေသည့် အတွက်လည်း လက်ဝဲလက်ယာ၏ ကြီးမားသည့်ပြဿနာများ မခံခဲ့ရခြင်းလည်း ဖြစ်ပါသည်။
    လက်ဝဲအင်အားကြီး ဆိုဗီယက်နှင့် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု၏ စစ်အေးတိုက်ပွဲဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားချိန်မှာ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုကြပါသည်။ သို့သော် ဆိုဗီယက်ပြိုကွဲပြီးနောက်မှာတော့ အင်အားကြီးရုရှားကို ထိန်းချုပ်ဖို့အတွက် ထိုဆိုဗီယက်ပြည်ထောင်စုအတွင်းမှ ခွဲထွက်လာသည့် နိုင်ငံများကို အနောက်အုပ်စုက နည်းမျိုးစုံဖြင့် သိမ်းသွင်း စည်းရုံးခဲ့ကြသည့်အတွက် ရုရှားနှင့် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုဟာ ယခုအခါမှာ စစ်မဖြစ် ရုံတမယ် အခြေအနေထိဖြစ်လာနေတာ တွေ့ရမှာဖြစ်ပါသည်။
    တရုတ်နိုင်ငံနှင့်ပတ်သက်၍ လက်ယာယိမ်း ချန်ကေချိတ်အုပ်စု ရှုံးနိမ့်ပြီး တရုတ်ပြည်မကြီးထဲက ထွက်ခွာသွားပြီးနောက်မှာ အစပထမပိုင်းတွင် ချန်ကေရှိတ်တို့ ပြန်လည်သိမ်းပိုက်အခြေချနိုင်ရေး အမေရိကန် တို့ကြိုးစားခဲ့ကြပါသည်။ မဖြစ်နိုင်တော့သည့်အခြေအနေတွင် အမေရိကန်သည် ချန်ကေရှိတ်၏ ထိုင်ဝမ်အုပ်စုကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး တရုတ်နိုင်ငံ၏ပင်လယ်ထွက်ပေါက်များကို ပိတ်ဆို့ထားခဲ့ကြပါသည်။ ထိုင်ဝမ်တွင် အမေရိကန်အနေဖြင့် ခြေကုပ်ရယူထားပြီး အချိန်မရွေး တရုတ်နိုင်ငံကိုထိုးစစ်ဆင်နိုင်သည်အထိ ပြင်ဆင်ထားသည်ကို တွေ့ရမှာဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်အပြီး ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများအရ ကမ္ဘာ့အရှေ့ဘက်ခြမ်းတွင် အနောက်အုပ်စု၏ အဓိက ရန်သူသည် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားတို့ပဲ ဖြစ်ကြပါသည်။
    တရုတ်နိုင်ငံ၏ အရှေ့ဘက်ထွက်ပေါက်သည် ပင်လယ်ပြင်တိုက်ရိုက်ရရှိထားသည့်အတွက် ထိုဒေသမှာ ဖြစ်ပွားသည့်ပြဿနာဟာ ပုံစံတစ်မျိုးဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အနောက်ဘက်သည် ကုန်းတွင်းပိတ်ဖြစ်နေပြီး ပင်လယ်ထွက်ပေါက်မရှိပါ။ ထို့ကြောင့် အနောက်ဘက် ပင်လယ်ထွက်ပေါက်ရရှိရေးဆိုလျှင် မဖြစ်မနေ မြန်မာနိုင်ငံကို ဖြတ်ကိုဖြတ်ရမှာဖြစ်ပါသည်။ ထို့အပြင်  တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံဟာ ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသည့်အတွက် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်မည့်ကိစ္စရပ်များကို ဟန့်တားနိုင်စေဖို့အတွက်လည်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက်စိတ်ချရဖို့ လိုပါသည်။ ကူမင်တန်အရေးအခင်းတွင် မြန်မာနိုင်ငံမှာခြေကုပ်ယူပြီး အမေရိကန်အကူအညီဖြင့် ပြန်လည်တိုက် ခိုက်ဖို့ ကူမင်တန်တို့ ပြင်ဆင်ကြိုးစားခဲ့ကြသည်ကို လက်တွေ့ကြုံခဲ့ရပြီးဖြစ်သည့်အတွက် အနောက်တံခါး ကိုတရုတ်တို့ ပိုမိုဂရုစိုက်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါသည်။ ထိုသို့ အဝင်ရော၊ အထွက်ပါ အရေးပါနေသည့်အတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူ ဟာအရရော၊ နည်းဗျူဟာအရပါ အလွန်အရေးကြီးသည့် နိုင်ငံဖြစ်ပါသည်။ ထိုပထဝီအနေအထားအရ အမေရိ ကန်အနေဖြင့်လည်း တရုတ်နိုင်ငံ၏ အနောက်ဘက် တံခါး ကိုပိတ်ဆို့ထားဖို့၊ လိုအပ်ပါက ထိုနေရာမှဝင်နိုင်ဖို့အတွက် ခြေကုပ်လိုကိုလိုပါသည်။ ထိုခြေကုပ်သည်  မြန်မာနိုင်ငံကလွဲ၍ တခြားမရှိပါ။
    မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီ ဗြိတိသျှလက်ထက်မှာပင် လက်ဝဲ၊လက်ယာအားသန်သည့် နိုင်ငံရေးသမားများရှိနေကြပြီဖြစ်ပါသည်။ အငြင်းအခုံများ၊ နေရာလုမှုများ၊ အာဏာလုမှုများ၊ နိုင်ငံရေးအုပ်စု အချင်းချင်း အကွဲအပြဲများ ရှိနှင့်နေပြီးသား ဖြစ်ပါသည်။ ထိုအခြေအနေများအရ နိုင်ငံရေးမှာအားလုံးပါဝင်နိုင်စေရန်၊ ဆင်းရဲချမ်းသာကွာဟမှုနည်းပါးစေရန်နှင့် ညီ ညွတ်ရေးကို ဦးစားပေးသည့်အနေဖြင့် လွတ်လပ်ရေးရသည့်အခါ လက်ဝဲယိမ်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုအခြေခံသည့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်ဟုမြင်ပါသည်။ သို့သော် တကယ်တမ်းလွတ်လပ်ရေးရသည့်အခါ လက်ဝဲစွန်းကွန်မြူနစ်နှင့် လူမျိုးရေးအစွန်းရောက် KNDO တို့၏ လက်နက်ကိုင်ပြဿနာများ ကို စတင်ခံစားခဲ့ရသည်ကို တွေ့ရမှာဖြစ်ပေသည်။  
    လက်ဝဲစွန်း ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ကွန်မြူနစ်ပါတီက ထောက်ပံ့မွေးမြူခဲ့ပြီး ကွန်မြူ နစ်နိုင်ငံဖြစ်စေဖို့အထိ စစ်ရေး၊ နိုင်ငံရေးအရ လူ၊ လက်နက်အင်အား ပံ့ပိုးပေးခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ လူမျိုးရေးကို အခြေခံသည့် KNDO ကို ယခင်ဗြိတိသျှ လက်ထက်ကပင်ရှိပြီးသား ဆက်ဆံမှုများအရ အမေရိ ကန်နှင့် အနောက်နိုင်ငံများက ငွေကြေးအထောက်အပံ့ လက်နက်အထောက်အပံ့၊ စစ်ရေးအထောက်အပံ့များကူညီပံ့ပိုးပေးခဲ့သည်ကိုတွေ့ရပြန်ပါသည်။ လွတ်လပ်ရေးရခါစမှာပင် မြန်မာနိုင်ငံ၏ စနစ်သည် လက်ဝဲမပြတ်သား၊ လက်ယာမပြတ်သားဖြစ်ခဲ့သလို နိုင်ငံခြားရေး မူဝါဒအရလည်း ကြားနေရေးမူဝါဒကိုသာ ကျင့်သုံးခဲ့သည့်အတွက် ထိုစဉ်အခါက ထိုးနှက်မှုသိပ်မကြီးထွားခဲ့ပေမဲ့ နှစ်ဖက်လုံး၏ နှစ်ခြိုက်မှုကိုတော့ရရှိခဲ့ခြင်းမရှိတာ ကိုတော့ တွေ့ရမှာဖြစ်ပါသည်။ ထို့အပြင် ပြည်တွင်းမှာ နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား မဆောင်ရွက်ခဲ့သည့်အတွက် ပြည်ပလက်ဝဲလက်ယာ သြဇာလွှမ်းမိုးမှုဟာ မြန်မာနိုင်ငံအတွင်းမှာ အမြစ်တွယ်လာ ခဲ့ခြင်းဖြစ်သည်ဟုမြင်ပါသည်။

    ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီး နောက်မှာ ကြားနေရေး မူဝါဒအရ လက်ဝဲလက်ယာ နှစ်ဖက်ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်သည့်အတွက် ပြည်တွင်း လက်ဝဲ၊ လက်ယာ လက်နက်ကိုင်အုပ်စုများ အမြစ်ပြတ်ခြင်းမရှိသော်လည်း အတန်အသင့် နည်းပါးသွားခဲ့ပြီး လက်နက်ကိုင်အင်အားစုများကို နယ်စပ်ဒေသများအထိ မောင်းထုတ်နိုင်ခဲ့ပေသည်။  သို့သော် ၁၉၆၇ခုနှစ် တရုတ်-ဗမာအရေးအခင်းနောက်ပိုင်း မှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး အဖုအထစ်ဖြစ်ပြီး ဆက် ဆံရေးဝေးကွာသွားခဲ့ပါသည်။ အနောက်အုပ်စုနှင့် ဆက် ဆံရေးပြေလည်နေသည့်အတွက် ဗကပတို့ နေ့ချင်း၊ ညချင်း အင်အားကြီးထွားလာပြီး ရှမ်းပြည်နယ် နယ်စပ်ဒေသများမှာ အခိုင်အမာစစ်စခန်းများတည်ဆောက်နိုင် ခဲ့သည်ကို သတိပြုရမှာဖြစ်ပါသည်။ 
    ၁၉၈၃ ခုနှစ်မှာ ဆိုရှယ်လစ်အစိုးရနှင့် တရုတ်နိုင်ငံတို့ဆက်ဆံရေးပြန်လည်ကောင်းမွန်လာ သည့်အချိန်မှာ တရုတ်ကွန်မြူနစ်ပါတီက ဗကပကိုအ ထောက်အပံ့များ ရပ်ဆိုင်းခဲ့ပြန်ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာ ဗကပပြိုကွဲပြီး တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့ရာမှ  ရှမ်းပြည်တစ်ခွင်လုံး အေးချမ်းလျက်ရှိခဲ့ပါ သည်။ တပ်မတော်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံရေး ခိုင်မာကောင်းမွန် သည့်အတွက် ထိုက်သင့်သည့်အေးချမ်းမှုနှင့် တိုးတက်မှု များရရှိခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ထိုကာလတစ်လျှောက်လုံးနီးပါး KNU နှင့်တိုက်ပွဲများဖြစ်ခဲ့သော်လည်း နိုင်နိုင်နင်းနင်း ရှိခဲ့ပါသည်။ အနောက်အုပ်စု၏ ထိုးနှက်ချက်အရ စီးပွားရေးပိတ်ဆို့မှု၊ ဝါဒဖြန့်တိုက်ခိုက်မှုများ ကိုကြုံတွေ့ခဲ့ရပေမယ့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ စီးပွားရေးအရ တိုးတက်မှု နှုန်းနှေးသော်လည်း ဖြည်းဖြည်းချင်းတော့ တိုးတက်မှုရှိ သည်ဟုဆိုရမှာ အမှန်ပင်ဖြစ်ပါသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရတက်လာသည့်အခါမှာ တရုတ်နှင့် ဆက်ဆံရေးကို လျှော့ချပြီး အမေရိကန်နှင့် အနောက်အုပ်စု ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားလာသည့်အခါ ရှမ်းမြောက်ဒေသများမှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည့် သာဓကသည် ပြည်တွင်းရေးသက်သက်ဟုဆို၍ ရနိုင်မည်မထင်ပါ။ AA လက်နက် ကိုင်အဖွဲ့ နေ့ချင်းညချင်း အင်အားကြီးထွားလာပြီး တည်ငြိမ်အေးချမ်းနေသည့် ရခိုင်ပြည်နယ်မှာ အခြေချလာခြင်းသည်လည်း တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါ။ တရုတ်-မြန်မာနယ်စပ်၊ ကြားခံနယ်မြေမှာရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားသည် အချိန်မရွေး အနည်းအများဖန်တီး၍ ရနိုင်နေခြင်းသည်လည်း ပထဝီ နိုင်ငံရေးအရ နိုင်ငံခြားရေးမူဝါဒအပေါ်တွင် သက်ရောက်မှုရှိပေလိမ့်မည်ဟု ယူဆပါ သည်။

    ခေတ်စနစ်တွေ၊ အင်အားတွေ၊ အခြေအနေတွေ တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီးသည့်နောက်မှာ တရုတ်နှင့်လည်း ချစ်ကြည်ရေးမပျက်အောင်၊ အမေရိကန်နှင့်လည်း ရန်မဖြစ်ရအောင် နှစ်ဖက်ခွဆက်ဆံမည့် ဆက်ဆံရေးမျိုး ဖန်တီးနိုင်ဖို့ဆိုတာ အတော်ပင် ခက်ခဲပါလိမ့်မည်။ ထိုသို့ဖန်တီးမည်ဆိုလျှင်လည်း ကိုယ့်ပြည်တွင်းညီညွတ်မှုနှင့် အင်အားတောင့်တင်းမှသာဖြစ် နိုင်ပါလိမ့်မည်။ အဝေးကိုမျှော်နေမည့်အစား အနီးမှာ ရှိသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာသည်ထက်ခိုင်မာအောင်တည်ဆောက်သည်က ပိုကောင်းပါလိမ့်မည်။ ပြီးမှ နောက်တစ်ဆင့်တက်ရမှာပါ။

ဇော်နိုင်
( TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၄၉)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42874

© 2022 - 2025 News. All Rights Reserved.