၂၀၂၄ စက်တင်ဘာ ၅
အမေရိကန်နိုင်ငံ Time Square ရင်ပြင်တွင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တည်ဆောက်ထားသော ဇာတ်ခုံကြီးတွင် "တစ်သံတည်းညီ တစ်ချီတည်းရုန်း" တော်လှန်ဇာတ်ပွဲကြီးဟူသော ရွှေရောင်ဖောင်းကြွစာလုံးကြီးက ပိတ်ကားအနီရောင်ထက်တွင် လှလှပပတင့်တယ်နေသည်။ထိုရင်ပြင်ကြီးက ဘာအတွက်ထားရှိမှန်း မသိသော်လည်း ကမ္ဘာအရပ်ရပ်က တော်လှန်လိုသူတွေကတော့ ထစ်ခနဲရှိရင် ရင်ပြင်ကြီးဆီအရောက်သွားပြီး အော်ကြဟစ်ကြ ဆန္ဒပြကြလေသည်။ ယခုလည်း မြန်မာ့တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဇာတ်ခုံပေါ်တက်ကာ တော်လှန်ရေးရန်ပုံငွေပွဲ ကပြဖျော်ဖြေမှာ ဆိုတော့ ပြည်ပရောက် တော်လှန်ပြည်သူတွေ ရင်ပြင်ထဲ စုရုံးရောက်ရှိလာကြသည်။ ဘယ်ရောက် ရောက် မြန်မာနိုင်ငံသားဆိုတော့လည်း ဇာတ်ပွဲဆိုရင် မိဘဘိုးဘွား လက်ထက်က ဖျာတစ်ချပ်ဝယ်ပြီး မိသားစုလိုက် မိုးလင်းပေါက်ကြည့်ကြသည်ကို အမှတ်တရ ရှိနေတတ်ကြသည်။ ဒါကိုအမှီပြုပြီး တော်လှန်ရေးခေါင်းဆောင်ကြီးတွေက တော်လှန်ရေး ရန်ပုံငွေပွဲဆိုပြီး တော်လှန်ဖျာတစ်ချပ် ဘယ်လောက်၊ တော်လှန်ဘူးသီးကြော်သည်၊ တော်လှန် ကောက်ညှင်း ကျည်တောက်သည်၊ တော်လှန်ပြောင်းဖူးပြုတ်သည်၊ တော်လှန် ကရေကရာသည် စသဖြင့် မြန်မာ့နည်း မြန်မာဟန်ကို အပြည့်အ၀ ပုံဖော်ထားကြလေသည်။
အမေရိကန်စံတော်ချိန် ည ၉ နာရီအတိတွင် တော်လှန်ဇာတ်ပွဲ စတင်လေတော့သည်။ သဘင်ထုံးစံအတိုင်း သမားစဉ်အရ ဘုရားကန်တော့ခန်း၊ အပျိုတော် ယိမ်းအစပျိုးကာ ပရိသတ်အများ စုမျှော်နေသော အငြိမ့်ခန်းက ရောက်လာလေတော့သည်။ တောင်ရှည်ပုဆိုး အနီကြီး ဆင်တူဝတ်ကာ လူရွှင်တော်လေးဦး လက်အုပ် ကလေးချီကာ ပရိသတ်ရှေ့ကို စတင်ထွက်လာလေတော့သည်။
"သဘောတွေ့ တောဓလေ့ရယ်က အစုံစုံ..။
ပန်းရဂုံ လျှမ်းထုံ ဖွေးတာက
နန်းအဘုံ စွမ်းကုန်မွှေးသည်လေ
သွေးလှလှ ပဒက်စုံ...
ရေတံခွန် ကျောက်လွှာဘက်ဆီက
ရွှေအဖော် ပဒက်ငယ်တို့
မြှောက်ကာယှက်သွယ် ချစ်ကြိုးမျှင်တန်းတယ် လေ...လန်းကြွကြွတစ်နေကုန် ဖြေမကုန်တဲ့ ရှုတင်တည် စစ်ဝတ်စုံ ဓာတ်ပုံရိုက်ပါတဲ့ မဲဆောက်တောခင်း..။
မလွယ်ပါဘူးကွယ်
ရွယ်ရည်စူးတစ်ခါ အိမ်အပြန်လမ်းကိုဖြင့်..
တွယ်ကြည်နူးစရာမပျက် ထပ်တမ်းတတယ်ကွယ်
လွမ်းဆင့်ကယ်ညှင်း ဟင်းဟင်း.."ဟုဆိုကာ ခွန်းထောက်ဆိုကာ စဖွင့်လိုက်လေရာ တော်လှန်ပြည် သူတွေ လက်ခုပ်လက်ဝါးတီးကာ အားပေးကြလေတော့ သည်။
"ခွန်းထောက်တော် စာပမာဏနဲ့ စသွားတာက မြင်ရာခိုးတဲ့ ဇဝေစိုးလားကွ"
"ဟုတ်ပါတယ် ကိုမြင်းကိုယ်နိုင်ရေ"
"ဟော့ဒီဘက်က ကိုရီမူးလားဗျ"
"ဟုတ်ပါတယ် ကိုလချီးလှရေ"
"ကဲ ကျုပ်တို့တွေ မိတ်ဆက်ပြီး စကားတွေ ပြောနေတာထက် အလုပ်နဲ့ သက်သေပြကြဦးစို့ဗျာ"
ထုံးစံအတိုင်း တော်လှန်ပြည်သူတွေအတွက် တော်လှန်သံချပ်ကလေးနဲ့ စလိုက်ရအောင်ဗျာ ဟုဆိုကာ သံလင်ပန်းကြီးကိုင်ထားသော လူရွှင်တော် ဇဝေစိုးက ဦးဆောင်ကာ "မော်တော်ပီကယ်ကို ကိုတွေ လမ်းပေါ်ထွက်တာ"ဟု တိုင်ပေးလိုက်ရာ နောက်မှ လူရွှင်တော်သုံးဦးက "အလှူခံဖို့ ဖလားကြီးနဲ့"ဟု သံချပ်တိုင်လေတော့သည်။
"တို့တစ်တွေ အမေရိကားထွက်တာ"
"အလှူခံဖို့ဖလားကြီးနဲ့"ဟု သံချပ်တိုင်လေရာ လူရွှင်တော်ဇဝေစိုးက သံလင်ပန်းကြီးဖြင့် တဗန်းဗန်းရိုက် တော့သည်။ "ဟာ...ဒီကောင်တွေ တို့တစ်တွေ အမေ ရိကားထွက်တာလို့ ငါကတိုင်ရင် မပြီးသေးဘူး ငါတို့ အလှည့်ဆိုပြီး လိုက်ရမှာကွ"ဟု ပြောလိုက်လေသည်။
"တို့တစ်တွေအမေရိကားထွက်တာ"
"မပြီးသေးဘူးငါတို့အလှည့်"
"အလှူခံတဲ့ငွေကြေးတွေ အိမ်ဝယ်၊ ကားဝယ် စွပ်စွပ်စွဲစွဲ"
"မပြီးသေးဘူးငါတို့အလှည့်"
ဗန်းဗန်း ဟူသောအသံဖြင့် ကျန်လူရွှင်တော် သုံးယောက်ခေါင်းကိုရိုက်ကာ အိမ်ဝယ်၊ ကားဝယ်စွပ် စွပ်စွဲစွဲဆိုရင် မင်းတို့က "သူခိုးဆိုတာ ချိုနဲ့လားဟေ့"ဆိုပြီး ပြန်မေးခွန်းထုတ်ပြီး လိုက်ရမှာ လေ ကဲကဲပြန် စမယ်"ဟု ဆိုလိုက်လေသည်။
"အလှူခံတဲ့ငွေကြေးတွေ အိမ်ဝယ်၊ ကားဝယ် စွပ်စွပ်စွဲစွဲ"
"သူခိုးဆိုတာ ချိုနဲ့လားဟေ့"
"၂၀၂၀ မဲခိုးတယ်ဆို"
"သူခိုးဆိုတာ ဂျိုနဲ့လားဟေ့"ဟု ဆိုလိုက်လေရာ လင်ပန်းစာမိကြလေတော့သည်။ "၂၀၂၀ မဲခိုးတယ်ဆို"လို့တိုင်ရင် "ဘယ်မှာလဲ စာရင်းဇယား"ဆိုပြီး လိုက်လေကွဟု ဆိုပြန်လေသည်။
"၂၀၂၀ မဲခိုးတယ်ဆို"
"ဘယ်မှာလဲ စာရင်းဇယား"
"ပရောဂျက်တွေဆွဲ အလှူခံတာ"
"ဘယ်မှာလဲ စာရင်းဇယား"
ဟာဒီကောင်တွေဟု အော်ဟစ်ကာ သံလင် ပန်းကြီးဖြင့် တတိယမ္ပိခေါင်းတွေရိုက်ကာ "ပရောဂျက်တွေဆွဲ အလှူခံတာ တောထဲက ကလေးတွေအတွက်ပဲ"ဆိုပြီး လိုက်ရမှာလေကွာဟု ဆိုပြန်လေသည်။
"ပရောဂျက်တွေဆွဲ အလှူခံတာ"
"တောထဲက ကလေးတွေအတွက်ပဲ"
"မျောက်ကျောက်ရောဂါ ဖြစ်နေပြီ"
"တောထဲက ကလေးတွေအတွက်ပဲ"ဟု သံချပ် အတိုင်အဖောက် မညီစွာဖြင့် တော်လှန်ပြည်သူ များကို ဟာသဖျော်ဖြေခဲ့ပြီးနောက် အငြိမ့်မင်းသမီး ပန်ပန်က ပုဝါနှစ်စ အသာချကာ ပရိသတ်ကို ကျောပေးထိုင်ရာမှ ထကာ :တော်ကြပါတော့ အစ်ကိုတို့ရယ် အပြောတွေရပ်ပြီး အလုပ်နဲ့သက် သေပြကြပါစို့"ဟု ဟာသအရွှန်း ဖောက်ခြင်းကို သမားစဉ်နဲ့အညီ တားလိုက်လေသည်။ "အစ်ကိုတို့ရေ ကျွန်မတို့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အလှူခံနေတာကို တချို့က စာရင်းစစ်ရှိလား၊ အလှူငွေတွေ စာရင်းစစ်ချင်တယ်ဆိုပြီး ပြောလာကြတော့ ပန်ပန်က ခုလိုသီချင်းလေးနဲ့ ဖျော်ဖြေ လိုက်ပါရစေ"ဟု မင်းသမီးဟန်ပန်ဖြင့်ပြောလေရာ လူရွှင်တော်တစ် သိုက်က "ကြားပါရစေ သမီးရေ"
"နာမည်ကျော်ရင် သူခိုးကြီးတွေ ဝိုင်းနေတတ် တယ်...တကယ်သူခိုးမို့ ခိုးတဲ့လူတော့ မမေ့နဲ့မောင်ရယ်"
"နာမည်ကျော်ရင် သူခိုးလေးတွေဝိုင်းနေတတ် တယ်...တကယ်သူခိုးမို့ ခိုးတဲ့လူတော့ မမေ့နဲ့မောင်ရယ်"
"မိပန်သိတာပြောထားမယ် ဆင်ခြင်ပါမောင်ရယ်"
"မောင်ခိုးလေရာ တကောက်ကောက်လိုက် မကြည့်ပေမယ့် မျက်လုံးလေးတွေ ထောင်နဲ့၊ သောင်းနဲ့ မောင့်အပါးမှာ ကြည့်နေကြမယ်"
"နုကြည်လက်နက်ဆိုတာ အလှူခံဖလားပါ မောင်ရယ်"
"မခွဲသာအစဉ်ပြောတယ် မလွှဲသာရင်ပြောကွယ် လူတကာမြင်အောင် အစဆွဲမယ် ပန့်ကို ဘယ်သူ မှ မစစ်ရပါဘူးကွယ်"
နာမည်ကျော် ဆိုင်းတေးသီချင်းဖြစ်သည့် "မောင့်ကို ဘယ်သူမှမချစ်ရပါဘူးကွယ်" သီချင်းအလိုက်ဖြင့် "ပန့်ကိုဘယ်သူမှမစစ်ရပါဘူးကွယ်" ဟု ဆိုတီးကလိုက်ရာ ပရိသတ်လက်ခုပ်လက်ဝါးတီး အားပေးနေကြချိန်တွင် လူရွှင်တော်လေးယောက်ဖြစ်သည့် ဇဝေစိုး၊ ကိုမြင်းကိုယ်နိုင်၊ ကိုရီမူး၊ ကိုလချီး လှတို့ကလည်း ဖလားကိုယ်စီကိုင်ကာ ပရိသတ်ကြားထဲသို့ဝင်ကာ အလှူခံကြလေတော့သည်။
အငြိမ့်ခန်းပြီးလေရာ ဇာတ်ခုံထိပ် အော်လံ ကြီးမှနေ၍ အယ်ကိုးသံကြီးဖြင့် "ရွှေပွဲလာ ဧည့်ပရိသတ်ကြီးကို ထပ်မံဖျော်ဖြေမှာကတော့ ပြဇာတ်ဖြစ်ပြီး ဇာတ် ညွှန်း နုကြည်ရဲ့ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်၊ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ် ဟယ်ဟယ်"ဟု ကြေညာလေ တော့သည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )