၂၀၂၄ ဒီဇင်ဘာ ၂၂
ကျွန်တော်တို့ခေတ်ရဲ့ စာကောင်းပေမွန်အရေးနိုင်ဆုံး အမျိုးသမီးစာရေးဆရာတွေထဲမှာ ဆရာမကြီး လူထုဒေါ်အမာဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ လူထု ဒေါ်အမာဟာ အသက် (၂၀) ကျော်အရွယ် တက္ကသိုလ် ကျောင်းသူဘဝကတည်းက စာရေးလာလိုက်တာ အသက် (၉၃)နှစ်အရွယ် ကွယ်လွန်ခါနီးအထိပါပဲ။ ၁၉၃၈ ခုနှစ်ထုတ် 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' ဘာသာပြန်စာအုပ်ကနေ ၂၀၁၁ ခုနှစ်ထုတ် 'ကျွန်မရေးတဲ့ သူ့ဘ၀ လူထုဦးလှ' အထိ နှစ်ပေါင်း ၇၀ ကျော် အတွင်း စာအုပ်ပေါင်း ၄၅ အုပ်ရေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေး၊ အနုပညာ၊ ယဉ်ကျေးမှု၊ အတ္ထုပ္ပတ္တိ၊ ဘာသာရေး၊ ခရီးသွားစာပေ စသည်ဖြင့် အကြောင်းအရာစုံကို ထဲထဲဝင်ဝင် ရေးသွားခဲ့တာပါ။
ရေးခဲ့သမျှ စာအုပ်တွေထဲက မှတ်မှတ်ရရဖြစ်ရတဲ့ အကြောင်းအရာတွေကို 'ကျွန်မရေးတဲ့ စာအုပ်များထဲက ...'ဆိုတဲ့ အမည်နဲ့ ၂၀၁၁ နိုဝင်ဘာမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာမကြီးရဲ့ အသက် (၉၆)နှစ် ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တာပါ။
'ဒီစာအုပ်မှာ သူကိုယ်တိုင် မွေးဖွားထုတ်လုပ်လိုက်တဲ့ စာအုပ်ပေါင်းများစွာထဲက အထင်ကရ စာအုပ်များနဲ့ နောက်ခံသမိုင်းကြောင်းများ၊ ပဲ့တင်သံဂယက်များကို အမှတ်တရ ပြန်လည်ရေးသားထားတာဖြစ်တဲ့အတွက် စာကောင်းပေမွန်တစ်အုပ် သန္ဓေတည် မွေးဖွားလာဖို့အတွက် ဘယ်လောက်ထိအောင် အဆင်းရဲခံကြိုးပမ်းခဲ့ရ၊ လုံးပန်းခဲ့ရတယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုအနုပညာကို လေးစားမြတ်နိုးကြတဲ့ နောင်လာနောက်သားများနဲ့ စာပေဝါသနာရှင်များအတွက် လမ်းပြမီးရှူးတန်ဆောင်သဖွယ် ဖြစ်စေမယ်လို့ ယုံကြည်မိတဲ့အတွက် လက်ရွေးစင်ဆောင်းပါးများကို စုပေါင်း ထုတ်ဝေလိုက်ပါတယ်'လို့ အမှာစကား ဆိုထားပါတယ်။
ဆရာမကြီး လူထုဒေါ်အမာတို့ စာပေမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်ဆိုတာ စာဖတ်ပရိသတ်အပေါ် စေတနာကြီးကြီးထားပြီး ဝီရိယကြီးကြီးထားကာ ကြိုးစားခဲ့ကြလို့ပါ။ လူထုဒေါ်အမာရဲ့ အောင်မြင်ကျော်ကြားလှတဲ့ 'ပြည်သူချစ်သော အနုပညာသည်များ'ကို ဘယ်လိုရေးခဲ့သလဲဆိုတာ ကြည့်ပါ။
'ကျွန်မအလုပ်ချိန်က တစ်နေ့ကို မနက် ၈ နာရီကစပြီး ည ၁၁ နာရီအထိပါ။ ဒီအတွင်း ထမင်းစားတာနှစ်ခါ၊ ကော်ဖီသောက်တာ တစ်ခါ၊ ရေချိုးတာ တစ်ခါပဲ စားပွဲကခွာရပါတယ်။ ကျန်အချိန်တွေမှာ စားပွဲမှာပဲ ရှိပါတယ်။ သတင်းစာအတွက် တစ်ခုမဟုတ်တစ်ခု ရေးပေးလုပ်ပေးနေရတယ်။ ဒါမှမဟုတ် ရေဒီယို နားထောင်နေရတယ်။ ဒါမှမဟုတ် စာဖတ်နေရတာပါ။ ဒီကြားထဲက 'ပြည်သူချစ်သော အနုပညာသည်များ'ကို ရေးခဲ့တာပါ။' (စာ-၃၂)

ဒီစာအုပ်မှာ (၁) မင်းသမီးလေး မထွေးလေး၊ (၂) မြခြေကျင်း မငွေမြိုင်၊ (၃) ကောလိပ်စိန်၊ (၄) လေဘာတီမမြရင်၊ (၅) စိန်ဗေဒါကြီး၊ (၆) ရုပ်သေးမင်းသမီး ကြီး ဆရာပု၊ (၇) မြို့မငြိမ်း၊ (၈)နန်း တော်ရှေ့ဆရာတင်တို့အကြောင်း လက်ကုန်နှိုက်ပြီး ရေးထားပါတယ်။ စာအုပ်က လွိုင်ရှစ်ချိုးဆိုဒ်နဲ့ စာမျက်နှာ ၄၇၀၊ ရောင်းဈေးက ငါးကျပ် (အဲဒီခေတ်မှာ ဈေးကြီးတဲ့ စာအုပ်စာရင်းဝင်)၊ ဖြစ်ချင်တော့ စာအုပ်ထွက်ရက်မှာ တစ်ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေ တရားဝင် သုံးစွဲခွင့်မရှိဘူးလို့ ကြေညာလိုက်ချိန်နဲ့ တိုက်ဆိုင်နေတယ်။ လူတွေလက်ထဲ ငွေခက်ခဲနေပေမယ့် ဒီစာအုပ်ရေ ၃၅၀၀ ဟာ ရက် ၄၀ အတွင်း ပြိုက်ခနဲ ကုန်သွားတယ်။ စာဖတ်ပရိသတ်ဆီက ပေးစာတွေလည်း အများကြီး ရောက်ရှိလာတယ် ဆိုပါတယ်။
'စာတွေထဲမှာ ကျွန်မ အမှားကို ပြင်တာ၊ လိုသေးတာကို ဖြည့်စွက်တာ၊ မေ့နေတာလေးတွေကို ဖော်ပေးတာ၊ အကြံဉာဏ်ပြုတာတွေလည်း ပါတယ်လေ' (စာ-၃၅)
မှားတာကို ပြင်၊ လိုတာကိုဖြည့်ပြီး ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေပါတယ်။ အမှားပြင်၊ လိုတာဖြည့်တယ်ဆိုတာ ပညာပြည့်၀ နှလုံးလှသူတွေသာ လုပ်နိုင်တာပါ။ ဒီမှာဘက်ခေတ်မှာ မှားနေတာတွေ၊ လိုနေတာတွေကို ဘယ်လိုပင် ဝေဖန်ထောက်ပြသော်လည်း မပြုပြင်ဘဲ အမှားကြီးအတိုင်း ဒုန်းစိုင်းနေကြတဲ့ အမည်ခံပညာရှိတွေ များလှပါတယ်။ အနုပညာသည်ကြီးတွေနဲ့ပတ်သက်ပြီး ဆရာမကြီး လူထုဒေါ်အမာရဲ့ မှတ်ချက်က ...'ပြောစ မှတ်နဲ့ ပြီးဆုံးမသွားသင့်ပါဘူး။ ရေးစမှတ်လည်း ပြုရမှာပါ}တဲ့။
ယောက်ျားမင်းသမီးကြီး အောင်ဗလ အကြောင်း အလွန်ခက်ခဲပင်ပန်းစွာ ရေးခဲ့ရပါတယ်။ အောင်ဗလရဲ့ဇာတိ ဆင်ဖြူကျွန်းအထိ သွားရတယ်။ သူ့မိန်းမ မသဲနုရဲ့ဇာတိ ခရမ်းသုံးခွနားက ညောင်လေးပင်ရွာအထိ သွားရတယ်။ လူတွေနဲ့ တွေ့ဆုံမေးမြန်း၊ အချက်အလက် ရှာဖွေမှတ်သားရတယ်။ အောင်ဗလရဲ့ ဓာတ်ပြားဟောင်းတွေ စိတ်ရှည်ရှည် ပြန်ဖွင့် ရေးကူးရတယ်။ တော်ရုံစေတနာနဲ့ ဒီလိုမ လုပ်နိုင်ပါဘူး။ လူထုဒေါ်အမာဟာ ယဉ်ကျေးမှု အနုပညာအကြောင်း ပြောရာမှာ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးနောက်ခံကားကို ဘယ်တော့မှ မေ့ချန်မထားခဲ့ဘူး။ ဒီသဘောကို 'ရွှေရိုးဘကလေး' အကြောင်း ဆောင်းပါးမှာ ထင်ရှားစွာ တွေ့ခဲ့ရပါတယ်။
'ဆရာဦးဘကလေးဟာ မြန်မာစာနယ်ဇင်း လောကမှာ ၁၉၀၅ ခုနှစ်ကစပြီး ကာတွန်းတွေ ရေးခဲ့တယ်။ ၂၅ နှစ်လောက်ကြာအောင် သူ့လက်ရာတွေ စာနယ်ဇင်းတွေမှာ ရှိခဲ့တာမို့ ကျွန်မရေးခဲ့တုန်း ကကိုပဲ နှစ် ၃၀ လောက်အရင်က စာအုပ်ဇင်းတွေမှာ ခြေရာခံရတာမို့ အဆမတန် ကြိုးကြိုးစားစား လုပ်ခဲ့ရပါတယ်။' (စာ-၆၄)
ဦးဘကလေးလိုလူမျိုး နှစ် ၅၀ နေလို့ တစ်ယောက်မမွေးဘူး။ ကယ်ရီကေးချားခေါ်တဲ့ ရုပ်ပြောင်ပုံတူမှာ ဦးဘကလေးကို မီသူတစ်ယောက်မှ မပေါ်ပေါက် သေးဘူးလို့ဆိုထားပါတယ်။ ဦးဘကလေးကံကောင်းတာကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးက လက်တွဲခေါ်ဆောင်ခြင်း ခံရတာပါပဲ။ ဦးဘကလေးတို့ခေတ် ၁၉၃၀ တစ်ဝိုက် နိုင်ငံရေးနောက်ခံကားဟာ ကုလား-ဗမာ အဓိကရုဏ်းကြီးကနေ ဆရာစံလယ်သမား အရေးတော်ပုံအထိ အလွန်ပင်လှုပ်လှုပ်ခတ်ခတ် ရှိလှပါတယ်။ ငလျင်စတဲ့ သဘာဝဘေးဆိုးကြီးတွေ၊ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့ပုံတွေကိုပါ မှတ်စုမှတ်ရာနဲ့ ဖော်ပြပြီး ဦးဘကလေးရဲ့ အနုပညာဂုဏ်ရည်ကို အမွှမ်းတင်နိုင်ခဲ့ပါတယ်။ ဦးဘကလေးဟာ ကာတွန်းရေးတာအပြင် ရုပ်ရှင်အနုပညာဘက်မှာလည်း ထူးချွန်သူဖြစ်တယ်။ 'တောမြိုင်စွန်းက လွမ်းအောင်ဖန်' ဇာတ်ကားမှာ ယနေ့တိုင် ရှင်သန်နေတဲ့ 'ဦးရွှေရိုး'ဇာတ်ရုပ်ကို တီထွင်ပေးခဲ့ပါတယ်။
ဦးဘကလေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်၊ ဇာတ်ညွှန်းရေး၊ စီစဉ်သူအဖြစ် တင်ဆက်ခဲ့တဲ့ 'ကြင်စဦး' ဇာတ်ကားဟာ ဝင်ငွေ သောက်သောက်လဲရခဲ့တဲ့ ဇာတ်ကားဖြစ်တယ်။ သတင်းစာတွေက မြန်မာ့ရုပ်ရှင်ဇာတ်ကားကို ချီးကျူးစကားရေးတာ ဒီကားဟာ ပထမဆုံးပဲတဲ့။ ဦးဘကလေးရဲ့ ရုပ်ရှင်သမားဘဝကို တင်ပြခြင်းဟာ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမ ၂၅ နှစ်ကို မှတ်တမ်းတင် လိုက်ခြင်း ဖြစ်ပါတယ်။ (စာ-၇၁)
နောက်တစ်အုပ် 'ရွှေမန်းတင်မောင်'ဟာလည်း ဆရာမကြီး လူထုဒေါ်အမာရဲ့ အောင်မြင်ကျော် ကြားလှတဲ့ စာတစ်အုပ် ဖြစ်ပါတယ်။ ပရိသတ်တုံ့ပြန်မှု အများဆုံးရခဲ့သလို ရွှေမန်းတင်မောင်ရဲ့ ဖွားရာဇာတိနဲ့ ပတ်သက်ပြီး ဝိဝါဒအကွဲဆုံး၊ အငြင်းခုံရဆုံးစာအုပ် ဖြစ်ပါတယ်။ လူထုဒေါ်အမာက သေချာအောင် ရွှေမန်းတင်မောင်ရဲ့ အစ်မအကြီးဆုံးနဲ့တွေ့ဆုံပြီး အချက်အလက်အမှန်ရအောင် ကြိုစားခဲ့ပါတယ်။ ရွှေမန်းတင်မောင် စာအုပ်အပေါ် တုံ့ပြန်ဝေဖန်တာတွေထဲမှာ လူထုဒေါ်အမာရဲ့ သားတစ်ယောက်ကိုယ်တိုင်က ဝေဖန်ထောက်ပြခဲ့ပုံဟာ ထူးခြားပါတယ်။
'ရွှေမန်းတင်မောင်ဟာ အမေရေးခဲ့တဲ့ လူတွေထဲမှာ လူအနေနဲ့ အမေနဲ့ အရင်းဆုံး၊ ပညာအနေနဲ့ အဝေးဆုံးဖြစ်ပါတယ်။ (အမေက ရွှေမန်းတင်မောင်ဇာတ်ကို အကြည့်နည်းလွန်းလို့)၊ လူအရ သိလွန်းပြီး ပုဂ္ဂိုလ်ရေး ချွတ်ယွင်းအားနည်းချက်တွေကို သိနေတာကလည်း တစ်ကြောင်း၊ ပညာရေး အရ ဝေးတာကလည်း တစ်ကြောင်းတို့ကြောင့် ဒီအရုပ်တွေကို ကိုင်တွယ်ရာမှာ စာရေးဆရာအနေနဲ့ အဟပ်ကွာတယ်လို့ ခံစားမိတယ်။' (စာ-၈၁)
'အငြိမ့်'(ပ၊ ဒု)နှစ်တွဲ စာအုပ်ကြီးကလည်း လူထုဒေါ်အမာမို့ ရေးနိုင်တာပါ။ အငြိမ့်သဘင်ကျဆုံးရခြင်းနဲ့ ပတ်သက်ပြီး ဒီလိုသုံးသပ်ထားပါတယ်။
'မြန်မာအငြိမ့်သဘင်ဟာ ဘုရင်မရှိတော့တဲ့ နောက်မှာ နှစ်တစ်ရာအတွင်း ပေါ်ထွန်းလာတဲ့ မြန်မာ့ သဘင်အသစ်တစ်ရပ်ပါ။ သူဖြစ်ထွန်းပုံက ကျွန်မတို့ မျက်စိအောက်မှာပဲ ဆိုကြပါစို့။ ဒါပေမဲ့ နိမ့်ကျသွား လိုက်တာကလည်း ကျွန်မတစ်သက်အတွင်းမှာပဲ ဖြစ်နေခဲ့ရတယ်။ အဲဒါဘာဖြစ်လို့လဲ သုံးသပ်တဲ့အခါ အငြိမ့်ရဲ့ အသက်ဟာ လူရွှင်တော်များ လွတ်လပ်စွာ ပြောကြတဲ့ ပြက်လုံးတွေ မဟုတ်လား။ အဲဒါတွေကို လွတ်လွတ်လပ်လပ် မပြောရတော့ သူ့အရည်အသွေးကလည်း လျော့ နည်းသွားတော့တာပေါ့။' (စာ-၉၃)
ဒီစာအုပ်ထဲမှာ အနုပညာရှင်တွေရဲ့အကြောင်းတွေအပြင် 'ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး'လို ဗုဒ္ဓဘာသာရဲ့ ဂုဏ်ယူဖွယ်အမွေအနှစ်ကို ဖော်ထုတ်တင်ပြထားတာ လည်း ဖတ်ခဲ့ရပါတယ်။
'မန္တလေးမြို့တည် နန်းတည် ဘုရင်ကြီးမင်းတုန်းမင်းက ပဉ္စမင်္ဂါယနာတင်ပြီးတဲ့နောက် ဘုရားဟောတဲ့ ပိဋကတ်တော်သုံးပုံကို မပျက်စီးမပျောက်ပျက်ရ အောင်ဆိုပြီး စကျင်က ကျောက်ဖြူပြားကြီးတွေပေါ်မှာ ကျောက်ထက်အက္ခရာတင်တယ်။ ပြီးတော့ သူ့ကုသိုလ်တော်ဘုရားကြီးရဲ့ ပရဝဏ်အတွင်းမှာ ကျောက်ပြား ပေါင်း ၇၂၉ ပြားကို တစ်ပြားစီ တစ်ပြားစီ အုတ်ခုံပေါ်မှာ စိုက်ထူပြီး ဂူပုထိုးတွေထဲမှာ ထားရှိလိုက်တယ်လေ။ အဲဒီတော့ ပိဋကတ်သုံးပုံ စာအုပ်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ အလေးဆုံး စာအုပ်ကြီးအဖြစ်နဲ့ တည်ရှိနေတော့တာပေါ့။' (စာ-၁၀၀)
'ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီး'နဲ့ ဆက်စပ်ပြီး 'ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်'ဆိုတဲ့ စာအုပ်ကိုလည်း သတိရမိပါတယ်။ ဒါပေမဲ့ 'ကျွန်မရေးတဲ့စာအုပ်များ...'ထဲမှာ မှတ်မှတ်ရရ ဖော်ပြမထား ပါဘူး။ ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်းတုတော်' စာအုပ်က ၁၉၉၆ ခုနှစ် နိုဝင်ဘာမှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့အတူ ပူးတွဲပုံနှိပ်ထားပါတယ်။ ဒီစာအုပ်မှာ စကျင်တောင်သားတို့ ရဲ့ဘဝ၊ ဘာသာစကား ဝေါဟာရ၊ စကျင်ကျောက်ဆိုင် ရာဗဟုသုတများ၊ ဘုရားထုလုပ်ပုံ၊ မန္တလေးတောင်ခြေအရောက် သယ်ဆောင်ပုံတွေကို စုံစုံစေ့စေ့ လေ့လာဖော် ပြထားပါတယ်။
ကျောက်တော်ကြီး ရုပ်ပွားတော်မြတ်ဟာ ဉာဏ်တော် ၁၈ တောင်နီးပါး (၂၇ပေ) ရှိတယ်။ အကွဲအအက်မပါတဲ့ ကျောက်ဖြူတုံးကြီးတစ်တုံးတည်းက ထုဆစ်ခဲ့တာမို့ ထူးခြားလှပါတယ်။ ဘုရားကြီး ထုလုပ်ပူဇော် ဖြစ်ပုံနောက်ကြောင်း ရာဇဝင်ကလည်း စိတ်ဝင်စားစရာ ပါ။
မင်းတုန်းမင်းနဲ့ ကနောင်မင်းတို့ဟာ ပုဂံမင်းကို ပုန်ကန်ပြီး မတ္တရာဘက်ကို ထွက်လာတဲ့အခါ ပုဂံမင်းရဲ့ တပ်သားတွေနဲ့ တိုက်ပွဲဖြစ်တယ်။ ပုဂံမင်းရဲ့ တပ်သားတွေ အရေးနိမ့်ပြီး ပြန်ဆုတ်သွားတယ်။ အဲဒီည မတ္တရာနားက စကျင်ရွာမှာ မင်းတုန်းမင်းတို့ ပုန်းအိပ်ခဲ့ရတယ်။ အဲဒီမှာ ဒီကျောက်တုံး ကြီး ရှိနေတယ်ဆိုတဲ့ သတင်းကြားသိရတယ်။ မင်းတုန်းမင်းဟာ ချက်ချင်းပဲ သစ္စာဆိုလိုက်တယ်။ သူမင်းအဖြစ် ရောက်လိုတာဟာ သတ္တဝါတွေ ချမ်းသာဖို့နဲ့ သာသနာစည်ပင်စေဖို့အတွက်ပါ။ ဒါမှန်သော သစ္စာစကားပါ။ ဒီသစ္စာကြောင့် မလွဲမသွေမင်းအဖြစ် ရောက်ပါစေသတည်း။ မင်းအဖြစ်ရောက်ရင် ဒီကျောက်တုံးကြီးကို ဘုရားရုပ်ပွားတော် ထုလုပ်ကိုး ကွယ်ပါမယ်လို့ သစ္စာအဓိဋ္ဌာန် ပြန်ခဲ့တယ်။ မင်းတုန်းမင်းဟာ ပုဂံမင်းကို အောင်နိုင်ပြီး ဘုရင် ဖြစ်လာတဲ့အခါ ပြုခဲ့တဲ့ သစ္စာအဓိဋ္ဌာန်အတိုင်း ဘုရားထုကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီသစ္စာအဓိဋ္ဌာန်အပေါ် ဆရာမကြီး လူထုဒေါ်အမာက ဒီလို ဝေဖန်သံသယ ရှိလာပြန်ပါ တယ်။
'ဗျာဒိတ်ပေး ကိုယ်တော်ကြီးကို ထုလုပ်ကိုး ကွယ်ပြီးလို့ ငါးနှစ်ကြာမှ ကျောက်တော်ကြီး ရုပ်ပွားတော်ကြီးကို မန္တလေးတောင်ခြေကို သယ်ယူကိုးကွယ်တာဖြစ်ပါတယ်။ ဒါကြောင့် မင်းတုန်းမင်း မင်းသားဘဝက သစ္စာဓိဋ္ဌာန်ပြီး ထားခဲ့ရိုးမှန်ရင် မင်းဖြစ်အပြီး ၁၂ နှစ်ကြာတဲ့အထိ စောင့်ဆိုင်းနေပါ့မလား ဆိုတာ သံသယဖြစ်စရာ ရှိနေပါတယ်။'
ဘုရားတည်ချိန် အနှေးအမြန်ကြောင့်တော့ သံသယ မဝင်သာပါ။ မင်းတုန်းမင်းကြီးမှာ ထီးနန်းတက်ပြီးလျှင်ပြီးချင်း ဖြေရှင်းရမယ့် တိုင်းရေး ပြည်ရေးတွေက များလှပါတယ်။ ပြီးတော့ ဘုရားတည်တယ်ဆိုတာ ကောက်ကာငင်ကာ တည်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။ အိမ်တစ်ဆောင်၊ ကျောင်းတစ်ဆောင် ဆောက်လုပ်ရာမှာတောင် အချိန်ကောင်း ရွေးရပါတယ်။ စပါးစိုက်ရာမှာတောင် သူ့အချိန် သူ့ရာသီကို စောင့်ရသေးရင် နှစ်ပေါင်းရာထောင်ချီပြီး တည်တံ့စေမယ့် ကိုးကွယ်ရာ၊ ပူဇော်ရာ ဘုရားတည်တဲ့ ကိစ္စမျိုးက ပိုပြီး အချိန်စောင့်ရတယ် (ဝါ) အချိန်ကောင်း ရွေးရတယ်လို့ ဆိုချင်ပါတယ်။ အချိန်ကောင်း အခါကောင်းနဲ့ အခြားသော အကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။
မင်းတုန်းမင်းဟာ ကျောက်တော်ကြီးဘုရား တည်ဖို့ ၁၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသလို ပုဂံခေတ် နရပတိစည်သူမင်းလည်း ရွှေကြက်ယက်ဘုရားပြုပြင်ဖို့ ၁၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ သာဓက ရှိပါတယ်။ သမိုင်းကြောင်း အကျဉ်းချုပ်က ဒီလိုပါ။ နရပတိစည်သူရဲ ကြင်ယာတော် ဝေဠုဝတီကို နောင်တော် မင်းယဉ်နရသိင်္ခ ဘုရင်က လိုချင်တယ်။ ညီတော်ကို ဥပါယ်တံမျဉ်နဲ့ စစ်ထွက်စေပြီး ဝေဠုဝတီကို သိမ်းပိုက်လိုက်တယ်။ နောင်တော်ဘုရင်ရဲ့ မတရားမှုကို ချေမှုန်းဖို့ နရပတိစည်သူဟာ ငဆောင်ချမ်း အပြန်မှာ ရွှေကြက်ယက်ဘုရားဝင်ဖူးပြီး သစ္စာအဓိဋ္ဌာန်ပြုတယ်။ ပေါင်းဖျင်တော်ကို ချွတ်ပြီး ဘုရားလှူစဉ်မှာ ဘုရားဆင်းတုတော်က ရုတ်တရက် အသက်ဝင်လာသလို ကိုယ်တော်ကို ညွှတ်လျပြီး အလှူခံတော်မူတယ်လို့ ဆိုပါတယ်။ ဒီသစ္စာအဓိဋ္ဌာန်အောင်မြင်လို့ မင်းဖြစ်တဲ့အခါ သက္ကရာဇ် ၅၄၇ မှာ ရွှေကြက်ယက်ကို ပြန်လာပါတယ်။ ဘုရင်ဖြစ်ပြီး ၁၁ နှစ်ကြာမှ ရွှေကြက်ယက်ဘုရားသို့ ပြန်ရောက်ကာ ရွှေထီးတော်အသစ် တင်လှူပူဇော်နိုင်ခဲ့ပါတယ်။ ဘုရားထီးတော်တင်ဖို့ ၁၁ နှစ်ကြာ စောင့်ဆိုင်း နေရကောင်းလားဆိုပြီး နရပတိစည်သူကို သံသယမဝင်သာပါ။
ဆရာမကြီး လူထုဒေါ်အမာဟာ မင်းတုန်းမင်းရဲ့ ကောင်းမှုတော် ကျောက်တော်ကြီး ဘုရားအကြောင်းပြောရင်း အမရပူရ ကျောက်တော်ကြီးဘုရားသမိုင်းကို အဆက်အစပ် မိမိနဲ့ ပြောပြပြန်ပါတယ်။
'ကျောက်တော်ကြီး မဟာသကျရံသီဘုရားရဲ့ အုတ်ပြဿာဒ်ဟာ နောက်တော့ ပြိုပျက်လို့တဲ့၊ ပုဂံမင်း က ၁၂၁၁ ခု ဝါဆိုလဆုတ် ၆ ရက် (၁၀-၇-၁၈၄၉)မှာ အင်းဝကနေပြီး အမရပူရကို ပင့်သွားတယ်။ အမရပူရကိုရောက်တော့ တောင်သမန်အင်းစောင်းမှာ ထားရှိပါတယ်။ ပြီးတော့ ပုဂံက အနော်ရထာမင်းရဲ့ ကောင်းမှု အာနန္ဒာလိုဏ်ဂူပုံစုံအတိုင်း အာနန္ဒာထက် နည်းနည်း ငယ်တဲ့ လိုဏ်ဂူတော်ကို တည်ဆောက်ပါတယ်။} (စာ-၂၂)
ပညာရှိ သတိဖြစ်ခဲဆိုသလို အလွဲအမှားတစ်ခုကို တွေ့လိုက်ရပါတယ်။ အင်မတန်ကျော်ကြား ထင်ရှားလှတဲ့ အာနန္ဒာလိုဏ်ဂူဘုရားကို 'အနော်ရထာမင်းရဲ့ ကောင်းမှု'လို့ လွဲလွဲမှားမှား ရေးသားဖော် ပြထားပါတယ်။ ပုဂံအာနန္ဒာဘုရားကြီးဟာ အများသိကြတဲ့အတိုင်း ကျန်စစ်သားမင်းရဲ့ ကောင်းမှုကု သိုလ်တော်ပါ။ လူထုဒေါ်အမာရဲ့ စာတမ်းကို သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာ သန်းထွန်းက အင်္ဂလိပ်ဘာသာ ပြန်ဆိုထားရာမှာ - A temple was built on the east honk of the taungthaman lake after the model of ananda (correct name Nanda)in Bagan built by kyan Sitha (1086-1113) လို့ တွေ့ရပါတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက လူထုဒေါ်အမာရေးတဲ့အတိုင်း 'အနော်ရထာမင်းရဲ့ ကောင်းမှု'လို့ ဘာသာမပြန်ပါဘူး။ ကျန်စစ်သားလို့ပဲ အမှန်အတိုင်း ဘာသာပြန်ပါတယ်။ သို့သော် လူထုဒေါ်အမာရဲ့မူရင်း မြန်မာလို အရေးအသားနဲ့ ဒေါက်တာသန်းထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန် ကွဲလွဲနေတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
'ပြည်သူချစ်သော အနုပညာသည်များ' စာအုပ်ထွက်စဉ်က စာဖတ်ပရိသတ်က ထောက်ပြတဲ့အမှားတွေကို ဆရာမကြီးလုထု ဒေါ်အမာက လေးလေးစားစား ပြုပြင်ခဲ့ပါတယ်။ ဘုရားသမိုင်းအမှားမျိုးက ပိုပြီး ပြုပြင်သင့်တယ်လို့ ထင်ပါတယ်။ စာရေးဆရာတွေမှာ သူတို့ ရေးခဲ့တဲ့စာအုပ်တွေအကြောင်း ပြန်ပြောင်းပြောပြစရာတွေ ရှိနေတတ်ပါတယ်။ ဆရာမကြီးလူထုဒေါ်အမာကလည်း သူရေးခဲ့တဲ့ စာအုပ်များထဲက မှတ်မှတ်ရရဖြစ်စရာတွေကို ပြန်ပြောပြထားတာ မှတ်သားအတုယူဖို့ ကောင်းတယ်လို့ ဆိုချင်ပါတယ်။ ( မြန်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )