အိုရှိုးရဲ့ ဖျက်အားပျင်းဒဿနနှင့် ဂန္ဒီဝါဒ အကြမ်းမဖက်ရေးလမ်းစဉ်

၂၀၂၄ စက်တင်ဘာ ၁၄

    ၂၀၂၄ ဇူလိုင်လထုတ်အဖြစ် ဆရာကက်စပါဇော် မြန်မာပြန်တဲ့ 'ပုန်းကွယ်နေတဲ့ သဟဇာတဖြစ်မှု' စာအုပ်ထွက်လာတယ်။ မူရင်းက အိန္ဒိယဒဿနဆရာကြီး ခေတ်သစ်ဂုရုကြီး အိုရှိုး (OSHO) ရေးတဲ့ The HIDDEN HARMONY ဖြစ်တယ်။ အိုရှိုးရဲ့ စာအုပ်အတော်များများ မြန်မာဘာသာပြန်ဆိုထားပြီး ဖြစ်ပါတယ်။ အိုရှိုးစာအုပ်တွေကို ဆရာအောင်သူရက အများဆုံး ဘာသာပြန်ခဲ့တာ ဖြစ်ပြီး ဆရာ အောင်မေဃကလည်း သုံး၊ လေးအုပ်လောက် ဘာသာပြန်ခဲ့တာ တွေ့ရတယ်။ ဆရာ ရဲထက်၊ ဆရာမ မလေးတို့ ဘာသာပြန်ထားတဲ့ စာအုပ်တွေလည်း ရှိတယ်။ ပြောရရင် အိုရှိုးဟာ မြန်မာစာဖတ် ပရိသတ်နဲ့ မစိမ်းတော့ပါဘူး။ ကျွန်တော့်ဆီမှာ အိုရှိုးဘာသာပြန် ၁၄ အုပ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာအုပ် နှစ်အုပ်ရှိတယ်။ အိုရှိုးစာအုပ်တွေဖတ်ပြီး ပြောနိုင်တာက အိုရှိုးဟာ ဒဿနကျင့်စဉ်အသစ်တစ်ခုကို ထူထောင်လိုတယ်။ ဒါကြောင့် ရှေ့ကရှိပြီး ခိုင်မာလွန်းတဲ့ ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ဘာသာတရားတွေကို ပြက်ရယ်ပြု တိုက်ခိုက်တာတွေ တွေ့ရတယ်။ အိုရှိုးရဲ့ဇာတိ အိန္ဒိယမှာဆိုရင် အိန္ဒိယအပေါ် ကျေးဇူးကြီးမားပြီး သြဇာညောင်းလှတဲ့ မဟတ္တမဂန္ဒီကြီးကိုပါ စုတ်ပြတ်နေအောင် တိုက်ခိုက်ဝေဖန်ထားတာ တွေ့ရပါတယ်။
    ၂၀၁၅ ဇွန်လမှာ အောင်မေဃ မြန်မာပြန်တဲ့ 'မဟတ္တမဂန္ဒီကို ဝေဖန်ခြင်း'(အိန္ဒိယ၊ ဂန္ဒီနှင့်ကျွန်တော်) ဆိုတဲ့စာအုပ်မှာ ဂန္ဒီကြီးအပေါ် မတော်မတရား ဝေဖန်ရေးသားထားတာတွေ တွေ့ရတယ်။ ၂၀၁၂ အောက်တို ဘာထုတ် ဆရာမ 'မလေး' မြန်မာပြန်တဲ့ နိုင်ငံရေးသတိ 'Beware of Socialism) မှာလည်း (ဂန္ဒီဝါဒ၊ အရင်းရှင် ဝါဒနှင့် ဆိုရှယ်လစ်ဝါဒ)ဆိုတဲ့ အခန်းတစ်ခန်းကို သီးသန့်ဖော်ပြထားရာ မဟတ္တမဂန္ဒီ အပေါ် အလွဲလွဲအမှားမှား အကဲဖြတ်ထားတာတွေ တွေ့ရပါတယ်။ မဟတ္တဂန္ဒီကို ဝေဖန်ခြင်းစာအုပ်က ကျယ်လွန်းတဲ့အတွက် 'နိုင်ငံရေးသတိ' စာအုပ်ထဲက အကျဉ်းသဘောဆောင်တဲ့ 'ဂန္ဒီဝါဒ'ကိုပဲ တုံ့ပြန် ဆွေးနွေးသွားပါမယ်။
    အိုရှိုးကို ၁၉၃၁ ခု ဒီဇင်ဘာ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာပရာဒေ့ရှ်ပြည်နယ် ကူချဝါဒါရွာကလေးမှာ မွေးတယ်။ ဂျာဘာယ်ပါးမှာရှိတဲ့ ဒီအင်ဂျိန်းကောလိပ်မှာ ဒဿနဗေဒကို အထူးပြု သင်ယူတယ်။ အသက် (၂၁)နှစ်မှာ ဉာဏ်အလင်းရတယ်လို့ မလေးက မိတ်ဆက်ပေးထားတယ်။ ဉာဏ်အလင်းရတယ်ဆိုတာ ဘုရားငယ်တစ်ဆူ ဖြစ်သွားတာလား၊ ဘယ်လိုကျင့်စဉ်တွေနဲ့ ပေါက်မြောက်အောင်မြင်သွားတာလဲ မေးစရာရှိလာပါတယ်။ မြန်မာပြည်မှာလည်း မိုးပြာမိစ္ဆာဝါဒ ဂိုဏ်းတည်ထောင်တဲ့ ရှင်ဉာဏတို့ ပေါ်ပေါက်ခဲ့ဖူးတယ်။ ဗုဒ္ဓဝါဒကပဲ မှားနေသယောင် အဓမ္မဝါဒဂိုဏ်းကို တည်ထောင်လို့ ထောင်ဒဏ်ကျခံရဖူးတယ်။ ဦးဉာဏရဲ့ မိစ္ဆာဝါဒ အဓမ္မဝါဒကိုလက်ခံပြီး သူ့ဆီမှာ တပည့်ခံခဲ့တဲ့ ပညာတတ်တွေ၊ သူဋ္ဌေးကြီးတွေ၊ အရာရှိကြီးတွေ ရှိနေတာ သတိပြုရပါမယ်။ ဗုဒ္ဓဘုရားရှင်ကို အန်တုဖက်ပြိုင် တစ်စင်ထောင်တဲ့ ဒေဝဒတ်မှာလည်း နောက်လိုက်အင်အားတွေရှိနေတာ သတိထားဖို့ လိုပါတယ်။ နောက်လိုက်အင်အားရှိတိုင်း ဝါဒအမှန်၊ ကျင့်စဉ်အမှန်လို့ မဆိုနိုင်ပါဘူး။ အိုရှိုးမှာလည်း နောက်လိုက်တပည့်တွေ အများကြီး ပေါ်ပေါက်လာတယ်ဆိုပါတယ်။)
    အိုရှိုးဟာ ရိုင်ပါး၊ ဆန်စခရစ်တစ်ကောလိပ်နဲ့ ဂျဘာလ်ပါးတက္ကသိုလ်မှာ ပါမောက္ခတာဝန် ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ အိန္ဒိယတစ်နိုင်ငံလုံးကို လှည့်လည်ပြီး လူထုတရားပွဲတွေလုပ်တယ်။ လူသားသတိမြှင့်တင်ရေးစခန်းတွေကို ၁၉၆၂ မှာ စတင်ဖွင့်လှစ် ပြီး သူ့တရားတွေကို ဟောတယ်။ တစ်နှစ်မှာ လေးကြိမ် ၁၀ ရက် အထူးတရားစခန်းဖွင့်တယ်။ ၁၉၇၀ ဧပြီမှာ    'တော်လှန်တဲ့တရားရှုနည်းဖြစ်တဲ့ စွမ်းအားမြင့်တရားရှုနည်း (Dynaunic Mditation)' ကို မိတ်ဆက်တယ်။ (စာ-၂၄ ရှု)။
    ၁၉၈၁ မှာ ခါးနာရောဂါကုသဖို့ အမေရိကကို ထွက်ခွာသွားတယ်။ အိုရီဂွန်မှာ အဖွဲ့အစည်း တစ်ခုထူထောင်တယ်။ အဲဒီမှာ လူငါးထောင်နေထိုင်ပြီး ကိုယ်ပိုင်ကျောင်း၊ ဆေးရုံတွေလည်း ရှိတယ်။ အိုရှိုးရဲ့ အိုရီဂွန် ဘုံအဖွဲ့အစည်း တိုးတက်စည်ပင်လာတာကို အမေရိကန်ဘာသာရေးအဖွဲ့အစည်းတွေက ဆန့်ကျင်လာကြတယ်။ အိုရှိုးဟာ ကမ္ဘာပေါ်က ဘာသာတရားတွေ၊ လူ့အဖွဲ့အစည်းက ချမှတ်ထားတဲ့စံတွေ၊ ကိုယ်ကျင့် တရားတွေကို ဝေဖန်တယ်၊ ထောက်ပြတယ်။ အိုရှိုးရဲ့ တော်လှန်တဲ့အမြင်ကို 'လိင်စွမ်းအားမှ အဆင့်မြင့်သတိသို့ (Enon Sex to Power consciousness) ဆိုတဲ့စာအုပ်မှာ ဖတ်နိုင်တယ်။ (လိင်ဆက်ဆံမှုကနေ တရားထူးဉာဏ်အလင်း ဖွင့်နိုင်တယ်ဆိုပဲ။ ဟစ်ပီတွေ၊ သီလသိက္ခာ မစောင့်ထိန်း ချင်သူတွေ သိပ်ကြိုက်တဲ့ဝါဒပေါ့။ ကမ္ဘာမှာ ဝါဒအသစ်အဆန်းကြီး ထူးခြားကျင့်စဉ်ကြီးလို့ ပြောနေပေမယ့် ဒီအကျင့်မျိုး လွန်ခဲ့တဲ့နှစ်ထောင်လောက်က ပုဂံခေတ်ဦး အရည်းကြီးဆိုသူတွေ ကျင့်သုံးဖူးတဲ့ မိစ္ဆာကျင့်စဉ်ဟောင်း ကြီး ဖြစ်နေတယ်။)
    ၁၉၈၅ ခုနှစ် အိုရှိုးရဲ့ အိုရီဂွန်ဘုံအဖွဲ့ ပျက်စီးသွားအောင်လုပ်တဲ့ လက်သည်တရားခံတွေထဲမှာ အမေရိကန်အစိုးရ ဗာတီကန်စီးတီးနဲ့ အိုရီဂွန်ပြည်နယ်ရဲ့ ခရစ်ယာန်ဘုန်းကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ အိုရှိုးအဖွဲ့နဲ့ အမေရိကန် အစိုးရကြားက ပြဿနာတွေကို 'ယေရှုကို ကားစင်တင်ခဲ့ပြီးပြီ၊ အခု အမေရိကရဲ့ ရေဂင်အစိုးရဟာ ယေရှုကို ကားစင်ထပ်တင်ပြန်ပြီ' ဆိုတဲ့ စာအုပ်ထဲမှာ အပြည့်အစုံဖတ်နိုင်တယ်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ဖက်ဒရယ်နဲ့ ပြည်နယ်အရာရှိတွေက အိုရှိုးကို တရားမဝင်နေထိုင်မှု၊ ပြစ်မှုငယ်တွေနဲ့ စွဲချက်တင်ပြီး ချုပ်ထားတယ်။ အချုပ်ကျနေတဲ့အချိန်မှာ အိုရှိုးကို သလီယံ (Thallium) သတ္တု အဆိပ်ခတ်ခဲ့တယ်လို့ နောက်ဆက် တွဲ ဖြစ်စဉ်တွေကနေ သိရတယ်။ နောက်ဆုံးမှာ အိုရှိုးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် စွဲချက် ၃၅ ချက်ထဲက နှစ်ချက်ကို သဘောတူလိုက်တယ်။ ရုံးတော်က အိုရှိုးကို ဒေါ်လာလေးသိန်း ချမှတ်လိုက်ပြီး အမေရိကကနေ ပြည်နှင်ဒဏ်ပေးလိုက်တယ်'(စာ-၂၆)
    အမေရိကကနေ ထွက်ခွာပြီးတဲ့နောက်မှာ နီပေါကိုသွားတယ်။ နီပေါက ပြည်ဝင်ခွင့်မပေးဘူး။ ဂရိ၊ ဆွတ်ဇာလန်၊ ဆွီဒင်၊ အင်္ဂလန်၊ အိုင်ယာလန်၊ ကနေဒါ၊ ဟော်လန်၊ ဂျာမနီ၊ ဥရုဂွေး၊ ဂျမေကာ၊ ပေါ်တူဂီ၊ စပိန်စတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံကို သွားခဲ့ပေမယ့် နိုင်ငံတော်အတွက် အန္တရာယ်ရှိတယ်ဆိုပြီး အိုရှိုးကို နိုင်ငံထဲ ဝင်ခွင့်မပေးဘူး။ အဲဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ နေတိုး (NATO) နဲ့ အင်တာပိုလ်တို့ရဲ့ ကြိုးကိုင်လှုပ်ရှားမှုတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုတယ်။' (စာ-၂၇)
    ၁၉၈၇ ဇန်နဝါရီ ၄ ရက်မှာ ပူနားအရှရမ်ကို ပြန်ရောက်တယ်။ တရားရှုနည်းအသစ်ဖြစ်တဲ့ 'အသိထူးရ နှင်းဆီ' (Mystic Rose) ကို မိတ်ဆက်တယ်။ ၁၉၉၀ ခုနှစ် ဇန်နဝါရီလမှာ အိုရှိုးသိသိသာသာ အားနည်းလာပြီး ဇန်နဝါရီ ၁၉ ရက် ညနေမှာ ကွယ်လွန်တယ်။ အိုရှိုးရဲ့ အုတ်ဂူပေါ်မှာ Never Born (ဘယ်တော့မှ မမွေး)၊ Never Die (ဘယ်တော့မှမသေ)၊ Only Visitel This Planet Earth Between Dec 11, 1931-Jam 19, 1990; (၁၉၃၁ ဒီဇင်လာ ၁၁ ရက် ၁၉၉၀ ဇန်နဝါရီ ၁၉ ရက်အတွင်း ဤကမ္ဘာဂြိုဟ်ပေါ်သို့ အလည်ရောက်ရှိခဲ့သည်"လို့ ရေးထားပါသတဲ့။
    အိုရှိုးကို အတုခိုးပြီး ကျွန်တော်တို့ဆီက ဆရာမင်းသိင်္ခကိုလည်း (ဘယ်တော့မှ မမွေး၊ ဘယ်တော့မှ မသေ)လို့ လိုက်လုပ်ထားတာတွေ့ရပြန်တယ်။ မွေးခြင်း၊ သေခြင်း ကင်းတယ်ဆိုတာ နိဗ္ဗာန်မှာ ပဲရှိတယ်ဆိုတာ သိကြရဲ့လား။ အိုရှိုးတို့၊ မင်းသိင်္ခတို့ နိဗ္ဗာန်ရောက်သွား ကြလေသလား၊ အတော် ရယ်စရာကောင်းပါတယ်။
    ကဲ...မလေး မြန်မာပြန်တဲ့ 'နိုင်ငံရေးသတိ'ကို ကြည့်ရအောင်။
    အိုရှိုးဟာ သူ့ကိုယ်သူ နိုင်ငံရေးဂုရုကြီးနေရာမှာ ထားပြီး ဆိုရှယ်လစ်စနစ်နဲ့ပတ်သက်ပြီး မှောက်မှောက်မှားမှား သုံးသပ်ခဲ့တယ်။ အိန္ဒိယရဲ့ဦးသျှောင် မဟတ္တမဂန္ဒီကြီးအပေါ် ဣဿာမစ္ဆရိယကြီးမားစွာ တိုက်ခိုက်ခဲ့တာဟာလည်း သူ့ကိုယ်သူ ပြန်ချနင်းသလို ဖြစ်ခဲ့ပါတယ်။ အိုရှိုးက ဂန္ဒီကို စီးပွားရေးသမားလို့ စွပ်စွဲတယ်။ သူ့စွပ်စွဲချက်ကို 'မဟာဝိရတာဂျီး'ရဲ့ မှတ်တမ်းနဲ့ သက်သေခံတင်ပြတယ်။
    'တစ်နေ့မှာ ဂန္ဒီ သူ့ရွာကိုရောက်လာပြီး ညနေပိုင်းမှာ လူတွေနဲ့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးပြီးတော့ လူတွေဆီက အလှူငွေကောက်ခံတယ်။ လူတွေငွေလှူကြတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ နားကပ်တွေ၊ လက်ကောက်တွေ၊ ခြေကျင်းတွေချွတ်ပြီး လှူကြတယ်။ ဂန္ဒီက အဲဒါတွေလက်ခံပြီး စင်မြင့်ပေါ်မှာ ပုံခိုင်းထားတယ်။ အစည်းအဝေးကနေ မသွားခင်မှာ မဟာဝီရတာဂျီးကို အလှူခံထားတာတွေ သူ့အိမ်ကို သယ်လာခိုင်းတယ်။
    'တာဂျီးဟာ ဂန္ဒီရဲ့အိမ်ကို ညလယ်ကောင်လောက်မှာ ရောက်သွားတယ်။ သူထင်တာက ဂန္ဒီ အိပ်ရာဝင်သွားပြီပေါ့။ ဂန္ဒီ သူ့ကို မနက်မှတွေ့ရင်လည်း သူမနက်ထိ စောင့်မယ်လို့တွေးထားတယ်။ ဒါပေမဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့စိတ်ကို သူမှ မသိတာ။ ဂန္ဒီဟာ သူ့ရဲ့စာရင်းဇယားတွေကို အပြီးမသတ်ဘဲ ဘယ်တော့မှမအိပ်ဘူး။ ဒါကြောင့် အဲဒီလောက်ညဉ့်နက်ချိန်မှာ မအိပ်သေးတဲ့ အဘိုးကြီးကိုကြည့်ပြီး သူအံ့သြသွားတယ်။ တာဂျီးရောက်တာနဲ့ ဂန္ဒီအစည်းအဝေးက ရလာတဲ့အရာတွေကို ယူလာရဲ့လားလို့မေးပြီး အိတ်ကို ချက်ချင်းဖွင့်စစ်တော့တာပဲ။ အဲဒီမှာ နားကပ်တစ်ဖက်ပျောက်နေတာ တွေ့ရတယ်။
    'ဘယ်မိန်းမမှ တစ်ဖက်တည်းလှူမှာမဟုတ်ဘူး အစုံလိုက်ပဲလှူမှာ။ ဒါကြောင့် အစည်းအဝေး လုပ်တဲ့နေရာကို ပြန်သွားပြီး ရှာလာခဲ့ပါ'လို့ တာဂျီးကို ပြောလိုက်တယ်။
    ပင်ပန်းနေပေမယ့် အစည်းအဝေးလုပ်တဲ့နေရာကို မနက် ၁ နာရီလောက် သူရောက်သွားတယ်။ အဲဒီအချိန်မှာ ဓာတ်ငွေ့မီးရောင်နဲ့ ပျောက်နေတဲ့ နားကပ်တစ်ဖက်ကို ပြန်တွေ့တယ်။ ဂန္ဒီရဲ့အိမ်ကို သူပြန်ရောက်တော့ ဂန္ဒီအိပ်နေလောက်ပြီလို့ သူတွေးလိုက်တယ်။ ဒါပေမဲ့ ဘယ်ဟုတ်ပါ့မလဲ အဘိုးကြီးက မအိပ်သေးဘူး။ ဂန္ဒီဟာ နားကပ်ကိုရပြီးတော့မှ စိတ်ကျေနပ်သွားပြီး တာဂျီးကို 'ရပါပြီ၊ ပြန်ပါတော့ စာရင်းကိုက်သွားပြီ'လို့ ပြောတယ်တဲ့။ (စာ-၁၈၉၊ စာ-၁၉၀)။
    အိုရှိုးက အထက်ပါဖြစ်စဉ်ကို ထောက်ပြပြီး ဂန္ဒီကို စီးပွားရေးသမားလို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဂန္ဒီကို အိုရှိုးရှုမြင်ပုံ ဘယ်လောက်ထိ ရွဲ့စောင်းနေတယ်ဆိုတာ သိသာလှပါတယ်။ ဂန္ဒီက အလှူငွေထည့်တဲ့ အလှူပစ္စည်းတွေအပေါ်၊ အလှူရှင်တွေအပေါ် ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒီအလှူငွေတွေက သူ့ကိုယ်ကျိုးအတွက်မှ မဟုတ်တာဘဲ။ အိန္ဒိယပြည်ကြီးရဲ့ လွတ်လပ်ရေးရန်ပုံငွေတွေ မဟုတ်ပါလား။ တာဂျီးကို နားကပ်တစ်ဖက် ပြန်ရှာခိုင်းတာလည်း အလှူရှင်အပေါ် ဘယ်လောက်ထိ တန်ဖိုးထားကြောင်း ပေါ်လွင်စေပါတယ်။ စာရင်းတွေလုပ်နေတာလည်း ဒီအလှူငွေတွေကို အလွဲသုံးစား မပြုမိအောင် စနစ်တကျ မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။
    အလှူခံတိုင်းသာ စီးပွားရေးသမားဆိုရင် ဘာသာရေး၊ လူမှုရေး၊ ပရဟိတအသင်းတွေကို ဘယ်လိုပြောမလဲ။ လေးစားကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီးတော့သာ ကုသိုလ်ကောင်းမှု၊ အလှူဒါနတွေ ဖြစ်ပေါ်လာရတာပါ။ ဒီမှာလည်း ဂန္ဒီကြီးကို ဘယ်လောက်ကြည်ညိုလိုက်သလဲ။ မိန်းမတွေ နားကပ်ကအစချွတ်လှူတာ၊ အဲဒီလိုအလှူရှင်တွေရဲ့ အားပါဝင်မှုဟာ အိန္ဒိယနိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေးကို ထောက်ပံ့ပေးနိုင်ခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ အိုရှိုးကတော့ အိန္ဒိယ ပြည်လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဂန္ဒီကို သူအပြစ်ပုံချခဲ့ပါတယ်။
    'အိန္ဒိယပြိုကွဲတာဟာ ဂန္ဒီဦးဆောင်မှုရဲ့ အကျိုးရလဒ်ပဲ။ စီးပွားရေးသမားရဲ့စိတ်က မတိုက်ခိုက်ချင်ဘူး၊ အဲဒီအစား သူက အပေးအယူပဲလုပ်ချင်တယ်။ သူက ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားတယ်' (စာ-၁၉၀)
    တစ်ကမ္ဘာလုံးသိနေတဲ့ မဟတ္တမဂန္ဒီကြီးရဲ့ သမိုင်းကို လွဲလွဲမှားမှား စော်ကားလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ဂန္ဒီကြောင့်သာ စုစည်းညီညွတ်ခဲ့တာ။ အဓိကအားဖြင့် ကွဲပြားနေတဲ့ ဟိန္ဒူ-မွတ်ဆလင်တွေ ပဋိပက္ခ ပြဿနာဖြစ်တိုင်း ဂန္ဒီကြီးက အစာငတ်ခံ ဆန္ဒပြပြီး ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းတွေကို ငြိမ်းအေးစေခဲ့ပါတယ်။ ပြီးတော့ အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ဂန္ဒီကြီးရဲ့ သတ္တိဟာ ပြောင်မြောက်လွန်းလှတယ်။ လက်နက်ချင်း ရင်ဆိုင်တိုက်ခိုက်ရတာထက် နှလုံးရည်တိုက်ပွဲက ပိုခက်ခဲပါတယ်။ ဂန္ဒီကြီးရဲ့ အာဏာဖီဆန်ရေးလမ်းစဉ်ဟာ ဗြိတိသျှအင်ပါယာကြီးကို ကိုင်လှုပ်ပစ်ခဲ့တယ် မဟုတ်ပါလား။ ဂန္ဒီကြီးရဲ့ အကြမ်းမဖက် လက်နက်မကိုင် နှလုံးရည်တိုက်ပွဲလမ်းစဉ်ကို အမေရိကန်က လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းလည်း လိုက်နာကျင့်သုံးခဲ့တယ်။ ကင်းဟာ အိန္ဒိယအထိ ရောက်လာပြီး ဂန္ဒီကြီးရဲ့ ဓာတ်ရအောင် ထုံကူးသွားခဲ့ပါတယ်။
    ဂန္ဒီကြီးဟာ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားတယ်လို့ အိုရှိုးကပြောတယ်။ ၂၄၁ မိုင်လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တဲ့ ဂန္ဒီကြီးရဲ့ 'ဆား တိုက်ပွဲ'ကို အိုရှိုး မျက်ကွယ်ပြုခဲ့လေသလား။ နိုင်ငံခြားဖြစ် အဝတ်အထည်တွေကို ဂန္ဒီကြီး သပိတ်မှောက်ခဲ့လို့ ဗြိတိသျှစီးပွားရေး အထိနာခဲ့တာ အိုရှိုးသိရဲ့လား။ ဂန္ဒီကြီးရဲ့ တိုက်ပွဲတွေဟာ လက်နက်ကိုင်တိုက်တာထက် ဗြိတိသျှအစိုးရကို ပိုပြီးအထိနာစေခဲ့တဲ့အတွက် ဂန္ဒီကြီးဟာ ထောင်၊ အချုပ်၊ တရားရုံးဆိုတာတွေကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရတယ်။ ဂန္ဒီကြီးရဲ့ ဘဝတစ်သက်တာဆိုတာ အိန္ဒိယနှင့် ကမ္ဘာလောကအတွက် သြချယူရလောက်အောင် စံပြဖြစ်စေခဲ့တယ်။ အိုင်းစတိုင်းလို ပုဂ္ဂိုလ်ကြီးကတောင် 'ဂန္ဒီလိုလူတစ်ယောက် ဒီကမ္ဘာပေါ် ရောက်လာခဲ့တယ်ဆိုတာ နောင်လာနောက်သား မျိုးဆက်များ ယုံကြည်ဖို့ခက်လိမ့်မယ်' လို့ တအံ့တသြ ချီးကျူးထောမနာ ပြုခဲ့ရတဲ့ အထိပါပဲ။
    ဂန္ဒီကို စီးပွားရေးသမားလို့ အိုရှိုးက ပုတ်ခတ် ခဲ့ပါတယ်။ ဂန္ဒီပိုင်တာ ပိတ်ဖြူနံငယ်ပိုင်းလေးမျှ သာ။ အိန္ဒိယနဲ့ ကမ္ဘာလောကကို ဂန္ဒီ ပြန်ပေးခဲ့တာက တန်ဖိုးဖြတ်မရတဲ့အရာတွေ။ ဂန္ဒီလမ်းစဉ် 'ဗြဟ္မာ့ စရိယအကျင့်'ဆိုတာ နှစ်ပေါင်းသုံးထောင်လောက်က အိုမင်းဟောင်းနွမ်းနေတဲ့ ခေတ်မမီတော့တဲ့ အကြောင်းအရာတွေ'လို့ အိုရှိုးက တိုက်ခိုက်ထားပြန်ပါတယ်။ (စာ ၂၀၀ ရှု)
    ဗြဟ္မာ့စရိယကျင့်စဉ်ဆိုတာ ဗြဟ္မစိုရ်တရား လေးပါးဖြစ်ပါတယ်။ ဗုဒ္ဓလမ်းဘုရားပင် မပယ်မြစ်ခဲ့ဘဲ ကျင့်ဆောင်ရမယ့် တရားအဖြစ် လမ်းညွှန်တော်မူခဲ့ပါတယ်။ မေတ္တာတရားဆိုတာ နှစ်ပေါင်းသုံးထောင်ဆိုတဲ့ အကန့်အသတ်အတွင်းမှာ အိုမင်းဟောင်းနွမ်းသွားပြီလား။ ကရုဏာတရားကို ဆေးလိပ်တိုလေးလို လွှင့်ပစ်ပြီး ကမ္ဘာလောကကြီးကို အကြမ်းဖက်ရတော့မှာလား။ တရားသဖြင့် ကြီးပွား ချမ်းသာနေသူတွေအပေါ် မုဒိတာစိတ်ဖြင့် ဝမ်းသာအားကျရမယ့်အစား မနာလိုဝန်တိုစိတ်နဲ့ တိုက်ခိုက်လုယက်ရတော့မှာလား။ အကောင်းအဆိုး လောကဓံတွေအပေါ် မတုန်လှုပ်သော သမာဓိရှင်တို့ရဲ့ ဥပေက္ခာစိတ်ထားမျိုးကို ရိုက်ချိုးဖျက်ဆီးပစ်ရတော့မှာလား။
    ဒီရာစုနှစ်ရဲ့ ကြီးကျယ်ခမ်းနားသူတွေထဲမှာ ဂန္ဒီဟာ စာဖတ်အနည်းဆုံးသူပဲလို့ အိုရှိုးက ဆိုပြန်တယ်။ ဂီတ (ဘာဝါဂီတ)၊ ရာမယနကိုတော့ သူ ဖတ်ထားတာ ပေါ့လို့ ရှေ့နောက်မညီ ဆိုပြန်တယ်။ ဘာဝါဂီတနဲ့ ရာမယန ကြမ်းကြီးတွေကို ကျေညက်ရင်ကမ္ဘာလောကကို ဘယ်လို ထုဆစ်ပုံသွန်းရမယ်ဆိုတာ နားလည်သွားပါပြီ။ ဂန္ဒီဟာ လက်တွေ့အားဖြင့်လည်း အိန္ဒိယကို ဦးဆောင်ခဲ့သလို စာပေအားဖြင့်လည်း 'ညီရင်းအစ်ကို လူထိုထို (All Men ane Brothers) လိုစာအုပ်မျိုးကို ရေးသားပြီးတော့လည်း မေတ္တာဝါဒကို အုတ်မြစ်ချပေးနိုင်ခဲ့ပါပြီ။
    အိုရှိုးက 'ကျုပ်ရဲ့စိတ်ထဲမှာ ဂန္ဒီအတွက် နေရာမရှိဘူး၊ သူ့ကို ရောဂါရနေတဲ့ ကိုယ်ရည်ကိုယ် သွေးပိုင်ရှင်အနေနဲ့ ကျုပ်မြင်ထားတာ'လို့ ဆိုပါတယ်။ ဗြဟ္မစိုရ်တရားလေးပါး၊ လောကပါလတရားများကို လက်ကိုင်ထားသူများရဲ့ နှလုံးသွားမှာလည်း အိုရှိုးအတွက် နေရာမရှိဘူးလို့ ပြောလိုက်ချင်ပါတယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 272

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43012

© 2022 - 2025 News. All Rights Reserved.