BRICS ကုလက ထွက်တော့မှာလား

၂၀၂၅ ဇန်နဝါရီ ၁၆

    BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာ့တောင်ခြမ်း နိုင်ငံတွေဟာ UN အပေါ် မကျေနပ်တဲ့အသံတွေ ထွက်လာပါတယ်။ ဒီမကျေနပ်ချက်တွေကတော့ အနောက်အုပ်စုနိုင်ငံတွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အဆုံးအဖြတ်ပေးရတဲ့ အဖွဲ့အစည်းတွေအပေါ်မှာလာပြီး သြဇာလွှမ်းမိုးထားတဲ့အပြင် လက်ရှိ UN ရဲ့ ဖွဲ့စည်းပုံဟာလည်း သူတို့ရဲ့ အကျိုးစီးပွားကို မဖော်ဆောင်နိုင်ကြောင်း၊ အခုမကြာခင်က ပြုလုပ်သွားခဲ့တဲ့ BRICS ထိပ်သီးအစည်း အဝေးမှာ UN ဟာ ဒီမိုကရေစီ အနှစ်သာရပြည့်ဝပြီး နိုင်ငံတကာက ပြည့်ပြည့်၀၀ ပါဝင်နိုင်အောင် ပြန်လည်ဖွဲ့စည်းဖို့လိုကြောင်း၊ ဗီတိုအာဏာက ကိုင်ထား တဲ့ UN လုံခြုံရေးကောင်စီ ဖွဲ့စည်းထားပုံကိုလည်း ပြန်လည်ဖွဲ့စည်းဖို့လိုကြောင်း ပြောကြပါတယ်။ တကယ်တော့ BRICS အဖွဲ့ဝင်နိုင်ငံတွေက UN ကို နိုင်ငံတကာကို ပိုပြီး ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်အောင် ပြန်ဖွဲ့စည်းလိုကြောင်း အသံတွေထွက်လာပါတယ်။


အနောက်အုပ်စုရဲ့ ဘက်လိုက်မှုများနဲ့ ကျင့်သုံးတဲ့ စံနှစ်မျိုး
    BRICS နိုင်ငံတွေက သူတို့အပေါ်ကို အနောက်အုပ်စုနဲ့ နိုင်ငံတကာအဖွဲ့အစည်းက ခွဲခြားကျင့်သုံးနေတဲ့ စံနှစ်မျိုးနဲ့ ဘက်လိုက်တဲ့ လုပ်ရပ်တွေကို ထုတ်ပြောကြပါတယ်။ ဒါတွေကတော့ တရုတ် ပြည်နဲ့ ရုရှားတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးတွေနဲ့ ပတ်သက်ပြီး အင်မတန် ဝေဖန်ပါတယ်။ သူတို့နဲ့တန်းတူ အနောက်အုပ်စုဝင်နိုင်ငံတွေ ချိုးဖောက်တာကိုတော့ မသိကျိုးကျွန် လုပ်လေ့ရှိပါတယ်။ ဥပမာ ရုရှားကို လိင်ကိစ္စ ခွဲခြားဆက်ဆံတာမျိုးနဲ့ တရုတ်ကိုတော့ တိဗက် လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိပါတယ်။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အနောက်အုပ်စုတွေကလည်း ကျူးလွန်ပေမယ့် ဒီနိုင်ငံတွေဟာ နိုင်ငံတကာ နိုင်ငံရေးစင်မြင့်တွေမှာ ဝေဖန်မှုတွေ လွတ်နေတာ တွေ့ရပါတယ်။
    ထင်ရှားတဲ့ ဥပမာပြရမယ်ဆိုရင် စစ်ဘေးဒုက္ခသည်ချင်း အတူတူမှာ ယူကရိန်း ဒုက္ခသည်တွေဆိုရင် ဥရောပနိုင်ငံတွေရဲ့ ရက်ရောမှုကို၊ သူတို့ပေးတဲ့ အကူအညီတွေကနေ သိသိသာသာ မြင်ရပါတယ်။ ဒါပေမဲ့ တခြား စစ်ဘေးသင့်နေရာတွေဖြစ်တဲ့ ဆီးရီးယား၊ အာဖဂန်နဲ့ ဆိုမာလီယာဆိုရင် ဥရောပပေးတာ ဝတ်ကျေတမ်းကျေလောက်ပဲ ရှိပါတယ်။ ဒီလိုပဲ ပါလက်စတိုင်းအရေးအခင်းမှာ ဟားမက်စ်ကိုတော့ ရှုတ်ချပြီး အစ္စရေးရဲ့ ဂါဇာကို ရေဖြတ်၊ မီးစုန်းဗုံးတွေနဲ့ ဟားမက်စ်အပေါ် လွန်လွန်ကဲကဲ လက်တုံ့ပြန်လို့ အရပ်သားတွေ အများအပြား သေတာတို့ဟာ စစ်ရာဇဝတ်မှုလို့ စွဲချက်တင်လို့ရတဲ့ အမှုတွေကိုတောင် အနောက်အုပ်စုတွေက မမျှမတလုပ်ပါတယ်လို့ Amnesty lnternational  တို့၊ Human Rights Watch အဖွဲ့တွေက မှတ်ချက်ပြုပါတယ်။


ကိုယ်စားပြုခြင်းနဲ့ သြဇာလွှမ်းမိုးမှု
        UN World Bank နဲ့ IMF လို အဖွဲ့အစည်းတွေမှာလည်း အနောက်အုပ်စုက သူတို့လူတွေက အရေးပါတဲ့နေရာတွေကို ယူထားပြီး လွှမ်းမိုးထားတဲ့အတွက် ဖွံ့ဖြိုးစနိုင်ငံတွေအတွက်ကို ဦးစားမပေးတဲ့အပြင် ဒီနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုတို့ကိုပါ အလေးမထားပါဘူး။ ဒီအဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတွေ ကိုယ်တိုင်ကလည်း ဒုတိယကမ္ဘာစစ်က ပါဝါတည်ဆောက်ပုံ ဖြစ်နေတာမို့ ခေတ်မမီတော့ဘူး၊ ပြီးတော့ IMF နဲ့ World Bank မှာလည်း သူတို့ကသာ နေရာယူထားပြီး ခြယ်လှယ်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။


အုပ်ချုပ်မှုအဆောက်အအုံနှင့် မူဝါဒများ
    BRICS နိုင်ငံတွေ အပါအဝင် ကမ္ဘာ့တောင် ခြမ်းနိုင်ငံတွေအနေနဲ့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အနောက်အုပ်စုဝင်နိုင်ငံတွေကပဲ ကြီးစိုးနေတယ်လို့ ယူဆနေပြီး သူတို့နိုင်ငံတွေအတွက် ငွေကြေးဆိုင်ရာ ကိစ္စတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတဲ့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပေးရာမှာ အချုပ်အခြာ အာဏာကိုတောင် မထီမဲ့မြင်ပြုသလို ဖြစ်ရကြောင်း၊ အနောက်အုပ်စုဝင်နိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးကိုပဲ စိတ်ဝင်စားပြီး တကယ်ချို့တဲ့နေတဲ့ နိုင်ငံတွေရဲ့ လိုအပ်ချက်ကို ကုစားဖို့ စိတ်မဝင်စားကြောင်း၊ ဥပမာပြောရရင်ဒီ IMF နဲ့ World Bank လို ငွေကြေးအဖွဲ့ကြီးတွေဆီက ချေးငွေစည်းကမ်းချက်တွေဟာ အလွန်တင်းကျပ်ထားတဲ့အတွက် ငွေချေးထားတဲ့ နိုင်ငံတွေဟာ ကျန်းမာရေးနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံခန့်ခွဲရတာမှာပါ အဆင်မပြေတဲ့အထိ ဖြစ်ကြရပါတယ်။


ပထဝီနိုင်ငံရေး အပြိုင်အဆိုင်များ
    ပထဝီနိုင်ငံရေးအရ ပြိုင်ဘက်များဖြစ်တဲ့ ရုရှားနဲ့တရုတ်လိုနိုင်ငံတွေအပေါ်မှာလည်း အနောက်အုပ်စုရဲ့ နိုင်ငံရေးဖိအားနဲ့ Sanctions တွေနဲ့ပါ တိုက်ခိုက်လာမည့် စိုးရိမ်ကြောင့်ကြမှုတွေကို ပိုဖြစ်စေပါတယ်။ ဒီလုပ်ရပ်တွေဟာ BRICS အဖွဲ့ကြီးကနေ ကျန်တဲ့နိုင်ငံတွေအပေါ် သြဇာသက် ရောက်မှုကို ဟန့်တားရာရောက်တဲ့အတွက် BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ UN လို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေရဲ့ သမာသမတ်မကျမှုနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေဟာ ပိုမို နက်ရှိုင်းစေခဲ့ပါတယ်။ နမူနာပြရရင် တရုတ်ရဲ့ စင်ကျန့်ပြည်နယ်က မျိုးနွယ်စုများအပေါ်ထားရှိတဲ့ မူဝါဒ၊ ထိုင်ဝမ်အ ရေးနဲ့တောင် တရုတ်ပင်လယ်ကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်အပေါ် US နဲ့ ဥရောပက ကိုင်တွယ်တာဟာ တရုတ်ရဲ့စီးပွားရေး ဖွံ့ဖြိုးလာမှုနဲ့ ပထဝီနိုင်ငံရေးအရ တန်ခိုးထွားလာချိန်မှာ အနောက်အုပ်စုကလည်း ပထဝီနိုင်ငံရေးဗျူဟာအဖြစ်  US ၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတွေပါဝင်တဲ့ QUAD အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါကို BRICS က သူ့မဟာမိတ်တွေအပေါ် သြဇာညောင်းလာမှာကို စိုးရိမ်လို့ တန်ပြန် ထိန်းချုပ်နိုင်အောင် ရည်ရွယ်ဖွဲ့စည်းရုံဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါတင်မက ရုရှားနဲ့ တရုတ်တို့ကိုပါ မလှုပ်ရှားနိုင်အောင်လုပ်တာလည်း ဖြစ်ပါတယ်။
    နောက်တစ်ချက်ကတော့ နိုင်ငံ့အဖွဲ့အစည်းတွေမှာ အချိုးအစားအရ ကိုယ်စားပြုခွင့် ဖြစ်ပါတယ်။ IMF လို ငွေကြေးဆိုင်ရာ အဖွဲ့အစည်းကြီးမှာ အနောက်အုပ်စုနိုင်ငံများက မဲပေးနိုင်ခွင့်အများစုကို ယူထားရာမှာ US က ထိပ်ဆုံးဖြစ်ပါတယ်။ ဒါကို BRICS အဖွဲ့ဝင်နိုင်ငံတွေက လက်ရှိဖြစ်တည်နေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ နှိုင်းယှဉ် ထောက်ပြကြပါတယ်။ တရုတ်ဟာ ကမ္ဘာ့စီးပွားရေး အဆင့်နှစ် နေရာမှာ GDP ၁၄ ထရီလီယံနဲ့ ရှိနေပေမယ့် IMF မှာ မဲပေးနိုင်တဲ့ မဲအရေအတွက်ဟာ မမျှမတဖြစ်လောက်အောင် အများကြီးလျော့နည်းနေတာဖြစ်လို့ ဒီအနေအထားဟာ သဘာဝမကျတာတွေ့ ရမှာ ဖြစ်ပါတယ်။
    နောက်တစ်ချက်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို သက်သာစေအောင် ကာကွယ်ဖို့ကျင့်သုံး ကြတဲ့မူဝါဒတွေဟာ အနောက်အုပ်စုက ဖွံ့ဖြိုးစနိုင်ငံတွေ တိုးတက်မှုအတွက် မသုံးသပ်ဘဲ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ ဆင်းရဲတွင်းထဲက ရုန်းထွက်ဖို့ ကြိုးစားနေချိန်မှာ ကာဗွန်ဓာတ်ငွေ့ ထိန်းချုပ်ဖို့ အကြောင်းပြ သတ်မှတ်တားဆီးချက်တွေဟာ ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် BRICS နိုင်ငံတွေက တစ်ချိန်တည်းမှာ လေထုသန့်စင်ဖို့နဲ့ နိုင်ငံ့စီးပွားရေးတိုး တက်ဖို့ အထောက်အပံ့တွေ တောင်းခံပေမယ့် ဘာမှမရရှိခဲ့ပါဘူး။ ဒီကြားထဲမှာ ကိုဗစ်ရောဂါက ဝင်နှိပ်စက်လိုက်တော့ ကမ္ဘာတစ်ဝန်းလုံး နိုင်ငံတွေရဲ့ စီမံခန့်ခွဲမှုတွေဟာ ကစဉ့်ကလျား ဖြစ်စေခဲ့ပါ တယ်။ WHO လို အဖွဲ့အစည်းကြီးကလည်း သမာသမတ်မရှိဘဲ ချမ်းသာတဲ့ နိုင်ငံတွေက ကိုဗစ်ကာကွယ် ရေးထိုးဆေး ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာတွေမှာ သေသေချာချာ မကြပ်မတ်တဲ့အတွက် BRICS နိုင်ငံတွေ က သာတူညီမျှမရှိတဲ့ UN ရဲ့ ကျန်းမာရေးမူဝါဒအပေါ် ဘဝင်မကျခဲ့ပါဘူး။
    လက်ရှိ ကုန်သွယ်ရေး မူဝါဒတွေဟာလည်း အနောက်အုပ်စုကိုပဲ မျက်နှာလိုက်နေတယ်လို့ မြင်ပါတယ်။ US နဲ့ Europe ရဲ့ လယ်ယာကုန်သွယ် ရေးမူဝါဒတွေကလည်း ကမ္ဘာ့ဈေးကွက်ကို ကမောက်ကမ ဖြစ်စေပြီးတော့ ကျန်တဲ့နိုင်ငံတွေကို နစ်နာစေပါတယ်။

UN အဖွဲ့ကြီးရဲ့ သမိုင်း
          UN အဖွဲ့ကြီးဟာ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ငြိမ်းချမ်းစွာ ပြန်လည်ထူထောင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေမှာ နိုင်ငံတွေ အတူတကွနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်မှန်းချက်နဲ့ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ နိုင်ငံ ၅၁ နိုင်ငံ သဘာတူဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ရှေ့က League of Nations အဖွဲ့အစည်းကြီးက ဒုတိယ ကမ္ဘာစစ်ကို မတားဆီးနိုင်ခဲ့တဲ့ သင်ခန်းစာနဲ့ Franklin Roosevelt က စစ်အတွင်းက မဟာမိတ်နိုင်ငံတွေကို United Nations ဆိုတဲ့အမည်ကို စတင်ခေါ်ဝေါ်ပြီး အဖွဲ့ကြီးခြောက်ခုကို အခြေခံဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ GeneralAssembly ၊ Security Council ၊ lnternational Court of Justice၊ Secretariat၊ Economic and Social Council Trusteeship Council  အဖွဲ့ကြီးတွေအနက် General Assembly က အဖွဲ့ဝင်တွေ ပုံမှန် အစည်းအဝေးတွေ ပြုလုပ်ဖို့ Security Council ကတော့ အမြဲတမ်းအဖွဲ့ဝင် ငါးဦးဖြစ်တဲ့ US ၊ တရုတ်၊ ရုရှား၊ UK ၊ ပြင်သစ်တို့က တစ်လှည့်စီ ဥက္ကဋ္ဌတာဝန်ယူကြပြီး အဖွဲ့ဝင် ၁၀ နိုင်ငံက အလှည့်ကျ အဖွဲ့ဝင်အဖြစ် တာဝန်ယူကြပါတယ်။ စစ်အေးကာလဖြစ်တဲ့ ၁၉၅၀ ကနေ ၁၉၈၉ ခုနှစ် အတွင်းမှာ US ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ရုရှားဦးဆောင်တဲ့ အရှေ့အုပ်စုတို့အတွက် UN ဟာ နိုင်ငံရေးအရ တိုက်ခိုက်ဖို့ စင်မြင့် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ UN ဟာ ဒီတင်းမာမှုတွေ ရှိနေတဲ့ကြားကနေ 'ငြိမ်းချမ်းမှုထိန်းသိမ်းရေး' တာဝန်တွေအပြင် ကိုလိုနီဖျက်သိမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့အတွက် အာဖရိကနိုင်ငံနဲ့အာရှ အတော်များများဟာ UN အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။
    UN ဟာ ၁၉၄၈ မှာ အရှေ့အလယ်ပိုင်းစစ်ကို အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အထွေထွေညီလာခံကလည်း Universal Declaration of Human Rights ကို ပြဋ္ဌာန်းနိုင်ခဲ့လို့ ၁၀၉၀ ကနေ ၂၀၀၀ အထိ စစ်အေးတိုက်ပွဲအလွန်ကာလမှာ နိုင်ငံတွေအတွက် လူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ UN ဟာပိုပြီး တက်တက်ကြွကြွနဲ့ လူမှုရေးကိစ္စတွေကို Balkans Rawanda နဲ့ Somalia တို့မှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Rawanda ရဲ့ နက်နဲရှုပ်ထွေးတဲ့ လူမျိုးပြုန်း သုတ်သင်မှု ပြဿနာတွေကြောင့်၊ ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်အောင် မထိန်းသိမ်းနိုင်မှုအတွက် UN တပ်ဖွဲ့များကို ပြန်လည်ပြုပြင် ဖွဲ့စည်းခဲ့ရပါတယ်။ သို့ပေမဲ့လည်း UN ဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် ၁၉၉၂ ခုနှစ်က Rio de Janeiro ၊ Earth Summit ဟာ UN Framework Concention on Climate Change နဲ့ Convention on Biological Diversity ဆွေးနွေးပွဲတွေကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပါတယ်။

ထောင်စုပြည့်နှစ် တိုးတက်မှု ရည်မှန်းချက်ပန်းတိုင်။ 
(Millennium Development Goals)

        ၂၀၀၀ပြည့်နှစ်ကစပြီး ထောင်စုနှစ်ကုန်ဆုံးချိန်အထိ Convention on Biological Diversity က ရည်မှန်းချက် ထားရှိခဲ့ရာမှာ ၂၀၁၅ မှာ ပြည်သူများ ဆင်းရဲမွဲတေမှု ကင်းစင်သွားဖို့ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ နဲ့ သန့်စင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ပတ်သက်တဲ့အချက် စုစုပေါင်း ၁၇ ချက် ပါဝင်ပါတယ်။


ဘယ်အဖွဲ့အစည်းက UN ကို အစားထိုးနိုင်သလဲ
       ၂၀၃၀ မှာ ဘယ်အဖွဲ့အစည်းက UN ကိုအစားထိုးနိုင်သလဲလို့ စဉ်းစားတဲ့အချိန်မှာ လက်ရှိအခြေအနေကို ပြုပြင်ဖို့ရော၊ အစားထိုးဖို့ရော အဆိုပြုချက်တွေတက်လာခဲ့ပါတယ်။ ဒီအထဲက အဆိုပြုချက် တစ်ခုကတော့ လက်ရှိ ၂၁ ရာစုရဲ့ ပကတိပထီနိုင်ငံရေး အခြေအနေကို ထင်ဟပ်နိုင်မည့် အဖွဲ့အစည်း တစ်ခုကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။ ဒီအထဲမှာ လက်ရှိလုံခြုံရေးကောင်စီ အဖွဲ့ဝင်ဦးရေကို တိုးမြှင့်ဖို့မှာ ဒေသဆိုင်ရာ သြဇာအာဏာလည်းရှိပြီး စီးပွားရေးအရလည်း တောင့်တင်းတဲ့ ဘရာဇီးနဲ့ တောင်အာဖရိကလို နိုင်ငံတွေကို ထပ်မံထည့်သွင်းဖို့ စဉ်းစားကြပါတယ်။
    ဒီလိုအဆိုပြုရာမှာ ရှိပြီးသား ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ African Union၊ ASEAN နဲ့ EU တို့လို ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိမည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ အဖွဲ့အစည်းတွေ ဖြစ်ဖို့လိုကြောင်း၊ ဒါမှဒေသအလိုက် အရေးကိစ္စတွေ ကို ကမ္ဘာ့အဖွဲ့အစည်းကြီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနိုင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအဆိုပြုရာမှာ ဒီမိုကရက် တစ်နိုင်ငံတွေ ပေါင်းထားပြီး တိုင်းပြည်ရဲ့ လူဦးရေနဲ့ နိုင်ငံရဲ့ အခြားနိုင်ငံတွေအပေါ်မှာ လွှမ်းမိုးနိုင်မှုအပေါ် မူတည်ပြီး ဒီမိုကရက်တစ်နိုင်ငံများ (DN)လို့ အမည်မှည့်ခေါ်သင့်ကြောင်း အကြံပြု ကြပါတယ်။


ဒီမိုကရက်တစ်နိုင်ငံ အမည်ခံရန် အဆိုပြုချက်
    DN လို့ အမည်မှည့်ခေါ်ရခြင်းက လက်ရှိအဖွဲ့အစည်းကြီးဟာ စီမံခန့်ခွဲမှုမှာ ဒီမိုကရေစီအနှစ်သာရတွေ လျော့နည်းနေတဲ့အတွက် နိုင်ငံအများစုမှာ ကျင့်သုံးတဲ့ Camal System အသုံးပြုသင့်ကြောင်း၊ ဒီစနစ်ဟာ လွှတ်တော်လို Chamber ဆိုတာ နှစ်ရပ်ပါဝင်မှာဖြစ်ပြီး တစ်ရပ်က အစိုးရတွေချည်း ပါဝင်ပြီး နောက်တစ်ရပ်က ပြည်သူတွေရဲ့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေ ချည်းပါဝင်ပါတယ်။ ဒီလိုလုပ်ပေး ခြင်းအားဖြင့် အစိုးရနဲ့ ပြည်သူဟာ မကင်းကွာတော့ဘဲ တာဝန်ယူမှု တာဝန်ခံမှုတွေရှိလာပြီး DN လို ကမ္ဘာ့ပါလီမန်ကြီး ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
    DN အဆိုပြုချက်အပေါ်မှာ နိုင်ငံအတော်များများက ထောက်ခံပါတယ်။ EU ပါလီမန်ကဆိုရင် UN ပါလီမန်လို ဖွဲ့စည်းဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါမှ ဒီမိုကရေစီ ပိုပုံပေါ်လာပြီး ကမ္ဘာ့လူမှုအဖွဲ့ အစည်းကြီး ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်းနဲ့ World Parliament Assembly ကလည်း UN Gen Assembly ကို အကြံပြု နိုင်မယ်လို့ EU က ပြောခဲ့ပါတယ်။ လူထုသဘောထား စစ်တမ်းတွေအရလည်း ပါလီမန်လိုအဖွဲ့အစည်း မျိုး ပေါ်ပေါက်လာဖို့ ဆန္ဒထုတ်ဖော်ချက်တွေ ရရှိခဲ့ပါတယ်။ German Friedrich Albert  Foundation ကလည်း နိုင်ငံ ၁၅နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရာခိုင်နှုန်း ၆၀ က သဘောတူညီခဲ့ကြောင်း သိရပါတယ်။


အားပြိုင်ချက် အခွင့်အလမ်းများ
         Democratic Nations လို အဖွဲ့အစည်းကြီး ဖြစ်ပေါ်လာဖို့ ကြီးမားတဲ့ အားပြိုင်မှုတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် UN အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောတူညီချက်များစွာ လိုအပ်သလို ဗီတိုအာဏာရှိတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကလည်း ခါးခါးသီးသီး ငြင်းဆန်နိုင်ပါတယ်။ ဒါပေမဲ့ WPA လို အဖွဲ့အစည်းမျိုးကို အကြံပေးအဖွဲ့အနေနဲ့ အရင်စပြီး ဖွဲ့မယ်ဆိုရင်တော့ အထောက်အကူလည်း ဖြစ်မယ်၊ တန်ဖိုးလဲသိမှာဖြစ်ပြီး ရှိရင်းစွဲအဖွဲ့ကြီးတွေအနေနဲ့လည်း သူတို့အာဏာကို မခြိမ်းခြောက်လာရင် အဖွဲ့အစည်းအသစ်အနေနဲ့ ထွက်ပေါ်လာတာ ပြဿနာမဖြစ်လောက်ဘူးလို့ ယူဆရပါတယ်လို့ BRICS နိုင်ငံတွေရဲ့ UN နဲ့ပတ်သက်ပြီး BRICS Summit  တွေက ဆွေးနွေးခဲ့တဲ့ အားနည်းချက်ချက်တွေကို Fastepo က Youtube မှာ BRICS to leave UN: What Next  လို့ ပြုစုတင်ပြထားတဲ့ ရုပ်သံကို ပြန်လည်တင်ပြ လိုက်ရပါတယ်။
(ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42921

© 2022 - 2025 News. All Rights Reserved.