၂၀၂၄ စက်တင်ဘာ ၁၄
ကလေးများကို စစ်ရေးနှင့်နိုင်ငံရေးတွင် အသုံးချလာသူများ
စစ်ယူနီဖောင်းဝတ်ထားသည့် အသက်ခြောက်နှစ်ခန့်ကလေးငယ်တစ်ဦးကို ကရင်နီရောက် ရဲဘော်လေးတစ်ဦးဆိုပြီး လက်နက်ကိုင်များက သည်ရက်ပိုင်းပွဲ ထုတ်လာသည်ကို တွေ့ရလေသည်။ ထိုကလေးမလေးက တစ်တော့ပေါ်တွင် တွေ့ရှိရခြင်းဖြစ်သည်။ အသက်ခြောက်နှစ်ခန့်ရှိသည့် ကလေးငယ်တစ်ဦးက စစ်သဘောနှင့် နိုင်ငံရေးသဘောကို ဘာများသိနိုင်ဦးမည်လဲ။ ထိုသို့မသိသော ကလေးငယ်တစ်ဦးကို ကလေးငယ်တစ်ဦးပင် စစ်တိုက်တော့မည့်ပုံစံဖြင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ စစ်ရေးနှင့်နိုင်ငံရေးကို မသိနားမလည် သေးသည့်ကလေးငယ်လေးက "သမီးကိုချစ်ရင် အသည်းလေးတွေပေးခဲ့ပါနော်"ဟု လက်သုံးချောင်းထောင်ကာ ပြောနေရာ အမြင်သဘောထား နှစ်ဖက်ကွဲပြား သည့် မှတ်ချက်များကို တွေ့မြင်ခဲ့ရသည်။
တစ်ဖက်က 'တချို့က အသက်သာကြီးတာ ကလေးလောက်တောင် အသိမရှိဘူး'ဆိုသူမျိုး၊ 'နောင်လာမည့် ကြယ်ပွင့်လေး'ဟု ဇန်းတင်သူများ၊ 'ကလေးဆိုပြီး အထင်သွားသေးလို့မရဘူး' ဆိုသူမျိုး၊ 'ပြောပြလိုက် သမီးလေး အမေ့သမီးသွေး ဘယ်လောက်ရဲတယ်ဆိုတာ'ဟုဆိုကာ ထိုကဲ့သို့ကလေးငယ်ကို စစ်ယူနီဖောင်းဝတ်ပြီး တိုက်ခိုက်ခိုင်းသည်ကို ထောက်ခံအားပေးသည့်သူများကိုလည်း တွေ့နေရလေသည်။ အခြားတစ်ဖက်တွင်လည်း 'ကလေးတွေကို မြေစာပင်လုပ်ပြန်ပြီ...ဘာမှသိတတ် သေးတာမဟုတ်ဘူး'ဆိုသူများ၊ 'အရွယ်မရောက်သေးသည့်ကလေးကို ခုတုံးမလုပ်ပါနဲ့'ဟု ဆိုသူများ၊ 'ချစ်စရာလေးပါ သူ့ရဲ့ကိုယ်ပိုင် ဦးနှောက်လေးနဲ့ပဲ ရှေ့ဆက်စေချင်ပါတယ်။ ကလေးဆိုတာ ဖြူစင်ပါ တယ်။ ဒါပေမဲ့ အယုံသွင်းပြီး ကြိုးဆွဲရာမကစေချင်ဘူး၊ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ရဲ့ နှလုံးသားကို အမုန်းတရားတွေနဲ့ အရောင်မဆိုးပါနဲ့"ဟုကလေး၏ အနာဂတ်ကို ဦးစားပေးသူများလည်း တွေ့ရ၏။
သည်နေရာတွင် ပြောစရာစကားများစွာ ရှိလာခဲ့ပါသည်။ ကလေးငယ်တစ်ဦးကို နိုင်ငံရေး၊ စစ်ရေးအရ အရောင်ဆိုးခြင်းသည် မှန်ကန်လား၊ ကလေးငယ်၏ အနာဂတ်ကို သူ့ဝါသနာပါရာ၊ သူ့အရည်အချင်းအတိုင်း ဖြစ်သင့်သလားဆိုသည်များကို မိတ်ဆွေတို့လည်း လွတ်လပ်စွာ တွေးဆနိုင်ပါသည်။ တစ်ခုနှိုင်းယှဉ်ပြောရလျှင် ဇော်ဝေစိုးသည် သူ့သားသမီးကို စစ်အတွင်းတွင် ထားခဲ့သလား။ ပန်ဆယ်လိုရော သူ့ကလေးငယ်နှင့် ဆွေမျိုးနီး စပ်ကိုစစ်အကြောင်း အရာနှင့်ပတ်သက်၍ အားပေးအား မြှောက်ပြုသည်ကို မြင်ဖူးသလား။ လင်းလင်း၊ ချစ်သုဝေ တို့၏ သားသမီးများ၊ ရည်မွန်၏ သားသမီးများ၊ မင်းမော်ကွန်း၏ သားသမီးများ၊ မျိုးရန်နောင်သိန်း၏ သားသမီးများ၊ ပြည်ပထွက်ပြေးပြီး ဟိုအဖွဲ့၊ ဒီအဖွဲ့ဖွဲ့ကာ တော်လှန်ရေးဟု ဆိုသူများ၏ သားသမီးများ သူတို့ပြောစကားအတိုင်း 'ကျောင်းမတက်နှင့်ကျောင်းထွက်'ဆိုသည့် စကားအတိုင်း ကျောင်းမထားဘဲနေသလား နှိုင်းယှဉ်ချိန်ဆကြည့် စေချင်ပါသည်။
ကလေးသူငယ်များကို အသုံးချသည်များနှင့် ဆက်၍ပြောလိုသည့်စကားလည်း ရှိပါသေးသည်။ ခေတ်သစ်ဆိုလျှင် ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်း မာပင်အရှေ့ခြမ်း သပိတ်အင်အားစုဟုဆိုကာ ကလေးငယ်များကို ဆိုင်းဘုတ်ကိုင်ခိုင်းကာ နိုင်ငံရေးကြွေးကြော်ခိုင်းမှုများ ဆန္ဒပြနေမှုများကို မကြာခဏ တွေ့မြင်နေရလေသည်။ ကလေးသူငယ်အခွင့်အရေးဆိုသူများ၊ လူ့အခွင့်အရေးဟုဆိုသူများ ထိုအရာကို မမြင်မတွေ့မိသည်မှာလည်း အံ့သြမိ၏။ သည်ရက်ပိုင်းတွင်လည်း ပန်းချီ ဆန်ဆန် ပုံလေးတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာ၏။ 'မလာနဲ့'ခေါင်းစဉ်ဖြင့် ကလေးငယ်လေးက ဖိနပ်ဖြင့် မိုးပေါ်ကိုပစ်ရန် အားယူနေသည့်ပုံဖြစ်သည်။ ထိုပုံအကြောင်းကို ရှာဖွေဖတ်ရှုရာ ကရင်ပြည်နယ် စစ်ဘေး ရှောင်ဒုက္ခသည်စခန်းကဟု ပြောဆိုနေကြလေသည်။ ထိုပုံကို ဆိုလိုချင်သည်က လေယာဉ်ဖြင့် တိုက်ခိုက်မှုကို ကလေးသူငယ်များက တတ်နိုင်သည့်ဘက်က သူတို့အသိဖြင့် တုံ့ပြန်ကြောင်း မျိုးစုံဖွဲ့နွဲ့ ကြသည်။
ထိုပုံကိုမြင်ပြီးချိန် NLD မဲဆွယ်စဉ်က 'သားတို့လည်း ကျောင်းတက်ချင်ပြီ'ဆိုသည့် လက်ဖက်ရည်ဆိုင်က ကလေးလေး၏ ဓာတ်ပုံကို သွားသတိရမိသည်။ ထိုပုံကို ယခုအချိန်သာ လူမှုကွန်ရက်တွင်တင်ပါက မည်မျှအဆဲခံရမည်နည်းဟုလည်း စဉ်းစားမိသည်။ မလာနဲ့ဆိုသည့် ဖိနပ်တစ်ဖက်မိုးပေါ် ချိန်နေ သည့်ကလေးလေး၏အကြောင်း ပြန်ဆက်ရလျှင် သားသမီးချင်း ကိုယ်ချင်းမစာဟုဆိုကြဦး မည်ထင်သည်။ ကျွန်တော်တို့က သားသမီးချင်း ကိုယ်ချင်းမစာ၍ ပြောချင်းမဟုတ်ဘဲ သည်တိုင်းပြည်၊ သည်မြေတွင် ယခုအထိ ဆိုးအတူကောင်းဘက် နေနေကြပြီး ကိုယ်ချင်းမစာသည့် ပြည်ပြေးများ ကိုသာ အဓိကပြောရမည်ဖြစ်သည်။ သူတို့ လောင်တိုက်သွင်းခဲ့၍ အချို့သော မိသားစုဝင်များမည်မျှဒုက္ခရောက်၊ ဘဝပျက်ကြပြီး သူတို့က ထိုအရာများကို ဗန်းပြလုပ်စား နေကြောင်း သူတို့အသိဆုံးသာ ဖြစ်မည်။
ထောက်ပို့တိုက်ဆောက်၊ အကြမ်းဖက်ဗိုက်မှောက်
သည်ရက်ပိုင်း ကြားရမြင်ရသည့် ကိစ္စများက နည်းနည်းရှုပ်ထွေးသည်ဟု ဆိုရမလို ဖြစ်နေလေသည်။ ရှုပ်ထွေးလွန်း၍ လိုက်မမီဟုပင် ဆိုရမလိုဖြစ်ပြီး မယ်ပန်နှင့် ဥက္ကာမင်းမောင်တို့၏အကြောင်းက စရမည်ထင်သည်။ သူတို့နှစ်ဦး၏ ဇာတ်လမ်းက မည်သို့မည်ပုံ စတင် သည်မသိဘဲ မယ်ပန်က ဥက္ကာမင်းမောင်ကို စာရေး၍ တွယ်သည်ကိုတော့ သတိထားမိသည်။ မယ်ပန်ရေးသည့် စာများကိုတော့ မပြောလိုပါ။ ညစ်ညမ်းရိုင်းစိုင်းသောကြောင့် အကုသိုလ်များကြမည်စိုး၍ ဖြစ်သည်။
ဥက္ကာမင်းမောင်က မယ်ပန်ပြောသမျှကို ငြိမ်ခံနေသည့်အစားထဲတွင် မပါဟု ဆိုရမည်ဖြစ်သည်။ သူက အလှူခံပြီးစားသူ မဟုတ်ကြောင်း၊ ပြည်တွင်းတွင် ကျန်နေသည့် အနုပညာရှင်များ အနုပညာအလုပ်မလုပ်လျှင် မည်သူက ထမင်းကျွေးမလဲဆိုသည့်အကြောင်း၊ ပြည်တွင်းကို စစ်မီးပိုမိုတောက်လောင်အောင် အားပေးအားမြှောက်ပြုခြင်း၊ လှူဒါန်းခြင်းကို လက်မခံကြောင်း၊ သူ့ကိုဆဲဆိုနေကြသူများသည် မိုလ်ဘိုင်းဖုန်းအားသွင်းနိုင်ပြီး အေးအေးဆေးဆေး ဖုန်းသုံးနိုင်သည့်နေရာတွင် ရှိနေသောကြောင့် ဖုန်းထိုင်သုံးကာ ဆဲဆိုနိုင်ကြောင်း၊ ပြည်တွင်းစစ်ကြောင့် စားရမဲ့သောက်ရမဲ့သူများ၊ အိုးအိမ် စွန့်ခွာထွက်ပြေးသူများ၊ အမိအဖမစုံ တောထဲတောင်ထဲ ရှောင်ရှားနေရပြီး ပညာရေး၊ ကျန်းမာရေးမပြောနှင့် စား ဝတ်နေရေးကိုပင် နပ်မမှန်သူများက ဖုန်းပင်မသုံးနိုင် ကြောင်း၊ ပြည်တွင်းစစ်ပြီးသွားလျှင် မယ်ပန်ကဲ့သို့ အလှူခံ၍ စားသောက်သူများက အလှူခံ၍ ချမ်းသာသမျှကို ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်သွားသူများကို လှူဒါန်းနိုင်ပါ့မလားစသဖြင့် ချက်ကျလက်ကျ ပြောလေတော့၏။
ဥက္ကာမင်းမောင်က သိပ်မပြောတတ်ရှာဟု ဆိုရမလားမသိ မယ်ပန်နှင့် ငြိခဲ့သမျှသူများက တဖြည်းဖြည်း ငြိမ်သွားသော်လည်း ဥက္ကာမင်းမောင်က တစ်ချက်ချင်း ပြည်တွင်းစစ်ကို မုန်းတီးကြောင်း၊ အားမပေးကြောင်း ပြောလေသည်။ သည်တစ်ခါ မယ်ပန် ဥက္ကာမင်းမောင်ကို ခါတိုင်းတုံ့ပြန်သူများကဲ့သို့ ဆတ်ဆတ်ကြဲ မတုံ့ပြန်ရဲသည်ကလည်း အံ့သြစရာဖြစ် နေလေသည်။ သို့နှင့် မတုံ့ပြန်ရဲသည့်အတူတူ ဥက္ကာမင်းမောင်၏ LGBT ဖြစ်ခြင်းအပေါ်ကို ချိုးချိုးနှိမ်နှိမ်သာ ပြောနေလေတော့သည်။
သည်နေရာတွင် ထူးခြားသည်က မယ်ပန်တို့သည် သူတို့၏ဝန်ကြီး အောင်မျိုးမင်းတို့ LGBT အကြောင်းရေးခဲ့စဉ်က မတူကွဲပြားခြင်းကို လက်ခံကြောင်း၊ သူတို့၏ ဖြစ်တည်မှုကို လေးစားကြောင်းရေးခဲ့သည်များနှင့် ပြောင်းတိပြောင်းပြန် ဇောက်တိဇောက်ထိုး ဖြစ်ကုန် လေသည်။ သူ့ထိတော့ နာတတ်သားဟု စဉ်းစားမိသည်။ မယ်ပန်၏ တိုက်စစ်က မထက်မြက်တော့သောအခါ ဥက္ကာမင်းမောင်ဘက်ကို လက်လျှော့ပြီး သူ၏ PRO အလုပ်ဖြစ်သည့် အလှူခံဘက်ကိုဇောင်းပေးပြီး အလှူပိုခံလေသည်။ ချစ်တို့ရေနှင့်စပြီး ပြည်တွင်းက အလှူငွေမရရှိကြောင်း၊ စလုံးက ပို၍လှူမည်ဟု မျှော်လင့်သော်လည်း မျှော်လင့်သလိုမဖြစ်ကြောင်း၊ US က အမျိုးများ ပိုမိုလှူဒါန်းကြရန် ဆော်သြ၏။ သည်တစ်ခါ ထူးခြားသည်က ပါးစပ်မှ မီးခိုးထွက်မတတ် အလှူခံသော်လည်း အလှူငွေရဟန်မထင် ညည်းညူသံသာ ကြားနေရလေသည်။ မယ်ပန်ညည်းညူနေ၍လားမသိ ပြည်တွင်းက တော်လှန်ရေးတောင်းစားသူများ အဖွဲ့ကလည်း မယ်ပန်နှင့်အတူ တိုး၍တိုး၍ အလှူခံကြသည်ဟု ဆိုလေသည်။
ထို့ကြောင့် ရှုပ်ထွေးသည်ဟု အထက်တွင် ဆိုခဲ့ခြင်းဖြစ်သည်။ လှူဒါန်းချင်စရာ အဖွဲ့တစ်ခုနှင့် မိတ် ဆက်လိုပါသည်။ 'သေမင်းတမန် PDF များတဲ့ခင်ဗျ' နာမည်ကြားရုံဖြင့် အတော်ပင်လှူဒါန်းချင်စရာ သဒ္ဓါပေါက် မည့် အမည်ပင်ဖြစ်သည်။ ထိုသေမင်းတမန်များက ''ပြည်ပမှ တော်လှန်ထောက်ပံ့ ညီအစ်ကို မောင်နှမများ ခင်ဗျား၊ ပြည်တွင်းက တော်လှန်ရဲဘော် ညီအစ်ကိုမောင် နှမများကို ရိက္ခာထောက်ပံ့ပေးဖို့ ညှိုးငယ်စွာဖြင့် တောင်းပန်ပါရစေ"ဟု စားစရာမရှိတော့ကြောင်း ဆိုလေသည်။ လာသေးသည်။ US တွင် မြန်မာများစားသည့် ဆန်ပေါင် ၅၀ တစ်အိတ်လျှင် ၄၅ ဒေါ်လာသာကျသင့်ပြီး မြန်မာပြည်တွင် ၁၀၈ ပေါင်ဆန်တစ်အိတ်လျှင် တော်လှန်ရေးရဲဘော်များထံအရောက် ၃၅ ဒေါ်လာသာကျ သင့်မည်ဖြစ်သော ကြောင့် ထောက်ပို့လှူဒါန်းနိုင်သည်ဟုဆိုလေသည်။ ရိက္ခာပင်မရှိတော့ဘဲ တော်လှန်အလှူခံ နောက်ဆုံးစကားက လက်သုံးချောင်းထောင်ကာ 'အရေးတော်ပုံ အောင်ရမည်'ဟု သုံးခွန်းအော်သွားလေသည်။
မပြီးနိုင်မစီးနိုင် အရီးမြိုင်တို့၏ ဇာတ်လမ်း တော်လှန်ရေးက နိဂုံးချုပ်တော့မည်။ သူတို့၏ပြဿနာ က အခုထိမပြီးသေးဟုဆိုရမလို ဖြစ်နေလေသည်။ 'ဦးအောင်ကြည်ညွန့်၏ သမီးနှင့်သမက်ကို အရေးယူဖို့ ယင်းမာပင် PDF ကြိုးပမ်း'ဆိုသည့် မပြီးနိုင်မစီးနိုင် အရီးမြိုင်တို့၏ ဇာတ်လမ်းပင်ဖြစ်သည်။ ဦးအောင်ကြည်ညွန့်တို့ကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့သူကလည်း ကြည့်ကြပါဦး။ လူသတ်မှုများစွာဖြင့် ထွက်ပြေးနေရသည့် ဘုန်းကြီးလူထွက် ဗိုလ်သံမဏိဆိုသူဖြစ်သည်။
ဇာတ်လမ်းက သိပ်မကြာသေးဟုဆိုရမည် ဖြစ်သည်။ ၂၀၂၁ သြဂုတ်မှ စတင်ခဲ့သည့် ဇာတ်လမ်းဖြစ်သည်။ ထိုစဉ်ကတည်းက ယင်းမာပင် PDF သည် လက်နက်ဝယ်ယူရန် ဦးအောင်ကြည်ညွန့်၏ သမီးနှင့်သမက်တို့အား တာဝန်ပေးခဲ့သည်ဟု မောင်သံမဏိတို့က ထုတ်ပြန်ထားသည်။ ၂၀၂၄ သြဂုတ် လကုန်၍ ယခု စက်တင်ဘာအထိ ပစ္စတိုမျှမဟုတ်ဘဲ ဓားမတိုတစ်ချောင်းပင် ရခဲ့ဟန်မတူပေ။ စင်ကာပူဒေါ်လာ ငါးသောင်းကျော် ဘတ်ကီးရိုက်သွားပြီး ယခုအထိ စာမလာ၊ သတင်းမကြားဘဲ ရှိနေသော ကြောင့် အရေးယူရန် တိုင်ကြားလေသည်။မောင်သံမဏိတို့များ အရေးတော်ပုံက အောင်ဦးမည်ထင်၍လားမသိ CRPH က ခေါင်းကိုင်ဖခင်တို့၏ သမီးနှင့်သမက်ကို အရေးယူခိုင်းနေလေသည်။ NUG က မောင်သံမဏိတို့ကို လူသတ်မှုနှင့်ထုတ်ပယ်၊ မောင်သံမဏိတို့က CRPH, NUG က လူကြီးသမီးနှင့် သမက်ကို အရေးယူခိုင်းနေလေရာ တော်လှန်ရေးနောက်မှလုပ်ပါ CRPH, NUG နှင့် PDF တို့၏ ဇာတ်ရှုပ်များကို အရင်ရှင်းကြပါဦးဟု ဆိုရမလို ဖြစ်နေလေသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )