PDF တို့ ကယ်တင်မည်ကို ကြောက်ရွံ့နေကြသူများ

၂၀၂၄ အောက်တိုဘာ ၁၉

    'သာမဏေန သမဏော၊ ဂေါဏေန ဂေါဏော'ဆိုသည့် စကားပုံအတိုင်း ရဟန်းတော်သည် ရဟန်းတော်အချင်းချင်းသာ ပေါင်းဖက်မိသည်။ နွားသည် နွားအချင်းချင်းသာ ပေါင်းဖက်မိကြသည်။ ထို့အတူ ကောင်းသူသည် ကောင်းသူအချင်းချင်း၊ မကောင်းသူသည် မကောင်းသူအချင်းချင်းသာ ပေါင်းဖက်မိကြ၏ဆိုသည့် မြန်မာစကားပုံသည် အလကားထားခဲ့ခြင်းမဟုတ်။ တစ်နည်းဆိုရသော် 'သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့'ဆိုသကဲ့သို့ စိတ်တူစရိုက်တူများ ပေါင်းဖက်ရာမှ ဤဇာတ်လမ်းစခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။ အကြောင်းက အညာတွင် အသက်(၁၁) နှစ်အောက် သက်ငယ်မုဒိမ်းမှုများ အလွန်များလာပြီ ဟူသတတ်။ 'ကျွန်တော်ကတော့ ချောစုဟန်ပါ'ဟု အစရှိသည့် စကားနှင့်စပြီး အညာက PDF များ၏ အသက်မပြည့်သေးသည့် ကလေးငယ်များမှစပြီး အရွယ်မရှောင် မုဒိမ်းကျင့်မှုများကို ထုတ်ဖော်လာသူက အညာသူ PDF မလေး ချောစုဟန်ပင်ဖြစ်သည်။
    သူမပြောစကား အနှစ်ချုပ်ဖောက်သည်ချရလျှင် အညာတွင် PDF ကြီးစိုးသည့်နေရာများ၌ သက်ငယ်မုဒိမ်းမှုများ ထူပြောလာနေခြင်းအတွက် NUG က လူကြီးများသိစေရန် တိုင်တည်သည့် Movie တစ်ခုရိုက်၍ သူစွမ်းနိုင်သည့်ဘက်က တင်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အင်း...သို့သော်လည်းဆို သို့သော်လည်း ပါခင်ဗျ။ NUG ကလူကြီးများကိုယ်တိုင်က မုဒိမ်းမှုများကျူးလွန်ပြီး သူတို့အချင်းချင်း ဖုံးကွယ်ထားရသည့် ဇာတ်လမ်းများရှိသည်ကို ချောစုဟန်ဆိုသည့် အညာက PDF မလေး မသိရှာဘူးထင်ပါ။ သူ့တင်ပြချက်ကို ဆက်ရလျှင်အညာတွင် သက်ငယ်မုဒိမ်းမှုများ ထူထပ်လာ ခြင်း၊ ခပ်စိပ်စိပ်တွေ့လာရခြင်းနှင့်အတူ အသက်(၇)နှစ် မှ (၁၁)နှစ်အတွင် PDF ကြီးစိုးရာများတွင် အတွေ့ များလာနေပြီဟု ဆိုလေသည်။ ထိုပြသနာကို PDF ကြီးစိုးသည့်နေရာ၌ မည်ကဲ့သို့ ဖြေရှင်းနေကြ သနည်းဟုဆိုလျှင် ငွေကြေးဖြင့် ကျေအေးပေးခြင်း၊ မိသားစုပြဿနာဟု သတ်မှတ်ကာ တိုးတိုး တိတ်တိတ်နေခြင်းဖြင့်သာ ဖြတ်သန်းနေကြပြီး ပသုံးလုံးဆိုသူများနှင့် NUG ဆိုသူများ ဘက်က တစ်စုံတစ်ရာ အရေးယူမှုမရှိဟု ဆိုလေသည်။အရေးယူမှုမရှိဆိုခြင်းထက် အရေးယူရမည့် ဥပဒေလည်း မရှိဟုဆိုလေရာ NUG က ဝန်ကြီးတစ်ယောက်နှင့် ထိုင်းနိုင်ငံထွက်ပြေးသည့် မင်းသမီးလေးတစ်ပါး၏ လက်လွန် ကြက်သွန်ဖြစ်မှုကို ဝမ်းလည်း၀ ဗိုက်လည်းဝလာမှ မယားကြီးနှင့် ပြဿနာဖြစ်သည့် အကြောင်းသည် ကလေးမမသိသောကြောင့် NUG ကို သည်လိုအမှုအခင်းမျိုး အရေးယူခိုင်းနေခြင်း ပါလားဟု သဘောပေါက်မိသည်။ 
    သည်ကလေးမ အဓိကထားပြောသည်က သက်ငယ်မုဒိမ်းမှုကို အရေးယူစေရန် ဦးစားပေးပြော နေသောလည်း ချောင်းဦးပတ်ဝန်းကျင်တွင် အသက်မပြည့်သေးသည့် အမျိုးသမီး၊ အမျိုးသား ခြောက်ဦးခန့်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့သည့်အမှုကိုပင် NUG က ရူးချင်ယောင်ဆောင်သွားတာလည်း ကလေးမ မသိသောကြောင့် အခုထိ အားကိုးနေပါလားဟု သနားမိ၏။ သို့မို့ကြောင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့ဆိုသလို စရိုက်တူသူများ ဆုံသောအခါ သည်လို အရာများကို NUG က ဘယ်လိုအလေးထားမလဲဟုသာ ကလေးမလေးကို သတင်းစကားပါးချင်ပါသည်။


ဂုဏ်ယူစရာမည်ပါစ
    အောက်တိုဘာ ၁၃ ရက်တွင် မန္တလေးမြို့ ၆၂ လမ်း ၁၂၄ x ၁၂၅ ကြားတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲမေတစ်ဦးကို မန္တလေး PDF လက်နက်ကိုင်များက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားရာ တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေမှာ ရင်ဝဖောက်ထွက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဤကဲ့သို့ လက်နက်ကိုင်ထားသူက လက်နက်မဲ့ သူအမျိုးသမီးတစ်ဦး ကို ပစ်ခတ်လုပ်ကြံခြင်းအတွက် မန်းက PDF များနှင့် PDF ထောက်ခံသူများက ယာဉ်ထိန်းရဲမေကို ပစ်ခတ်ခဲ့ရာ အသေမပစ်ခဲ့၍ စိတ်ပျက်နေကြောင်း ရေးသားနေကြလေသည်။ ထိုအဖွဲ့အစည်းနှင့် နောက်လိုက်အပေါင်းအပါတို့၏ အကုသိုလ်စိတ်ကို ထိုနေရာတွင် အတိုင်းသား မြင်တွေ့နေရလေသည်။ (မှတ်ချက် ယာဉ်ထိန်းရဲများနှင့်ပတ်သက်၍ နေရာတော်တော်များများက ပြည်သူ့အပေါ် အဖမ်း အဆီးများပြီး ငွေတောင်းကြမ်းနေကြောင်း မှတ်ချက်အချို့ကိုလည်း တွေ့မြင်ခဲ့ရသည်) ထိုကဲ့သို့ လူ သတ်ခြင်းကို အားပေးအား မြှောက်ပြုရာတွင် သည်တစ်နေရာတည်းတွင်မဟုတ် ယင်းအောက်တိုဘာ ၁၃ ရက်တွင်ပင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မ တီအဖွဲ့ဝင်တစ်ဦး ကို လက်နက်ကိုင် PDF များက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ လက်နက်မဲ့သူကို လုပ်ကြံခဲ့ပြီး Mission အောင်မြင်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြန်လာလေသည်။ လုပ်ကြံသည့်အဖွဲ့က Golden Valley WARRIORS အဖွဲ့ဖြစ်ပြီး နောက်ထပ်လုပ် ကြံမှုများကိုလည်း ယခုကဲ့သို့ အောင်မြင်အောင်လုပ် ဆောင်မည့်အကြောင်းနှင့် လုပ်ကြံခဲ့သူများ လုံခြုံသည့်နေရာသို့ ရောက်ရှိပြီဟု ထုတ်ပြန်ထားသည်။ ထို့ထက် ထူးဆန်းသည့် အဖြစ်အပျက်က ရှိသေးသည်။ 'မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ တစ်ဦးသေဆုံး'ဆိုသည့် သတင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ရေးသားတင်ဆက်နေလေသည်။ အောက်တိုဘာ ၁၁ ရက် နံနက် ၁၀နာရီခန့်တွင် မြင်းမူမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း၌ မိုင်းရှင်းလင်းနေသော တပ်သားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က တစ်ဦးသေဆုံးခဲ့သည်ဟု ရေးသားထား လေသည်။ ပစ်ခတ်လုပ်ကြံသည့်အဖွဲ့က Moe Nay Revolu-tion Force M.N.R.E က ဖြစ်သည်ဟု ထုတ်ပြန်ထား သည်။ သည်ဖြစ်ရပ်များကိုကြည့်လျှင် ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသည်ဆိုသည့်သူများက မည်ကဲ့သို့သူများကို သတ်ဖြတ်မှုကျူးလွန်နေကြသနည်း။ ယာဉ်ထိန်းရဲမေဆိုသည်မှာ မြို့ပြအထူး သဖြင့် မြို့လယ်ကောင် နေရာမျိုးတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းပေးခြင်း၊ ယာဉ်တိုက်မှုမဖြစ်ပွား စေရန် ပြုလုပ်ပေးသူဖြစ်ပြီး ထိုကဲ့သို့သောသူကို ပစ်ခတ်ခြင်း၌ အသေမပစ်ခတ်ခြင်းကို အပြစ်တင်ခြင်းအပြင် အားပေးအားမြှောက် ပြုနေခြင်းက ဂုဏ်ယူစရာဟုတ်ပါ။ လက်နက်မဲ့ မြို့နယ်ကော်မတီဝင်ကို ပစ်ခတ်လုပ်ကြံခြင်းကိုပင် မဟာအောင်မြင်မှုကြီးကဲ့သို့ အောင်ပွဲခံနေကြသည်ကိုလည်း အံ့သြမိသည်။ နောက်ဆုံးအဖြစ်က ပို၍ဆိုးသည်ဟုပင် ဆိုရမည်ဖြစ်သည်။
    သူတို့၏စာထဲမှာကိုပင် အတိအလင်းပါထား ပြီးသားဖြစ်သည်။ မိုင်းရှင်းလင်းရေးလုပ်နေသည့် စစ်တပ်ကလူဟု ဆိုထားရာ မိုင်းရှင်းလင်းခြင်းသည့် မည်သူ့အတွက်နည်း။ လမ်းပေါ်တွင် မိုင်း ထောင်သည့်သူများသည် ပြည်သူ့အတွက်ဟု ကြွေးကြော်ထားသော လက်နက်ကိုင် PDF များကဖြစ်ပြီး ထိုပြည်သူ့အတွက်ဟုကြွေး ကြော်ထားသူများ ထောင်ထားသည့် လမ်းမပေါ်က မိုင်းကို တပ်မတော်သားက ရှင်းလင်းပေးနေခြင်း မဟုတ်လား။ အများသူငါ သွားသည့်လမ်းကို မိုင်းထောင်သူက  ပြည်သူ့အတွက်ဟု ဆိုထားသူများက ထောင်ထားခြင်းဖြစ်ပြီး အကယ်၍ ထိုမိုင်းသာပြည်သူများ သွားလာစဉ် ပေါက်ကွဲပါက ထိုမိုင်းထောင်ထားသည့်သူများက ပြည်သူ့အတွက်ဟုပြောပါဦးမည်လား။ ထိုမိုင်းကို ရှင်းလင်းသည့် လုံခြုံရေးအဖွဲ့ကိုလည်း ပစ်ခတ်လုပ်ကြံပြီး ဂုဏ်ယူနေသေးသည်။ ယာဉ်ထိန်းရဲသတ်သည်ကိုလည်း အောင်ပွဲခံသည်။ အုပ်ချုပ်ရေးမှူးသတ်သည်ကိုလည်း အောင်ပွဲခံသည်။ ပညာရေးဝန်ထမ်း ဆရာဆရာမများ၊ ကျန်းမာ ရေးဝန်ထမ်းများကို သတ်စဉ်ကလည်း အောင်ပွဲခံကြသည်။ ကိုယ်နှင့်အယူအဆမတူသူကို ဒလန်ဟုစွပ်စွဲသတ် ဖြတ်စဉ်ကလည်း အောင်ပွဲခံကြသည်။ မှတ်မိဦး မည်ထင်ပါသည်။ ရန်ကုန်မြို့ပတ်ရထားရဲများကို သတ်ဖြတ်ခဲ့စဉ်ကလည်း အောင်ပွဲခံခဲ့ကြရဲ့ မဟုတ်လား။ ထိုမီးရထားရဲများသည် သူ့ဘာသာရထားပေါ် စောင့်ရှောက်နေသူများဖြစ်ပြီး မည်သူ့ကိုမျှ ဘာမှလုပ်သူများမဟုတ်။ ထိုသူတို့ ကိုသတ်ဖြတ်စဉ်က အောင်ပွဲခံပြီး တစ်ဖက်က သေဒဏ်ပေးချိန်တွင် ရက်စက်သည်၊ လူမဆန်သည့်လုပ်ရပ် စသဖြင့် မျိုးစုံပြောကြလေတော့သည်။ သို့မို့ကြောင့် အကျိုးကို မကြည့်နှင့် အကြောင်းကိုလည်းရှာဟုသာ ဆိုချင်ပြီး ယခု သတ်ဖြတ်ခဲ့သူများဖမ်းမိမှ အောင်ပွဲခံခဲ့သူများ မည်ကဲ့သို့ပြောမည်ကို စောင့်ကြည့်ချင်သေးသည်။


PDF များကယ်တင်မည်ကို ကြောက်ရွံ့နေသူများ
    အခက်အခဲကြုံဒုက္ခတွေ့နေပြီဆိုလျှင် ကယ်တင်မည့်သူ ပေါ်ပေါက်လာပါက ပျော်ရွှင်ကြမည်က သဘာဝကျရဲ့ မဟုတ်လား။ ယခုကြားလိုက်ရသည့် ဖြစ်စဉ်က ထိုကဲ့သို့မဟုတ်ပေ။ ထိုအကြောင်းကို ပြောဖို့ နယ်တွင်ရှိသည့် မိတ်ဆွေပြောပြသည့်အကြောင်းကို ဖောက်သည်ချရမည်ဖြစ်သည်။ နယ်တွင်ရှိ သည့်မိတ်ဆွေက သူ၏သူငယ်ချင်းသည် မကြာခင်က ပြစ်မှုပြစ်ဒဏ်စေ့၍ အကျဉ်းထောင်မှ လွတ်လာခဲ့သူအကြောင်းဖြစ်သည်။ အကျဉ်းကျနေသူက အထဲတွင် အေးအေးဆေးဆေးဟု ဆိုလေသည်။ လျှပ်စစ်မီးမှန်၊ အချိန်မှန်ထမင်းစား၊ ပုံမှန်လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်နေရင်း အပြင်ထွက်လာမှ လျှပ်စစ်မီးလည်းမမှန်၊ ဟိုကြောက်ရ၊ သည်ကြောက်ရနှင့် နေရထိုင်ရပင် ခက်နေသည်ဟု ဆိုလေသည်။ သူတို့အထဲတွင်ရှိနေစဉ် အကြောက်ဆုံးအရာက ထောင်ပြောင်းရမည်ကို အကြောက်ဆုံး ဖြစ်သည်ဟု ဆိုသည်။ အကြောင်းက ထောင်ပြောင်းမည်ဆိုလျှင် PDF များက သတင်းရသွားလျှင် လာ၍ကယ်တင်တတ် လွန်း၍ ဖြစ်သောကြောင့်ဟု ဆိုလေသည်။ ကျွန်တော်က စောဒကတတ်မိ၏။ "လာကယ်လို့ လွတ်ရင်မကောင်း ဘူးလား" ဟုဆိုရာ ထိုအချိန်မှ ဇာတ်စုံခင်းပြလေသည်။ PDF များ ကယ်တင်ပုံက အကျဉ်းသားပါသည့်ကားကို အရင်ဆုံး လက်နက်ကြီးနှင့်ထု၍ ကယ်တင်သည်ဟု ဆိုလေသည်။ သူတို့၏ အယူအဆအရ အကျဉ်းသား ၁၀ ဦးတွင် နှစ်ဦးခန့်လွတ်မြောက်လျှင်လည်း မနည်းဟုခံယူထားပြီး ကျန်ရှစ်ဦးသေလျှင်လည်း တန်သည်ဟု သဘောထားသော ကြောင့်ဖြစ်သည်ဟု ဆိုလေသည်။
    စက်လှေဖြင့် အကျဉ်းထောင်ပြောင်းသူတစ်ဦး၏ အတွေ့အကြုံတွင် အကျဉ်းသားများပါသည်ကို သိသောကြောင့် ထိုစက်လှေကို ကမ်းစပ်မှနေ၍ လက်နက်ကြီးဖြင့်လှမ်းထုကာ ကယ်တယ် လေသည်ဟု ဆိုလေသည်။ အကျဉ်းသားများမှာ ခေါင်းပင်မဖော်နိုင်ဘဲ သူတို့ကယ်တင်မည်ကို စိုးတ ထိတ်ထိတ်ဖြင့် ကြောက်ရွံ့နေကြရသည်ဟု ဆိုလေသည်။ သူတို့ကယ်တင်သဖြင့် သေဆုံးခဲ့သည့် သာဓကများလည်းရှိရာ PDF မောင်တို့ကို တတ်နိုင်လျှင် အကျဉ်းသားများကို မကယ်ဖို့သတင်း စကားပါးချင်မိ၏ ဆိုလေသည်။ သူ့ဟာသူ နေသည်က အကောင်းသား။ PDF မောင်တို့ကယ်၍ တိုင်းပြည်လည်း တော်တော်နာနေပါပြီဟု သူငယ်ချင်းပြောသည့်စကား နားထဲက မထွက်သေးပေ။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 239

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43005

© 2022 - 2025 News. All Rights Reserved.