ရန်ကုန်၊ မတ် ၅
ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော အသည်းရောင်အသားဝါ (အေ) ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတိပေးထုတ် ပြန်ထားသည်။ အသည်းရောင် အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်(အေ) ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်ကြောင်း၊ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ပြီး အထူးသဖြင့် ကလေးငယ်များတွင် ပိုမို အဖြစ်များတတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
ရောဂါကူးစက်နိုင်သည့် နည်းလမ်းများမှာ ရောဂါပိုးရှိသူ ခန္ဓာကိုယ်မှထွက်သည့် အညစ်အကြေးများပါရှိနေသည့် မသန့်ရှင်းသော အစားအ သောက်များကို စားသောက်မိခြင်း၊ အသည်းရောင်အသားဝါ (အေ)ရောဂါပိုးရှိသူ လူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်းများမှ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းများဖြစ်ပြီး ပြင်းထန်စွာ အသည်းရောင်ပါက ရုတ်တ ရက် အသည်းပျက်စီး၍ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း အသိပေးထားသည်။
ထို့အပြင် အသည်းရောင်အသား ဝါ(ဘီ)သို့မဟုတ် (စီ)ရောဂါပိုးရှိသူများ၊ HIV ပိုးရှိသူများမှာ ရောဂါဖြစ်ပွားရင် ပိုမို ပြင်းထန်စွာ ခံစားရနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ကာကွယ်နိုင်မယ့် နည်းလမ်းများမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိပြုရန်၊ အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြု ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေး ကြောခြင်းများ ပြုလုပ်ရန်၊ အစားအစာများကို မချက်ပြုတ်မီ သန့်ရှင်းသည့် ရေဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ ဆူပွက်သည်အထိ ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်စင် ဆေးပြား အသုံးပြုထားသော သန့်စင်သည့် ရေ (သို့မဟုတ်) FDA အသိအမှတ်ပြု ရေသန့်ကို သောက်သုံးခြင်း၊ အစားအစာများကို အစိမ်းစားသုံးခြင်း၊ ယင်နားစာ စားသုံးခြင်းများကို ရှောင်ကြဉ်ခြင်း၊ အိမ်သာနှင့်မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန် သတိပြုပြီး ယင်လုံအိမ်သာသုံးစွဲခြင်း စသည့်နည်းလမ်းများကို လိုက်နာဆောင် ရွက်ကြရန် လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အသည်းရောင်အသားဝါ (အေ)ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ နဒီ