၂၀၂၄၊ မတ် ၂၉
ခုတလော ထူးမြတ်တစ်ယောက်လည်း ပြည်ပထွက်ချင်စိတ် တဖွားဖွားပေါ်မိသည်။ ထူးမြတ်ဆို တာကလည်း ရေခြားမြေခြားဆိုလို့ ရန်ကုန် တစ်ဖက်ကမ်း ဒလလောက်သာ ရောက်ဖူးတော့ နိုင်ငံခြား ရောက်ဖို့ဆိုတာက အိပ်မက်ပင်ဖြစ်သည်။ ငယ်ငယ်ကတည်းက နိုင်ငံခြားသွား အလုပ်လုပ်နေသူတွေကို အထင်ကြီးမိတာ ဖြစ်သည်။ ထူးမြတ်တို့ လူပျိုပေါက်ဘဝက ကိုယ့်ထက်ကြီးတဲ့လူတွေ မလေးရှားတို့၊ စင်ကာပူတို့ သွားအလုပ်လုပ်တာ အားကျဖူးသည်။ ရေခြားမြေခြားမှာ ဘယ်လိုအလုပ် လုပ်ရသည် မသိသော်လည်း မြန်မာပြည် ပြန်လာရင် အိမ်တစ်ဆောင် မီးတစ်ပြောင် နေရတာမြင်တော့ နိုင်ငံခြားကို အထင်ကြီးသည့်ရောဂါက ငယ်ငယ်လေးကတည်းက အမြစ်တွယ်လာသည်ဟု ပြောနိုင်သည်။ ငယ်ငယ်ကတော့ နိုင်ငံခြားနဲ့ပတ်သက်လို့ ကြားဖူးနားဝက များလှသည်။ ဂျပန်သွားရင် အိုက်တိုးပဂေးစံ အိုးတိုက် ပန်ကန်ဆေးရသည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေ နိုင်ငံခြားသွားရရင် ငွေများများရသည်ဆိုခြင်းက ထူးမြတ်တို့လို အသက်အရွယ်တွေကြားမှာ အိပ်မက်တစ်ခု ပင်ဖြစ်သည်။
နောက်အလုပ်တစ်ခုက ထူးမြတ်တို့ ငယ်ဘ၀ အိပ်မက်တစ်ခုဖြစ်သည်။ ထိုအလုပ်က သင်္ဘောသားအလုပ်ဖြစ်သည်။ တချို့ကလည်း သင်္ဘောတက်သည်ဆိုတာက သင်္ဘောပေါ်မှာ ကုန်းပတ်တိုက်ရ သည်ဟုဆိုကြပြန်သည်။ ကုန်းပတ်မကလို တစ်စီးလုံးပဲ တိုက်ရတိုက်ရ သင်္ဘောသားဆိုရင် မြန်မာ ပြည်မှာ သူဌေးလူတန်းစားတစ် ရပ်ပင်ဖြစ်သည်။ သင်္ဘောသာဆိုလျှင် တိုက်နဲ့ကားနဲ့နေရသည်။ လုပ်အားခကို ဒေါ်လာနှင့်ရသလို သင်္ဘောသား ဝတ်စားဆင်ယင်မှုကလည်း တစ်ခေတ်တစ်ခါက ထိပ်တန်းရောက်ဖူးသည်။ ပြည်တွင်းမှာ မပေါ်သေးသည့် ရောင်စုံတီဗွီကြီးတွေကို သင်္ဘောသားတွေ သယ်လာမှ မြင်ဖူးကြသည်။ သင်္ဘောသားတွေ ပြည်ပကယူလာပြီး မြန်မာပြည်ကလူတွေ တစ်ခါမှ မမြင်ဖူးတဲ့ အဝတ်အစားတွေ၊ လူအသုံးအဆောင်ပစ္စည်းတွေ ပြန်ရောင်းသည့် ဈေးကွက်ကလည်း တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသေးသည်။ ဒါကြောင့် ထူးမြတ်တို့လို့ အသက် (၄၀) တန်း လူလတ်ပိုင်း တွေရဲ့ အိပ်မက်က နိုင်ငံခြားသွားချင်ကြသလို သင်္ဘောသားလည်း ဖြစ်လိုကြသည်။
အခုတော့ ခေတ်စနစ်က ပြောင်းသွားပြီဖြစ်သည်။ အရင်ကလို ပြည်ပထွက်အလုပ်လုပ်ဖို့ အောက်လမ်းတို့၊ မှောင်ခိုတို့၊ ကြားပွဲစားတို့ မရှိတော့ချေ။ ပြည်ပအလုပ်အကိုင်တွေကလည်း တရားဝင် ခေါ်ယူကြသလို အစိုးရကလည်း တရားဝင်စေလွှတ်ပေးသည်။ အရင်က ခေတ်ထဖူးခဲ့သော မလေးရှား၊ စင်ကာပူဆိုတဲ့ နိုင်ငံတွေက ခုဆိုရင် လူငယ်ထု စိတ်မဝင်စားသော နိုင်ငံဖြစ်လာသည်။ ခုခေတ်က အနိမ့်ဆုံး ကိုရီးယားဆိုတာမျိုးဖြစ်လာသည်။ ကိုရီးယားကလည်း လုပ်သားထောင်သောင်းချီခေါ်တဲ့အပြင် လုပ်ငန်းခွင်ကလည်း ရွေးချယ်လို့ရတာ ကြောင့် ရန်ကုန်မြို့ရဲ့နေရာအနှံ့မှာ ကိုရီးယား EPS လုပ်သားသင်တန်းတွေက လက်ညှိုးထိုးမလွဲ ဖြစ်လာသည်။ ဒီကြားထဲ ဂျပန်က တစ်ခေတ်ဆန်းလာ ပြန်သည်။ ဂျပန်နိုင်ငံက အလုပ်တွေကတော့ အဆင့်မြင့်လှသည်။ ဂျပန်ကို အလုပ်သွားဖို့ ဂျပန်စာကို သူ့အဆင့်လိုက် သင်ယူပြီး လုပ်သားရွေးချယ်ခေါ်ယူကြသည်။ ဟိုရောက်မှ အလုပ်သင်လုပ်သားအဖြစ်ခန့်ပြီး ကျွမ်းကျင်လုပ်သားအဖြစ် ကူးပြောင်းကြရသည်။ ဒီလိုမလုပ်ချင်ရင်လည်း ဂျပန်မှာ ကျောင်းသွားတက်ရင်း အလုပ်လုပ်လို့လည်းရသေးသည်။ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေက ခုခေတ်မှာ အားရစရာ ကောင်းလှသည်။
ဒီတော့ ခေတ်ရေစီးကြောင်းအရ ထူးမြတ်တစ်ယောက်လည်း ပြည်ပနိုင်ငံတစ်ခုခုကိုသွားပြီး အလုပ်လုပ်မှဖြစ်တော့မည်ထင်သည်။ ထူးမြတ်ကတော့ အကြံကြီးသည်။ သူများတွေလို ပြည်ပမှာ နှစ်ကို ဆယ်နဲ့ချီအလုပ်လုပ်ပြီး မြန်မာပြည်မှာ တိုက်တစ်လုံးကားတစ်စီး လောက် ပိုင်တာမျိုးလောက် တော့ စိတ်မဝင်စားချေ။ ပြည်ပမှာ နှစ်နှစ်၊ သုံးနှစ်လောက် သွားအလုပ်လုပ် ပြည်ပမှာ တိုက်တွေ၊ ကားတွေ အရစ်ကျဝယ် နှစ်ပိုင်းအတွင်း ပြည်ပမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ နေချင်တာဖြစ်သည်။ ဒီလိုဆိုရင် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသည့် ညီတော်၊ နောင်တော်တွေ ဝိုင်းဆဲကြပေလိမ့်မည်။ ငါတို့ပြည်ပမှာ အလုပ်လုပ်နေတာကြာပြီ အိမ်တစ်လုံးကားတစ်စီးနဲ့ လစဉ်ငွေနည်းနည်းပဲ ပြန်ပို့ပေးနိုင်သေးတယ်။ ပြည်ပမှာ အိမ်ပိုင်ဖို့ တွေးထားရင်တော့ ရွာသာကြီးသာသွားတော့ဟု ပြောချင်တာ ပြောကြပေလိမ့်မည်။ ထူးမြတ်သွားချင်တာက အာရှနိုင်ငံတွေလို အရှေ့တောင်အာရှထဲက ကိုယ်မသာ သူမသာ နိုင်ငံမျိုးမဟုတ်ဘဲ တော်လှန်ရေး ခေါင်းဆောင်ကြီးများရှိရာ အမေရိကားလို နိုင်ငံမျိုးဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင်မကြီးက ပြည်ပသွားရောက် အလုပ်လုပ်ကိုင်သူများ၏ မီးရှူးတန် ဆောင် ကြီးဖြစ်သည်။ တော်လှန်ရေးတာဝန်တွေ မအားလပ်အောင် ထမ်းဆောင်နေသည့်ကြားက ဆူရှီလိတ်ရင်း အမေရိကားမှာ နေ့ချင်းညချင်း စတိုးဆိုင်ဖွင့် ဒေါ်လာသန်းချီတန် အိမ်တွေ ဝယ်နိုင်သွား ပြီဖြစ်သည်။ ခေါင်းဆောင်မကြီးအရင် အမေရိကား ရောက်နေသူတွေကတော့ အလုပ်မကြိုးစားဘဲ သုံးဖြုန်းနေတော့ ဘဝတွေ မတိုးတက်တာဖြစ်သည်။ ဒါကြောင့် ခေါင်းဆောင်မကြီးရှိရာ အမေရိကား ကို လိုက်သွားပြီး သုံးနှစ်အတွင်း အမေရိကားမှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်စီးပွားနဲ့ ဖြစ်ရမယ်ဆိုပြီး ထူးမြတ်တစ်ယောက် အမေရိကန်သံရုံးရှေ့ ခြေကျင်းလိမ်နေတာဖြစ်သည်။ အမေရိကန်ဗီဇာရရင် မြန်မာပြည်က အမျိုးတွေကို လက်ပြနှုတ်ဆက်ပြီး အမေရိကန်မှာ သူဌေးဖြစ်အောင် ကြိုးစားတော့ မည်ဖြစ်သည်။
ဒါပေမဲ့ ထူးမြတ်တစ်ယောက်ပဲ ရေခြားမြေခြားရောက်ဖို့ ကံမပါလာသည်လားမသိ၊ ခေါင်းဆောင်ကြီးတွေရှိရာ အမေရိကားနိုင်ငံရဲ့ စီးပွားရေးက ရုတ်တရက်ကြီး ထိုးကျသွားသည်ဟုဆိုသည်။ ခေါင်းဆောင်မကြီး ရေးထားတာကတော့ ခုတလော အမေရိကားမှာ Cash Job တွေ လတ်တလောမှာ အတော်ရှားပါးနေတယ် ဟုဆိုသည်။ Cash Job ဆိုတာက US ရောက်အပြီး တရားဝင်အလုပ်လုပ်ခွင့် မရသေးခင်ကာလမှာ နေစရိတ်၊ စားစရိတ်လေးကာမိဖို့ ငွေသားနဲ့ပေးတဲ့ အလုပ်တွေ ရှာလုပ်ရတာမျိုး ဖြစ်ပြီး ခုတလော အလုပ်လိုချင်တဲ့ သူတွေကများပြီး ထိုအလုပ်မျိုးက ရှားလာသည်ဟုဆိုသည်။ ဒီတော့ ခေါင်းဆောင်မကြီးကိုယ်တိုင် ဖွင့်ထားတဲ့ ဆိုင်မှာလည်း အလုပ်မခန့်နိုင်သလို ခေါင်းဆောင်မကြီး နီးစပ်ရာမှလည်း အလုပ်သမားမလိုဟုဆိုတော့ ထူးမြတ် တစ်ယောက် စိတ်ဓာတ်ကျမိလေသည်။
ဒါ့အပြင် ခေါင်းဆောင်မကြီးကလည်း အမေရိကားလာမယ့်သူတွေ အမေရိကားရောက်ရင် သူဌေး ကြီးဖြစ်တော့မယ်အထင်နဲ့ စိတ်ကူးယဉ်ဆန်ဆန်အတွေးတွေထက် လက်တွေ့ကျတဲ့အရှိတရားနဲ့ ဗဟုသုတတွေ၊ အတတ်ပညာတွေကို ရှာဖွေလေ့လာခဲ့ကြစေချင်တယ်လို့ ဆိုပြန်သည်။ မြန်မာနိုင်ငံသည်သာ အကောင်းဆုံးဖြစ်ပြီး အမေရိကားလာရင်လည်း ကိုယ်တို့လွတ်မြောက်လာကြ ပေမယ့် ကိုယ့်တို့အိမ်က အိမ်သားတွေ တစ်ယောက်မကျန် လွတ်မြောက်လာနိုင်မှာမဟုတ်တာကြောင့် 'အားလုံးလွတ်မြောက်ဖို့ အတူရုန်းကြပါစို့'ဟု တိုက်တွန်းထားပြန်သည်။ ဒီလိုဆိုပြန်တော့လည်း ထူးမြတ်တစ်ယောက် အမေရိကားအိပ်မက်က ဝေဝါးသွားရပြန်သည်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကသာ ခေါင်းဆောင်ကြီးတွေနောက်လိုက်ရင် စပျစ်သီးချဉ်တဲ့ ခွေးဘဝရောက်မှာ မဟုတ်ချေ။
ခုတော့ ပုံပြင်ထဲကလို ဖြစ်နေသည်။ ထူးမြတ်တို့က စပျစ်သီး အင်မတန်စားချင်သော ခွေးများ ဖြစ်နေရသည်။ တစ်ခါက စပျစ်သီး အင်မတန်စားချင်သော ခွေးတစ်ကောင်က စပျစ်ပင်ပေါ်ကို တက်မရ ဖြစ်နေသည်။ ထိုအခါ ခွေးကျင့်ခွေးကြံဖြင့် စပျစ်ပင်ပေါ်က ရှဉ့်တွေကို စပျစ်ပင်ပေါ်တက်လာပြီး စားပစ်မည်ဟုခြိမ်းခြောက်ရာ ရှည့်များကလည်း ခွေးစားခံရမှာကြောက်ပြီး စပျစ်ချိုတွေအစား မမှည့်သေးသည့် စပျစ်သီးတွေကို ခွေးကို ဂျင်းထည့်ကာ ကျွေးလေတော့သည်။ ခွေးကလည်း စပျစ်သီးဆိုတာ တော်တော်ချဉ်ပါလားဟုတွေးပြီး စပျစ်ပင်ဘက် ခြေဦးတောင် မလှည့်တော့ချေ။ ခုလည်း ခေါင်းဆောင်ကြီးတွေ ပြောစကားကြောင့်သာ အမေရိကားဆိုတာ စပျစ်သီးလိုချဉ်သလားဟု မေးချင်သော်လည်း အမေရိကားမှာ အိမ်တွေ၊ ကားတွေနဲ့ ဖြစ်နေသည့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေကိုလည်း ကြောက်ရ ပြန်သေးသည်။