ရန်ကုန်၊ ဇွန် ၂၅
ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများအနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဇွန်လ ၂၄ ရက်တွင် ထပ်မံအသိပေး ကြေညာထားသည်။
ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online(MyRo)- www.myro.com.mm တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစတင်၍ မှတ်ပုံ တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့ပြီးဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်အထိ Myanmar Rice Online (MyRo)-www.myro.com.mm တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ သိုလှောင်ရုံ အရေအတွက် ၂၁၃ လုံး၊ တစ်ဦးချင်းလုပ် ငန်းရှင်များ၏ သိုလှောင်ရုံ ၅၁၃ လုံး၊ စုစု ပေါင်းသိုလှောင်ရုံအရေအတွက် ၇၂၆ လုံး မှတ်ပုံတင်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့် အထက်သိုလှောင်သည့် ဆန်စပါး သိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ ထပ်မံအသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။