နေပြည်တော်၊ မတ်လ ၁၂
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရမည်ဖြစ်ပြီး အစိုးရ ဆောင်ရွက်သမျှ ကိစ္စတိုင်းကို ကဏ္ဋကောစ လုပ်နေ၍မရကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောကြားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြီး အောင်မြင်ပါက နိုင်ငံသူ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး အဆိုပါဒေသရှိ ဒေသခံပြည်သူများအနေဖြင့်လည်း စားဝတ်နေရေးဖူလုံမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးရန်လင်းကျော် က ပြောသည်။
"လုံခြုံရေးအရ တရုတ်က သူ့လူ သူပါလာမယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းက ရုရှားပရောဂျက် သူလည်း သူ့လုံခြုံရေးသူ မပါလာဘူးလို့ ပြောလို့ရမလား။ မဟာဗျူဟာ ကျတဲ့ကိစ္စကို ဖော်ဆောင်တာ ဖြစ်တဲ့အတွက် EAOs လို့ပဲ ပြောပြော။ ကျန်တဲ့အဖွဲ့တွေ ဘာတွေ လုပ်တယ်ပြောပြော ပြည်သူ့အတွက်လို့ ပြောတယ်ဆိုရင် ပြည်သူ့အကျိုးစီးပွား ကြည့်ပေးပေါ့ဗျာ။ ဒီကိစ္စက ကောင်းသလား ဆိုးသလား။ ဒီအခွင့်အလမ်းပေါက်သွား ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ပါလာမလဲ စဉ်းစားရမယ်။ ဒီလူတွေလုပ်လို့ ဒါမဖြစ်ရဘူး ဆိုတာထက်စာရင် အပြုသဘောဆောင်တာက ပိုကောင်းတယ်။ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးတယ်ဆိုရင် တိုင်းပြည်အတွက်ရော၊ အကုန်လုံးအတွက်ရော ကောင်းတယ်။ ကလေးတွေလည်း မဟုတ်တော့ဘူး။ ငါတို့မဟုတ်လို့ ဒီပရောဂျက်ကို ငါတို့ကတော့ ကလန့်မှာပဲဆိုရင်တော့ ကလန့်ပေါ့ဗျာ။ အဲဒီပြည်နယ်။ အဲဒီဒေသမှာ ရှိတဲ့ လူတွေပဲ ဒုက္ခများကြမှာ။ လူကြီးအတွေး တွေးတတ်ဖို့လိုပြီ။ မင်းတို့ထက် ငါတို့သိလို့ ဒီအလုပ်တွေ လုပ်တယ်။ သဘောတစ်ခု EAOs တွေဖြစ်ဖြစ်၊ လက်နက်ကိုင်တွေဖြစ်ဖြစ် ကျွန်တော်တို့ထက် ရဲရင့်လို့ လက်နက်ကိုင်တာ သဘောပေါက်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်ခြင်းအားဖြင့် ဘယ်သူတွေကို ဒုက္ခပို ရောက်သွားစေနိုင်လဲဆိုတာ သူတို့သိတယ်။ ရေနက်ဆိပ်ကမ်းလို ပရောဂျက်တစ်ခုရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးလို့ရမယ်။ ကောင်းတာတွေတွေးရင် ကောင်းတာတွေရမယ်။ မကောင်းတာတွေ တွေးရင်တော့ မကောင်းတာ ဖြစ်လာမယ်။ ပေါက်ပေါက်မြောက်မြောက် ခိုင်ခိုင်မာမာ လုပ်ပြလိုက်ရင် ပြီးမြောက်အောင်မြင်သွားမှာပါ"ဟု ၎င်းက ပြောသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းဆောင်ရွက်ရာတွင် လုံခြုံရေးအရ စိုးရိမ်ပူပန်စရာမဟုတ်ကြောင်း တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စက ရုရှားအနေနဲ့ မြန်မာ့တပ်မတော်အင်အားကို အားထားမှာကိုး။ တပ်မတော်က လုံခြုံရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍကို တာဝန်ယူထားတာ။ တပ်မတော် အင်အား ရှိတဲ့အတွက်ကြောင့် ပုဂ္ဂလိက လုံခြုံရေးဆိုတဲ့ အနေအထားက မလိုအပ်တော့ဘူးပေါ့ဗျာ။ သူတို့ လုံခြုံရေးကို သူတို့တာဝန်ယူမှာပေါ့။ နောက်တစ်ခုက ကမ္ဘာကြီးရဲ့ မတည်ငြိမ်မှုမှာ အင်အားကြီး နိုင်ငံတွေက ကိုယ့်နိုင်ငံလုံခြုံဖို့၊ ကိုယ့်နိုင်ငံကို အကာအကွယ် ပြုနိုင်ဖို့ဆိုတဲ့ စီမံကိန်းတွေနဲ့ နေရာဒေသတွေ ခွဲဝေချထား ထားတာမျိုး လုပ်လာတာတွေရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်ကတော့ လိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံကြီးတွေ ဝင်ရောက်နိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ရသွားတာပေါ့။ သို့သော်လည်း ထားဝယ် ရေနက်ဆိပ်ကမ်း ဆိုတာကတော့ လက်ခံရမှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အတွက် ကျွန်တော်တို့ လိုအပ်တယ်။ သူတို့က နည်းပညာကျွမ်းကျင်မှုလည်း ရှိနေတဲ့အခါကျတော့ ရုတ်တရက် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲ တိုးတက်မှု တစ်ခု ဖြစ်သွားမှာပေါ့ဗျာ။ လုံခြုံရေးမတည်ငြိမ်တဲ့ အပိုင်းကတော့ လုံခြုံရေး တည်ငြိမ်အောင် တပ်မတော်ကလည်း တာဝန်ယူလုပ် ပေးရမယ်။ သူတို့ဘက်ကလည်း ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိမယ်။ အဓိကက နိုင်ငံတွင်း လုံခြုံရေးမှာ တပ်မတော်က အဓိကပဲ။ ရုရှားတပ်နဲ့ သီးခြား လုံခြုံရေးယူ မယ်ဆိုတာ မျိုးကတော့ မလွယ်ပါဘူး။ တပ်မတော်ရဲ့ စီမံမှုနဲ့ပဲ သွားရမှာ။ ဒါကြီးက သိပ်စိုးရိမ်နေ ရမယ့်ကိစ္စမဟုတ်ပါဘူး"ဟု ၎င်းကပြော သည်။
ထို့အပြင် လျှပ်စစ်မီးအတွက် နျူကလီယားစွမ်းအင်ဖြင့် ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပနိုင်ငံများမှ စွမ်းအင်အစားထိုး တင်သွင်းမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း စီးပွားရေး လေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
"လျှပ်စစ်ကဏ္ဍက အဲဒီဘက်အခြမ်းက တကယ်လုပ်ပြီဆိုရင် ကောင်းလာမှာ။ အခြေခံအဆောက်အအုံကောင်းရင် တိုင်းပြည်တစ်ခုမှာ ကျန်တဲ့ကဏ္ဍတွေ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ အကုန်လုံးက လျှပ်စစ်မီးကို အခြေခံတာပဲ။ လျှပ်စစ်မီးကဏ္ဍ တိုးတက်လာရင် အခြားနိုင်ငံတွေက အစားထိုးစွမ်းအင် တင်သွင်းမှုကဏ္ဍတွေ လျော့လာမယ်။ ဆီသုံးစွဲနေရတဲ့ စက်ရုံအလုပ်ရုံတွေ မီးမှန်ရင် ဆီသုံးစရာ မလိုတော့ဘူး။ နိုင်ငံခြား ငွေက သူလျှော့ချချင်တဲ့ကဏ္ဍတွေ လျှော့ချလို့ ရလာမယ်။ လျှပ်စစ်မီးရဲ့ နောက်ဆက်တွဲမှာ ဖြစ်နေတဲ့ကိစ္စတွေအများ ကြီးဆိုတော့ ကောင်းတာတွေကို ပူးပေါင်း လုပ်ဆောင်ကြစေချင်တယ်"ဟု ၎င်းကပြောသည်။
လျှပ်စစ်မီးကဏ္ဍနှင့်ပတ်သက်၍ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက "ဒီအချိန်မှာက နျူကလီးယားနဲ့ လျှပ်စစ်ထုတ်မှ အချိန်တိုတိုနဲ့ ဖြတ်သန်းနိုင်မှာ။ တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံမှာ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်ထုတ်မယ်ဆိုတော့ ဒေသခံ ပြည်သူတွေက အပြင်းအထန် ကန့်ကွက်ကြတယ်။ နိုင်ငံတကာမှာ နည်းပညာတွေ မြင့်လာတဲ့ အခါကျတော့ ဆိုးကျိုးရာခိုင်နှုန်းက တော်တော်လေးကို လျော့ပါးသွားတာ တွေ့ရတယ်။ အခု နျူကလီးယား ဆိုရင် ကျွန်တော်တို့ နိုင်ငံကလူတွေက ရုတ်တရက်တော့ လန့်သွားမယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ပြောင်းလဲနေပြီ အရာရာဟာ နျူကလီးယားစွမ်းအင်နဲ့ တည်ဆောက်နေကြတယ်။ အထူးသဖြင့် လျှပ်စစ် စွမ်းအားပေါ့။ ကျွန်တော်တို့ တိုင်းပြည်မှာ လျှပ်စစ်စွမ်းအားမှ မလုပ်နိုင်တော့ဘူးဆိုရင် တိုင်းပြည်တိုးတက်ဖို့ ဘာမှ မျှော်လင့်မနေနဲ့ တိုးတက်စရာ အကြောင်းကို မရှိတော့ဘူး။ အခုလက်ရှိ ကျွန်တော်တို့ ခံစားနေရတယ်။ လျှပ်စစ်စွမ်းအားကိုလည်း ဒီအချိန်မှာ ဘယ်လိုထုတ်မလဲလို့ စဉ်းစားကြတဲ့ အခါကျတော့ နျူကလီးယားနဲ့ထုတ်တဲ့ လျှပ်စစ်စွမ်းအားကတော့ အမြန်ဆုံး ကောင်းကျိုးရမှာပေါ့။ သို့ သော်လည်း ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိလာနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဘယ်လိုတားဆီး ကြမလဲဆိုတာ စဉ်းစားပြီးတော့ ကြိုတင်ပြင် ဆင်တာလည်း ပြင်ဆင်ရမှာပေါ့ဗျာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေဟာ အဆိုးရွားဆုံး မရောက်သွားဖို့နဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး တိုင်းပြည်တိုးတက် ပြောင်းလဲအောင် လုပ်ဖို့ လိုအပ်တယ်"ဟု ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ရုရှားနိုင်ငံနှင့် အဓိက ဆောင်ရွက်မည် ဖြစ်သော်လည်း မည်သည့်နိုင်ငံမဆို ပါဝင်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
"မြန်မာနိုင်ငံမှာ အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး သုံးခုရှိတယ်။ ကျောက် ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ ဖြစ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ရပ်ဆိုင်းနေတာကြာပြီ။ ဒီထားဝယ် ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ ဆောင် ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထား ဆောင်ရွက်သော်လည်း ဘယ်နိုင်ငံ မဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ပြော ချင်ပါတယ်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော သည်။
အဆိုစီမံကိန်းများနှင့် ပတ်သက်၍ စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက "စီးပွားရေးအရကတော့ ကျွန်တော်တို့ မျှော်လင့်ရမှာက ရင်းနှီးမြှုပ်နှံမှုတွေပါ။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် နိုင်ငံခြား ငွေတွေရလာမယ်။ နောက်တစ်ခု နိုင်ငံသူ နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ မလွဲမသွေ ရမယ့်ကိစ္စ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမယ့်ဒေသက ဒေသခံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်၊ စားဝတ်နေရေး ဖူလုံလာမယ်။ ဒီအချိန်မှာ တခြားဘာတွေ၊ ညာတွေ ခေါင်းထဲ ထည့်နေလို့ မရဘူးဗျ၊ ထည့်နေရင် အလုပ်မဖြစ်ဘူး။ ရှေ့မတိုးနိုင်ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ လာ ရောက်လုပ်ကိုင်မယ့် သူတွေကို နွေးနွေးထွေးထွေး ကြိုဆိုရမယ်ဗျ။ ဒါမှ တိုင်းပြည်က တိုး တက်မှာဗျ။ ဒီအစိုးရကို မကြိုက်လို့ နောက်အစိုးရမှ လာပါလို့လည်း လုပ်လို့မရဘူး။ အဲဒါဆိုရင် တိုင်းပြည် တိုးတက်မှုက ဟိုးအနောက်ကို ရောက်သွားမှာ။ လက်ရှိအချိန်မှာ လက်ရှိ အစိုးရကလည်း သူလုပ်နိုင်တာကို သူလုပ်သွားလိမ့်မယ်။ သူလုပ်တာကောင်း တဲ့ကိစ္စ၊ နိုင်ငံအကျိုးရှိမယ့်ကိစ္စဆိုတာ လက် ခံရမှာပဲ"ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မီဂါဝပ် ၁၁၀ အားရှိသည့် နျူကလီယားဓာတ်ပေါင်းဖိုကို ရုရှား၏ အကူအညီနှင့် တည်ဆောက်သွား မည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် စီးပွား ရေးအရ အခြေခံ ကောင်းမွန်လာမည့် ထားဝယ် ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားမီဒီယာများကို ပြောကြားထား သည်။
"မီဂါဝပ် ၁၁၀ အားရှိတဲ့ နျူကလီး ယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါ့အပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရ အခြေခံကောင်းမွန်လာမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ ပူးပေါင်းဆောင် ရွက်မှာဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမား တဲ့ Project ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအား ဖြင့် ကုန်းတွင်းလမ်း ကို အသုံးပြုပြီးတော့ကြ မလက္ကာ ရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကနေ ဗီယက်နမ် မှာရှိတဲ့ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြား ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့ သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာမှာ ဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့် အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာမှာ ရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာ ရှိတယ်။ ထားဝယ်ရေ နက်ဆိပ်ကမ်းအောက်မှာ မလက္ကာရေ လက်ကြားဆိုတာ ရှိတယ်။ ဒီမလက္ကာရေလက်ကြားဆိုတာက တောင်တရုတ်ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ နှစ်ခုဆက်ပေး ထားတာဖြစ်တယ်"ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေစဉ်အတွင်း မတ်လ ၄ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေး ခြင်းအပါအဝင် ရုရှား နိုင်ငံခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မတ်လ ၇ ရက်တွင် ဘီလာရုစ် သမ္မတ နိုင်ငံသမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် နှစ်နိုင်ငံ အစိုးရ နှစ်ရပ်အကြား သဘောတူညီချက်များ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ် ရေးထိုးနိုင်ခဲ့ သည်။ ကွန်းဈာန်