2023 ဇွန် ၂၇
ထိုင်းနိုင်ငံက TKK သစ်သီးစက်ရုံမှာ MoU စနစ်ဖြင့်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ထိုင်းနိုင်ငံရှီ TKK သစ်သီးစက်ရုံမှာ မြန်မာအလုပ်သမား ၁၀၀ကျော်ကို ၂နှစ်စာချုပ်အပါအဝင် ဒေးကြေး ၃၅၀ဘတ်နဲ့ အိုတီကြေး ၁နာရီလျှင် ၆၂ဘတ်ပေးမည်ဟုဆိုကာ MoU စနစ်ဖြင့် ခေါ်ယူထားတာဖြစ်တယ်တယ်လို့ ဆိုထားပါတယ်။
ယခုအခါ အလုပ်သမားများအနေနဲ့ စာချုပ်ပါအတိုင်း လုပ်ခလစာမရရှိဘဲ ပတ်စ်ပို့နဲ့ စမတ်ကဒ်များကို သိမ်းထားသလို ဒေးကြေး ၃၃၈ဘတ်နဲ့ အိုတီကြေး ၄၂ဘက်သာပေးပြီး တနင်္ဂနွေနေ့မှာလည်း အလုပ်ပိတ်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။
"အခု ဒီလကစပြီး ၁ပတ်ကို ၃ရက်ပဲ အလုပ်ဆင်းရမယ်၊ ၄ရက်ပိတ်မယ်ဆိုပြီးပြောလာပါတယ်၊ အလုပ်မရှိလို့ ပိတ်တာမဟုတ်ဘဲ နေ့စားခမပေးချင်လို့ အလုပ်တွေကို ကီလိုစားနဲ့လုပ်ရမယ်၊ မလုပ်ရင် အခန်းခနဲ့ ရေဖိုးမီးဖိုး ပေးရမယ်ဆိုပြီး အကြပ်ကိုင်တယ်"လို့ အလုပ်သမားများက ဆိုပါတယ်။
ဒါ့ပြင် စက်ရုံရှိ ဌာနခေါင်းဆောင်ဆိုသူ ထိုင်းအမျိုးသမီးသည် အလုပ်သမားများအား အဝင်အထွက်ကဒ်ရိုက်သည့်အခါ မှားရိုက်မိပါက လက်ကို တုတ်ဖြင့်ရိုက်သလို ပြန်ပြောပိုင်ခွင့်လည်းမရှိကာ တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံးကူညီပေးဖို့ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
ထိုစက်ရုံသည် ထိုင်းနိုင်ငံ၊ ကျန်ထပူလီပြည်နယ်၊ မခမ်ခရိုင်၊ မခမ်လမ်း၊ ၆ရပ်ကွက်ရှိ TK.K Chanthaburi Food Company Ltd ဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၀ကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံသားအများအပြား အလုပ်လုပ်ကိုင်ကြတာလည်းဖြစ်ပါတယ်။