ထိုင်းရောက် အခွန်ထမ်း မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသားဆိုင်ရာ လုပ်ငန်းလေးမျိုး ဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်းမြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားဆိုင်ရာ လုပ်ငန်းလေးမျိုးဖြင့် ဆောင် ရွက်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
    အဆိုပါ နိုင်ငံသားဆိုင်ရာ လုပ်ငန်းလေးမျိုးမှာ မိဘ၏ အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေး မှတ်တမ်း(ပုံစံ နိုင်-၂) တွင် သားသမီးအမည်စာရင်း ထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်း အိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဥပဒေနှင့်အညီ ထုတ်ပေးခြင်း၊ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ထုတ်ပေးခြင်းနှင့်  အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များ ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ဟောင်းနွမ်းပါက e-ID စနစ်ဖြင့် စစ်ဆေး၍ မိတ္တူထုတ်ပေး ခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင် ပါရှိရမည့် အထောက် အထားများနှင့် ပုံစံများအား မြန်မာသံရုံး၊ ဘန်ကောက်မြို့ Website page ဖြစ်သည့် https://mebangkok.org တွင် download ဆွဲယူ လျှောက်ထားနိုင်ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
    နိုင်ငံသားဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ငွေကောက်ခံနှုန်းထားကို ထိုင်းနိုင်ငံသုံး ဘတ်ငွေဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အခွန်ထမ်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသားဆိုင်ရာလုပ်ငန်းများ လျှောက်ထားရာတွင်ပါရှိရမည့် အထောက်အထားများနှင့် ပုံစံများအား မြန်မာသံရုံး ဘန်ကောက်မြို့ Immigration Attache လုပ်ငန်းအဖွဲ့မှ ဖြန့်ဝေသွားမည့် နမူနာပုံစံများဖြင့်လည်းကောင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့ Website page ဖြစ်သည့် https://mebangkok.org တွင် download ဆွဲယူ၍ လည်းကောင်း၊ မြန်မာသံရုံး ဘန်ကောက်မြို့ Immigration Attache လုပ်ငန်းအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။                      ထူးမြတ်

Total Views ~ 98

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.