ရန်ကုန်၊ မတ် ၁၁
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပွဲတော် (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံး၊ ဖူဆယ် အမျိုးသားနှင့် အမျိုးသမီးအသင်းများ အောင်မြင်မှုရရှိရေးအတွက် ဧရာဝတီဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ကျပ်သိန်းပေါင်းတစ်သောင်း ပံ့ပိုးကူညီခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပံ့ပိုးကူညီခဲ့ပြီး နိုင်ငံအသင်းများကို အားပေးလျက်ရှိ သောပရိသတ်များက ထိုက်တန်အောင်မြင် မှုများရရှိရန်သာ မျှော်လင့်ကြောင်း မှတ်ချက်ပြုထားသည်။
ဆီးဂိမ်းပြိုင်ပွဲ အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီက ကျပ်သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇတို့က ကျပ်သိန်း ၁၀၀၀ စီ လှူဒါန်းရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့လက်ရွေးစင် ဘောလုံး ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းများ အောင်မြင်မှု ရရှိရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်း တိတိအား ဧရာဝတီဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီက ကူညီပံ့ပိုးမည့် သဘောတူစာချုပ်ကို AYA Bank နှင့် MFF နှစ်ဖက်တာဝန်ရှိ သူများ လက်မှတ်ရေးထိုးကြကြောင်း သိရ သည်။
"လုပ်ငန်းရှင်တွေကတော့ ကျန်အားကစားနည်းထက် ဘောလုံးတို့၊ ဖူဆယ် တို့ကို အများဆုံး ပံ့ပိုးကြတာပဲလေ။ ဒီအားကစားနည်းတွေက ပရိသတ်ပိုအားပေးတာ ကိုး။ နီပေါ ဖိတ်ခေါ်ဖလားပွဲမှာ အောင်မြင်မှု ရရှိတဲ့ မြန်မာအမျိုးသမီးကိုလည်း သိန်းငါးထောင်ကျော် ဆုချီးမြှင့်တယ်။ ပရိသတ် အမြင်အရတော့ ပရိသတ်တွေ မျှော်လင့်တဲ့ ဒေသတွင်း အောင်မြင်မှုတော့ ရစေချင်တယ်။ အာရှဖလားတို့၊ ကမ္ဘာ့ဖလားတို့ အသာထားဦး ကစားသမားတွေအနေနဲ့ ဒေသတွင်းမှာတော့ နိုင်ငံနဲ့ ပရိသတ်မျက်နှာ မငယ်အောင်ကြိုးစားပေးသင့်တယ်။ အောင်မြင်မှုမရတာလည်း ကြာပြီလေ"ဟု မြန်မာ ဘောလုံးပရိသတ်တစ်ဦးဖြစ်သူ ကိုအာကာက ပြောကြားသည်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဘောလုံး အမျိုးသားအသင်းနှင့် အမျိုးသမီး အသင်း၊ ဖူဆယ်အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း စုစုပေါင်း လေးသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ပနည်းပြများ ငှားရမ်းခေါ်ယူခြင်း၊ စခန်းဝင် လေ့ကျင့်ခြင်း၊ ခြေစမ်းပွဲများစီစဉ်ခြင်း၊ ပူးတွဲလေ့ကျင့် ရေးခရီးစဉ်များ အတွက် စတင်ဆောင်ရွက် နေကြောင်း သိရသည်။ ထူးမြတ်