နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင်ခြောက်ကျပ်သားရှိ ရွှေပြားသင်္ကန်းတော်နှစ်ချပ်အား ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
    ဖေဖော်ဝါရီ ၁၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒဂုံမြို့နယ်ရှိ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ငြမ်းစေတီပေါ်သို့ တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှုနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်မြတ်၏ ကြံ့ခိုင်မှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။
    ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၂၄-၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အခြေအနေများကို တင်ပြရာ၌ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် ခြောက်ကျပ်သားရှိ တစ်ပေပတ်လည် ရွှေပြား (Gold Plate) အနေဖြင့် စုစုပေါင်းအချပ် ၁၂၀၀ လိုအပ်မည်ဖြစ်ပြီး ယခု လက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁၀၆၀ ဖြစ်သဖြင့် ကပ်လှူရန်ကျန် အချပ် ၁၄၀ လိုအပ်လျက်ရှိမှု၊ တစ်ကျပ်သားရှိ ရွှေစင်ပြား(Gold Coating)အနေဖြင့် စုစုပေါင်း အချပ် ၁၀၀၀၀  လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ အချပ် ၇၅၀၀ ဖြစ်သဖြင့် ကပ်လှူရန် ကျန်အချပ် ၂၅၀၀ လိုအပ်လျက်ရှိမှု၊ စေတနာရှင်အလှူရှင်များအနေဖြင့် ခြောက်ကျပ်သားရှိ တစ်ပေပတ်လည် ရွှေပြား (Gold Plate)တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ တစ်ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) တစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
    ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော် ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ သုံးနှစ်လျှင်တစ်ကြိမ်၊ လေးနှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်လျှင်တစ်ကြိမ်၊ ငါးနှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန် တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူ ဇော်ခဲ့ကြကြောင်း သိရသည်။
    ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အ ထိ (နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) လေးနှစ်လျှင် တစ်ကြိမ်၊ ငါးနှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၅ ခုနှစ်တွင် (၉)ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ မင်္ဂလာရထားပျံဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်း ၈၀ ပြီးစီးပြီဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း လုပ်ငန်းများကို ယခုနှစ် မတ်လ တတိယပတ်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ခြောက်ကျပ်သားရှိ တစ်ပေပတ်လည်ရွှေပြား (Gold Plate) အချပ် ၁၄၀ နှင့် တစ်ကျပ်သားရှိ ရွှေစင်ပြား (Gold Coating) အချပ် ၂၅၀၀ တို့ ကပ်လှူရန်ကျန်ရှိနေကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 101

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43012

© 2022 - 2025 News. All Rights Reserved.