ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ ဒေသခံတောင် သူ ၉၀ ပိုင်ဆိုင်သည့် လယ်မြေဧက ၂၆၀ ဒသမ ၇၀ ကို နိုင်ငံတော် ၏ ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေအဖြစ် ဖော်ထုတ်ပေးနေကြောင်း သိရသည်။
လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ လယ်မြေများအား နိုင်ငံ တော်၏ ခွင့်ပြုရန်ပုံ ငွေဖြင့် စက်မှုလယ်ယာ စနစ်ကျ လယ်မြေအဖြစ် ဖော်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ စက်မှုလယ်ယာစနစ်ကျလယ်မြေအဖြစ် ဖော်ထုတ်ပေးနေမှုကို ဇန်နဝါရီ ၁၁ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီ စိုက်ပျိုးနိုင်စေရေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် (၅၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အားလုံး စိုက်ပျိုးရေးကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို စိုက်ပျိုးပညာရှင်များက စနစ်တကျစီမံဆောင်ရွက်ပေးရန် ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။ နဒီ