Breaking

နေအိမ်ကို ဗုံးပစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့်လုပ်ရပ်ဟု လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းတုံ့ပြန် 

၂၀၂၄ ၊ ဇန်နဝါရီ ၁၆ 
    နေအိမ်ကို ဗုံးပစ်တိုက်ခိုက်မှု သူရဲဘောကြောင်သည့်လုပ်ရပ်ဟု လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက တုံ့ပြန်ပြောကြားလိုက်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ဦးရွှေမင်း၏ နေအိမ်သည် ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့် က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    "ဒါက သူရဲဘောကြောင်တဲ့ လုပ်ရပ်လေဗျာ။ မိသားစုဝင်တွေ၊ ကလေးတွေရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေရှိမယ်၊ အသက်ကြီးတဲ့ သူတွေရှိမယ်ဆိုတာ သိသိနဲ့အိမ်ကို ပစ်တယ်ဆိုတာကတော့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပေါ့ဗျာ။ တကယ်ယောကျ်ားပီသရင် ယောကျ်ားချင်း ချရမှာပေါ့ဗျာ။ ကျွန်တော်တို့မှာလည်း ဘယ်ဟာက ရန်သူ့အိမ်တွေဆိုတာမျိုး မြစ်ကြီးနားမှာ ရန်သူလို့ သတ်မှတ်မယ်ဆိုရင် ရန်သူလို့ သတ်မှတ်ရမယ့်အိမ်တွေ အများကြီးပဲ။ ဒါပေမဲ့ မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စောစောက ပြောသလို ဂျီနီဗာကွန်ဗင်းရှင်းက သတ် မှတ်ထားတဲ့ စည်းကမ်းတွေလည်းရှိတယ်လေ။ စစ်သားများ ဆောင်ရန်၊ ရှောင်ရန် ဆိုတာရှိတယ်။ ကျွန်တော်တို့က သူရဲဘောကြောင်တဲ့သူ မဟုတ်တဲ့အတွက် အဲဒါတွေတော့ ကျွန်တော်တို့ မလုပ်ဘူး။ ကျွန်တော်တို့ မြစ်ကြီးနားမှာဆိုရင် သိနေတာပဲ၊ ဘယ်တိုက်၊ ဘယ်အိမ်ကဖြင့် ဘယ်သူဆိုတာ သိနေတာပဲ။ အားလုံးသိနေတဲ့ ကိစ္စဖြစ်နေတဲ့ကိစ္စပဲ။ ဒါပေမဲ့ ဒါတွေက မလုပ်သင့်ဘူး။ဘာလို့လဲဆိုရင် ကာယကံရှင်နဲ့ပဲ ရှင်းရမှာလေ။ မဆိုင်တဲ့ မိသားစုဝင်တွေနဲ့ ကျွန်တော်တို့ ရှင်းစရာအကြောင်းမရှိတာ။ ဒါတွေက စစ်သားတွေရဲ့ ကျင့်ဝတ်နဲ့လည်း မညီဘူး"ဟု ဦးရွှေမင်းက တုံ့ပြန်ပြောကြားခဲ့သည်။
    မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ  ဦးရွှေမင်း၏နေအိမ် ဗုံးပစ်ခံရချိန်တွင် ၎င်း၏ မိသားစုဝင်များ မရှိဘဲ နေအိမ်တွင် အစောင့်ဖြင့် နေထိုင်နေသည့် ဦးရွှေမင်း၏ ဆွေမျိုးရှိနေကြောင်း သိရသည်။ ဗုံးပစ်ခံရမှုကြောင့် နေအိမ် အနည်းငယ်ထိခိုက်မှုရှိခဲ့သော်လည်း လူထုခိုက်မှုမရှိကြောင်း သိရ သည်။
    "ဇန်နဝါရီ ၁၅ ရက်ညက နေအိမ်ကို လာပစ်ခံရတဲ့အချိန်မှာ အဲဒီမှာက ကျွန်တော်တို့ မိသားစုကတော့ မရှိပါဘူး။ မိသားစုမရှိတဲ့အချိန်မှာ အဲဒီမှာက စောင့်နေတဲ့ တူ၊ တူမကလေးတွေပေါ့။ အဲဒီလို ဆွေမျိုးတွေ ရှိတဲ့အချိန်မှာ ဝင်ပစ်သွားတာ။ ပစ္စည်းထိခိုက်မှုတော့ နည်းနည်းရှိတယ်။ လူ ထိခိုက်မှုမရှိဘူး။ အဲဒီမှာထားတဲ့ ကားတွေထိတယ်။ အိမ်နည်းနည်းထိတယ်ပေါ့။ ဘယ်သူပစ်တာလဲဆို တာကတော့ တိတိကျကျ ပြောဖို့ ခက်သေးတယ်။ ဒါက သက်ဆိုင်ရာက လာကြည့်သွားတယ်ဆိုတော့ အခြေအနေ စောင့်ကြည့်ရမှာပဲ။ ဘယ်ကလုပ်သလဲပေါ့။ အဲဒါသိမှပဲ ဘာဆက်လုပ်ရမလဲ စဉ်းစားလို့ရ မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်သူ၊ ဘယ်သူဖြစ်နိုင်တယ်ဆိုတာကတော့ ဒါနှစ်ခုထဲက တစ်ခု စဉ်းစားပြီးသားပါ။ အများကြီး စဉ်းစားစရာမလိုတဲ့ကိစ္စ ဖြစ်တာကိုး။ လောလောဆယ်တော့ ပြောဖို့စော ပါ သေးတယ်"ဟု ဦးရွှေမင်းက ဆက်ပြောသည်။

Total Views ~ 454

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43038

© 2022 - 2025 News. All Rights Reserved.