နေပြည်တော်၊ ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ်ကထက် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လည်ပတ်နိုင်စေရန် ခရီးစဉ်ဒေသများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
"ပဲခူးတိုင်းဒေသကြီးရဲ့ Trade Mark ကလည်း ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့တဲ့ ကမ္ဘောဇသာဒီ နန်းတော်ရာ ထင်ရှားတယ်။ ရွှေမော်ဓောစေတီ၊ ကျိုက်ပွန်ဘုရား၊ နောက်တစ်ခါ ဖော်ထုတ်ထားတာကတော့ ကျိုက်ပဒိုင်ကျေးရွာမှာ အသစ်ဖော်ထုတ်ဖို့ လုပ်ထားတယ်။ လောလောဆယ်မှာတော့ ဧည့်သည် မသွားသေးဘူး။ အဲဒီနေရာမှာ Community Base Tourism ကို ဖော်ဆောင်ဖို့ ဆောင်ရွက်ထား တာရှိပါတယ်။ ကျိုက်ပဒိုင်ကျေးရွာက ပဲခူးနဲ့ဆိုရင် ငါးမိုင်လောက်ပဲ။ ဝေးပါတယ်။ လယ်ယာမြေ လုပ်ငန်းတွေ၊ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေရှိတယ်။ Community Base Tourism ပေါ့။ သဘောတရားက ပဲခူးမှာ ညအိပ်စေချင်တာ။ ညအိပ်မှလည်း ကျန်တဲ့ SME လုပ်ငန်းတွေ ညဈေးလည် မယ်၊ သုံးခဲ့မယ်။ ဒါမှ ဒီငွေတွေက ကိုယ့်ဒေသမှာ ကျန်ခဲ့မှာ။ ဒါကြောင့် ဖော်ဆောင်တာပါ။ ပဲခူးဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ တကယ့်လူနေမှုဘဝတွေ၊ လက်မှုလုပ်ငန်းတွေ အဲဒါလေးတွေကို သွားရောက် လေ့လာနိုင်အောင် ဆောင်ရွက်တာပါ။ ဒါတွေကို သင်တန်းတွေ ပေးရဦးမှာပါ။ ပြီးမှ ဧည့်သည်တွေ ကိုခေါ် ပြမှာပါ"ဟု ၎င်းကပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် ထင်ရှားသည့် ဘုရားစေတီများစွာ တည်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လေ့လာလျက်ရှိရာ နိုင်ငံတကာ ခရီးသွားဧည့်သည် Packge Tour အစီအစဉ်များနှင့်လည်း လာရောက်လည်ပတ်ကြကြောင်း ပဲခူးတိုင်းဒေသကြီး ခရီး သွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
"၂၀၂၅ မှာတော့ ပြည်တွင်း ခရီးသွားဧည့်သည်ကို Highlight လုပ်တာပေါ့။ ပြည်ပခရီးသွားမှာ လေ့လာကြည့်တဲ့အခါကျတော့ ထိုင်းခရီးသွားတွေ ဝင်ရောက်တာကို တွေ့ရပါတယ်။ ထိုင်းခရီးသွားတွေ၊ Packge Tour အနေနဲ့ပေါ့။ ထိုင်းခရီးသွားတွေက ၂၀၂၄ တုန်းကဆိုရင် ခရီးစဉ် ၃၀၉ ကြိမ်နဲ့ စုစုပေါင်း ဧည့်သည် ၄၂၀၀ ကျော် လောက်ဝင်ခဲ့တာကို တွေ့ရပါတယ်။ ခရီးသွားတွေ ကျိုက်ထီးရိုးကို တိုက်ရိုက်သွားမယ့်အစား ကျိုက်ထီးရိုးကိုလည်းသွားမယ်၊ ဒီမှာရှိနေတဲ့ ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း Highlight လုပ်ထားပါတယ်။ ခရီးစဉ်ဒေသအသစ်တွေကိုလည်း တိုးချဲ့မှာပါ။ ဒေးစွန်ပါ သွားမယ်ဆို ရင်လည်း မိုးယွန်းကြီးအင်း သွားရင်းနဲ့ ဒေးစွန်ပါကို သွားလို့ရတယ်။ သွားနိုင်တဲ့နေရာတွေကို သွားလာ လည်ပတ် နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တန်ခိုးကြီး ဘုရား၊ စေတီ၊ ပုထိုးများ၊ ကမ္ဘောဇသာဒီ နန်းတော်ရာနှင့် မိုးယွန်းကြီးအင်း၊ ပြည်ဒေသရှိ တန်ခိုးကြီး၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ သရေခေတ္တရာ ပျူမြို့ဟောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ပြတိုက်၊ တောင်ငူဒေသရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ ကေတုမတီမြို့ ဟောင်း၊ ယိုးဒယားပေါက်များသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၄၅၀၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ဝင်ငွေရရှိမှု ကျပ်သန်း ၄၉၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ပြီးခဲ့သည့် နှစ်များထက် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည် ပတ်နိုင်ရေးအတွက် ခရီးစဉ် ဒေသအသစ်များ ဖော်ဆောင်သွားမည်ဖြစ်ပြီး ပဲခူးဒေသအပြင်၊ တောင်ငူ ဒေသ၊ ပြည်ဒေသတို့တွင်လည်း ခရီးသွားများ ပိုမိုဝင်ရောက်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၌ တည်ငြိမ်အေးချမ်းခြင်း၊ ရေမြေသဘာ၀ ကောင်းမွန်ခြင်း၊ ခရီးသွားဝန်ဆောင်မှုများ ပြည့်စုံလာခြင်းတို့ကြောင့် နိုင်ငံတကာ ခရီးသွားဧည့် သည်များအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ Package Tour (၆၅)ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း ၈၃၉ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ Package Tour (၂၁၇)ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း ၄၇၃၇ ဦး လာရောက်လည်ပတ်ခဲ့သဖြင့် Package Tour အကြိမ်ရေနှင့် လူဦးရေပါ တိုးတက်ခဲ့ကြောင်း သိရသည်။ ကွန်းဈာန်