နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် အနီးက တပေါင်းကွင်း၌ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးဌာနအလိုက် ပြခန်းများ၊ ပြည်ထောင်စုနယ်မြေထုတ် ကုန်ပြခန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထုတ်ကုန်ပြခန်းများ ပါဝင်ပြသခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွဲ့ဝင်များနှင့်အတူ လိုက်လံကြည့်ရှုအားပေးပြီး ထုတ်ကုန်များအလိုက် မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး ပြည်နယ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်းစီးပွားချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ထုတ်ကုန် သမဝါယမပြခန်းများ အပါအဝင် ပြခန်းပေါင်း ၉၆ ခန်းဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစား ပေါင်း ၃၁ မျိုးအတွက် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ ပေးအပ်ချီး မြှင့်မည် ဖြစ်ကြောင်း သိရသည်။
MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲနှင့်ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်များကို အခြားဒေသမှ ဖြည့် ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင် ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည် ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေး ပိုကောင်းရန်၊ တန်ဖိုးမြင့် ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမို သုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြ ထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ် တည်နိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်