ရန်ကုန်၊ ဇွန် ၄
အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများ၊ တိုက်ခန်းများကို တရားမဝင်ရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။
သတင်းထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် (၅၁)လမ်းအထက် အမှတ်(၁၅၅/၁၅၇)၊ ရှစ်လွှာတွင် ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော် နှစ်ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းတွင် တရားမဝင်ရောင်းချလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးအဖွဲ့ အစည်းများက ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်(ထွက်ပြေးတိမ်းရှောင်)တို့သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်းတွင် တရားမဝင်ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကပေးချေသည့် မြန်ကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိ ရကြောင်း သိရသည်။
အထက်ပါ Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင် ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ သုံးဦးသည် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များတွင် တရားမဝင် ဖွင့်လှစ်ထားသည့် ၎င်းတို့၏ ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုး ငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ ရှိရကြောင်း၊ သို့ဖြစ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင် ရောင်းချခြင်းနှင့် တရားမ ဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်း သူကျော်တို့အား လည်းကောင်း၊ ဗဟိုဘဏ် ခွင့်ပြုချက်မ ရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်စာရင်းဖွင့်လှစ်ပြီး ပြည်ပနိုင်ငံတွင် တရားမဝင် ကွန်ဒိုတိုက်ခန်း ဝယ်ယူထား သူသုံးဦးဖြစ်သည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ကိုလည်းကောင်း ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအားဆက်လက် စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထိုကဲ့သို့ တရားမဝင် ပြည်ပနိုင်ငံရှိ တိုက်ခန်းအ ရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။