ဗီယက်နမ်နိုင်ငံ အလှူရှင်များ ဦးဆောင်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်  ၅၅၅၅ ပါးတို့အား ဆွမ်းဆန်တော် ကပ်လှူမည်

ရန်ကုန်၊ မေ ၂၈
    ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များမှ ဦး ဆောင်ကျင်းပမည့် သံဃာတော် ၅၅၅၅ ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း  အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင်းကျင်းပခဲ့ကြောင်း သိရသည်။ 
    အဆိုပါ အစည်းအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို တင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက သံဃာတော်များနှင့် လိုက်ပါမည့် ကျောင်းသားများ စီမံထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အထူးပင့်ဆောင်မည့် သံဃာတော်များအား လျှောက်ထားမည့် အစီအစဉ်ကိုလည်းကောင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့မှ အလှည့်ကျဂေါပကမှ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် အခမ်းအနားကျင်းပနိုင်ရေး နေရာစီစဉ် ဆောင်ရွက်ထားရှိမည့် အခြေအနေကို တင်ပြခဲ့ကြောင်းသိရသည်။ 
    ဆက်လက်၍ တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က သံဃာတော်များအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ထား ရှိမှုအား လည်းကောင်း၊ အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီး မင်းဇော်က ယာဉ်ရပ်နားမည့် နေရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ဗီယက်နမ်အလှူရှင်များအဖွဲ့ (ကိုယ်စား)ကိုယ်စားလှယ်တစ်ဦးက အလှူရှင်များ လောင်းလှူမည့်ပစ္စည်းများနှင့် အလှူရှင်များ၏ အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

Total Views ~ 449

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43049

© 2022 - 2025 News. All Rights Reserved.