ရန်ကုန်၊ ဧပြီ ၂၃
KBZ Foundation မှ ငလျင်ဘေး သင့်ပြည်သူများအတွက် နှစ်ရှည်စီမံချက်ဖြင့် အနည်းဆုံးတစ်နှစ်မှ ငါးနှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့် KBZ Center Mandalay ကို ကနဦးမတည်ငွေ ကျပ် ၄၅ ဘီလီယံဖြင့် စတင်တည်ဆောက်နေကြောင်း သိရသည်။
KBZ Foundation နာယက ဦးအောင်ကိုဝင်းသည် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့သို့ ရောက်ရှိခဲ့စဉ် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် နှစ်ရှည်စီမံချက်ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးကာလအတွင်း အနည်းဆုံး တစ်နှစ်မှ ငါးနှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့် "ငလျင် ဘေးဒဏ်သင့် ပြည်သူများအတွက် ကမ္ဘောဇ ကယ်ဆယ်ကူညီ ထောက်ပံ့ရေးစင်တာ" KBZ Center Mandalay ကို တည် ဆောက်ရန် လမ်းညွှန်ခဲ့ပြီး KBZ Center Mandalay အပါအဝင် စုစုပေါင်း ငွေကျပ် ၄၅ ဘီလီယံကို ကနဦး မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။
KBZ Foundation မှ ငလျင်ဘေး သင့်ပြည်သူများအတွက် KBZ Center Mandalay ကို အခိုင်အမာ တည်ဆောက်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် လုပ်ငန်းဆောင်ရွက်မှုသည် စီမံချက်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စင်တာတွင် ၂၄ နာရီ ကွပ်ကဲမှုရုံးခန်း Call Center, Information & Administration Center, ကုသရေးစင်တာ၊ Medical & First Aid Point များနှင့် Doctor Consultant Room များ၊ အစည်း အဝေးခန်း၊ ဆရာဝန် နားနေခန်းများ၊ သူနာပြု နားနေခန်းများ၊ ECG & Ultra Sound Room, သွေးထုတ်ခန်း၊ ဆေးပေးခန်း၊ ကျန်းမာရေး၊ ပညာပေးရေး အခန်းများ ပါဝင်ပြီး အများပြည်သူလိုအပ်သော ရေ၊ မီး၊ အစားအသောက်နှင့်ဆေးဝါးများကို စဉ်ဆက်မပြတ် ထောက်ပံ့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသေးစားခွဲစိတ်ခန်း၊ စိတ်ကျန်းမာရေးကုသခန်း နှစ်ခန်းနှင့် ဆေးခန်း ၁၁ ခန်း ထားရှိပြီး အထူးကုဆေးခန်းအတွက် လေးခန်းနှင့် အထွေထွေကုသရန်အတွက် အခန်းခုနစ်ခန်းဖြင့် တစ်ရက်ကို လူနာ ၇၀၀ ဝန်းကျင် အခမဲ့ဆေးကုသပေးနိုင်မည်ဖြစ်သလို တစ်ကြိမ်လျှင် လူ ၁၄၀ ခန့် ထမင်းစားသုံးနိုင်သော အခမဲ့ ထမင်းစား ဆောင်နှစ်ဆောင်၊ တစ်ပြိုင်တည်း ၂၄ ဦး အသုံးပြုနိုင်သော အများသုံးအခမဲ့ ကျား/မ ရေချိုးခန်းများ၊ အခမဲ့ သန့်စင်ခန်းများ၊ အခမဲ့ ယာယီဂက်(စ်)မီးဖိုဆောင်များလည်း ပါဝင်ကြောင်း သိရသည်။
အလားတူ ကားပါကင် အစီး ၈၀ ဆံ့နေရာ၊ VIP နှင့် အရေးပေါ်လူနာကား ပါကင်၊ ဆိုင်ကယ်ကား ပါကင်များ ပါဝင်ပြီး KBZ Center Mandalay အမြန်ဆုံး ပြီးမြောက်ရန် စက်ယန္တရားများ၊ လူအင်အား များ အသုံးပြုတည်ဆောက်နေကြောင်း သိရသည်။ ထူးမြတ်