၂၀၂၅ ၊ ဧပြီ ၂၅
တစ်ခေတ်တစ်ခါကဆိုလျှင် တစ်ထပ်၊ နှစ်ထပ် အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေစမ်းသပ်မှု Soil Test ပြုလုပ်လေ့ သိပ်မရှိကြ။ သို့သော် လက်ရှိအခြေအနေတွင် ထိုအဆောက်အအုံ ဆောက်လုပ်မှုများအတွက် Soil Test စမ်းသပ်မှု အများအပြား တွေ့လာရပြီဟူ၍ ငလျင်ဒဏ်ခံ အဆောက်အအုံများ စစ်ဆေးနေမှု ပါဝင်နေသည့် အင်ဂျင်နီယာတစ်ဦးက ပြောကြားလာသည်။ လုပ်သင့်လုပ်ထိုက်သည့်အရာဆိုသည့်အချက်ကို သိလာကြသည့် သဘောဟူ၍လည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ သင်္ကြန်မတိုင်မီ အချိန်ကာလ ဧပြီလဆန်းပိုင်းကတည်းက ဒေသအသီးသီးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများအား လိုက်လံစစ်ဆေးနေပုံ ဓာတ်ပုံမှတ်တမ်းများ၊ ရုပ်သံများစွာ တွေ့လာရသည်။ ထိုစစ် ဆေးနေမှုများတွင် ပုဂ္ဂလိကဆောက်လုပ်ရေး အင်ဂျင်နီယာတချို့၏ ဆောင်ရွက်မှုများလည်း တွေ့ရသည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ကလည်း ပညာရှင်များ၊ ကျွမ်းကျင်အင်ဂျင်နီ ယာအဖွဲ့များ၊ လူငယ်ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး ငလျင်ဒဏ်ခံ အဆောက်အအုံများ လူနေထိုင်ရန် သင့် မသင့်၊ ပြုပြင်ရန်၊ ဖြိုဖျက်ရန် လို၊ မလို စစ်ဆေး အကြံပြု ပေးနေသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း၍လည်း ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေး စိစစ်မှုများ ပြုလုပ်လျက်ရှိနေသည်။ အဆောက်အအုံများ ဘေးကင်းလုံခြုံမှုရှိရှိ နေထိုင်နိုင်ရေး ဦးစားပေးလာမှု၊ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည်ရှိရေး တည်ဆောက်ရမည် ဆိုသည့်အချက်ကို အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားလာမှုတို့မှာ မန္တလေးငလျင်ကြီးဖြစ်စဉ်အပြီး မြင်တွေ့လာရသည့် အခြေအနေဖြစ်သည်။ ငလျင်ကြောင့် လူတော်တော်များများ စိတ်ခံစားမှု၊ စိတ်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထို့အတူ ငလျင်ကြီးဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် နေအိမ်၊ အဆောက်အအုံများ တည်ဆောက်မှုများနှင့် ပတ်သက်၍လည်း အသိတရား၊ အတွေးအမြင်တချို့ ပြောင်းလဲလာသည့် သဘောဖြစ်လာသည်ဟု ယူဆမိပါသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဧပြီ ၂၁ ရက် ညနေအထိ သေဆုံးသူ ၃၇၅၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၆ ဦး ရှိခဲ့ ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်မှုကိုလည်း မြန်မာပြည်သူများ၊ အထူးသဖြင့် မန္တလေးမြို့ခံများ သိသိသာသာ ခံစားခဲ့ကြရသည်။ ဧပြီ ၂၁ ရက် ညနေအထိ နောက် ဆက်တွဲငလျင် ၁၅၃ ကြိမ် လှုပ်ခတ်ခဲ့သည်ဟူလည်း ကော်မတီမှ သတင်းထုတ် ပြန်ထားသည်။ နေအိမ်၊ အဆောက်အအုံ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း များနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ၊ ဆေးခန်း ၃၅၀ ၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန် (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ခုနှင့် တံတားအစင်း ၁၇၀ တို့ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း ပြည်ပမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် များက ဧပြီ ၂၁ ရက်အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၆၅ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။ အဆိုပါ ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများတွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်သူ ရှစ်ဦးနှင့် သေဆုံးသူ ၂၀၃ ဦးတို့အား ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့ခြင်းဖြစ်သလို ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအ ကဲများနှင့် လူပုဂ္ဂိုလ် ၄၅ ဦးတို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ငလျင်ဒဏ်သင့် ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၈ ရက် နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စီး၊ သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေး ဆေးဝန်ထမ်း ၁၉၇၅ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန်၊ စုစု ပေါင်းတန်ချိန် ၃၅၀၃ ဒသမ ၅၇ တန်တို့ရောက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ လက်ဝယ်အရောက် အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စစ်ဆေးစိစစ်ဆောင်ရွက်နေမှုများအနက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ ဆောင်ရွက်နေမှု တချို့ကို လေ့လာမိ၏။ ငလျင်ဒဏ်ခံ အဆောက်အအုံများ၏ အခြေအ နေကို စနစ်တကျ စစ်ဆေး စိစစ်နိုင်ရေး လုပ်အားပေး အင်ဂျင်နီယာများ (Volunteer) ၏ အကူအညီများကို ဖိတ်ခေါ်ခဲ့သည်။ ဧပြီလ ၆ ရက်အထိ လုပ်အားပေး အင်ဂျင်နီယာပေါင်း ၂၀၆၂ ဦးအထိ ရှိခဲ့သည်။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ အစရှိသည့် မြို့ကြီးများတွင် တာဝန်ခံအဖွဲ့များ ဖွဲ့စည်းပြီး အဆောက်အအုံ များ၏ အခြေအနေ စစ်ဆေးစိစစ်မှု နည်းလမ်းများကို သင်ကြားပေးခြင်း၊ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိနေသည်။ Earthquake Clinic Coordinator များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းစသည့် မြို့ကြီးများတွင် ဧပြီလ ၉ ရက်မှ စတင်၍ ဖွဲ့စည်းခဲ့ပြီး အဆောက်အအုံများ၏ အသုံးပြုနိုင်မှု အခြေအနေကို အကဲဖြတ်ခြင်း၊ ပြန်လည် အသုံးပြုနိုင်မည့် အဆောက်အအုံများကို အလျင်အမြန် ပြန်လည်အသုံးပြုနိုင်ရန် စိစစ်ပေးခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး လိုအပ်ချက်များကို တစ်နေရာတည်း စုစည်း၍ အထောက်အပံ့ပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရသည်။
အဆောက်အအုံများ တည်ဆောက်ခဲ့မှုများတွင် အားနည်းချက်များ ရှိနေမှု၊ ငလျင်ဒဏ်အတွက် ထည့်မတွက်ခဲ့မှုတို့ စစ်ဆေးတွေ့ရှိခဲ့သည်ဟူ၍လည်း အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောပြသည်။ အဆောက်အအုံတချို့မှာ နီးစပ်ရာ ရှေးရိုးအတိုင်း ဆောက်လုပ်ခဲ့ကြသလို ငလျင်ဒဏ်သင့် အများစုမှာလည်း ယခင်ခေတ်ကာလ နည်းပညာသိပ်မဖွံ့ဖြိုးခင် ၁၉၆၀ ၊ ၁၉၇၀ ဝန်းကျင်က တည်ဆောက်ခဲ့သည့် အဆောက်အအုံက ပိုများနေသည်ဟု နည်းပညာကို အသုံးမပြုဘဲ ဆောက်လုပ်ခဲ့မှု၊ အင်ဂျင်နီယာ ဘာသာရပ်ကို လုံလောက်စွာ သင်ယူမထားဘဲ ဆောက်လုပ်ခဲ့ကြ မှုအချို့ ကို တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။
"အတွေ့အကြုံရင့်ကျက်တဲ့ လက်တွေ့ တကယ်ဆောက်နေတဲ့ ပုဂ္ဂိုလ်တွေက ဦးစီးပြီး ဆောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ ပညာရပ်ကို ပြည့်စုံအောင် မသိတဲ့အခါ ကျတော့ အခုလို ဖြစ်လာတဲ့ အချိန်မှာ အဲဒီအဆောက်အအုံတွေက ထိခိုက်ပျက်စီးမှု များသွားတာပေါ့။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာက ကုန်ကျစရိတ်အပေါ်မှာ အရမ်းကို Sensitive ဖြစ်ကြတယ်။ ဘိလပ် မြေက စံချိန်စံညွှန်း မီမလား၊ အဲဒီလိုပဲ အသုံးပြုထားတဲ့ သံချည် သံကွေးတွေက သံတွေ၊ သံချောင်း တွေက အရည်အသွေးမီမလား၊ ဆောက်တဲ့ဒီဇိုင်းကရော စံချိန်စံညွှန်း မီရဲ့လားဆိုတာမျိုးတွေကလည်း အများကြီး ရှိပါတယ်။ ကျွမ်းကျင်မှုနဲ့ လမ်းညွှန် ချက်တွေအတွက် စနစ်တကျနဲ့ အရည်အသွေးမီမီ တည် ဆောက်ဖို့လည်း လိုပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အင်ဂျင်နီယာ ပြောနေပြောနေ ပန်းရန်ဆရာက ကောင်းကောင်း မလုပ်ရင်လည်း မရဘူး။ ဆိုတော့ သူ့နေရာနဲ့သူ အကုန်လုံးက အရေးပါနေပါတယ်။ နိုင်ငံတော်ကလည်း အခုလုပ်နေပါတယ်။ Skill နဲ့ ပတ်သက်ပြီး Certificate တွေ ပေးနေပါတယ်။ ဒီဟာတွေ အတွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ပိုလုပ်သင့်တယ်။ ကျွမ်းကျင်ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေ လည်း လိုပါတယ်။ အဆောက်အအုံပိုင်ရှင် ဆောက်မယ့်သူတွေကလည်း အရည်အသွေးပြည့်အောင်၊ ပစ္စည်းတွေက အရည်အသွေးမီဖို့လိုပါတယ်။ ဒီအချက်တွေ ပြည့်စုံတယ်ဆိုရင်တော့ မဆိုးဘူးလို့ မြင်ပါ တယ်"ဟူ၍ စစ်ကိုင်း Earthquake Clinic Coordinator Team မှ ဦးအောင်ကြည်စိုးက ရှင်းပြသည်။
အဆောက်အအုံတွင် Engineering Structure နှင့် Non Engineering Structure ဟူ၍ နှစ်မျိုးရှိနေသည်။ အင်ဂျင်နီယာများဖြင့် ဒီဇိုင်းဆွဲထားပြီး အင်ဂျင်နီယာကိုယ်တိုင် ဦးစီးတည်ဆောက်သည့် အဆောက်အအုံသည် Engineering Structure ဖြစ်ပြီး အင်ဂျင်နီယာကြီး ကြပ်မှုမပါ၊ အင်ဂျင်နီယာများဖြင့် ဒီဇိုင်းမဆွဲဘဲ အိမ်ရှင်နှင့် အလုပ်သမားနှစ်ဖက်ညှိပြီး ဆောက်လုပ်သည့် အဆောက်အအုံ၊ တစ်နည်းအားဖြင့် အင်ဂျင်နီယာများဖြင့် ဒီဇိုင်းရေးဆွဲခြင်း၊ တတ်ကျွမ်းနားလည်သည့် အင်ဂျင်နီယာများဖြင့် ညှိနှိုင်း တိုင်ပင်ခြင်းမျိုး မဟုတ်ဘဲ ဆောက်လုပ်သည့် အဆောက်အအုံ Non Engineering Structure ဟူ၍ရှိကြောင်း အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ရှင်းပြသည်။ ထိုအမျိုးအစားနှစ်ခုအနက် Non Engineering Structure များမှာ ငလျင်ကြောင့် ပြိုပျက်မှု ပိုများနေသည်ဟု ဆိုသည်။ အင်ဂျင်နီယာများကို ဒီဇိုင်းအပ်သည်။ သို့သော် ထိုဒီဇိုင်းအတိုင်း လိုက်နာမှုမရှိဘဲ တည်ဆောက်ထားသော အဆောက်အအုံ ဟူ၍လည်း နောက်ထပ် အမျိုးအစားတစ်မျိုးက လည်းရှိနေပြီး ထိုအဆောက်အအုံများသည်လည်း ငလျင်ဒဏ်သင့်မှု ပိုခံရနိုင်ခြေ ရှိနေကြောင်း ထောက်ပြကြသည်။
"တည်ဆောက်ခဲ့မှုအပိုင်းမှာ အင်ဂျင်နီယာ ကြီးကြပ်မှုအားနည်းခဲ့တာတွေ ရှိတယ်။ အင်ဂျင်နီယာ မပါတာတွေ ပိုများတာပေါ့။ ကြည့်လိုက်လို့ရှိရင် အရပ်ကန်ထရိုက်နဲ့ ဆောက်လိုက်တဲ့ အဆောက်အအုံတွေ ပိုများပုံရပါတယ်။ အင်ဂျင်နီယာပါလားလို့ မေးလိုက်လို့ရှိရင် မပါဘူးပြောတဲ့ အဆောက်အအုံ အများစုက အဲဒီ လိုပျက်စီးတာတွေ ဖြစ်တာများပါတယ်"ဟူ၍ အင်ဂျင်နီ ယာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြသည်။
Foundation (အခြေခံအုတ်မြစ်)သည် အဆောက်အအုံ၏ အောက်ခြေမှာတည်ရှိပြီး အဆောက်အအုံတစ်ခုလုံး၏ဝန်ကို ထမ်းပေးထား၍ Foundation ကောင်းမွန်မှသာ ထိုအဆောက်အအုံကြီး လည်းခိုင်ခံ့ပြီး ကြာရှည်ခံနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံတစ်ခုလုံး၏ အသက်သည် Foundation ဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ ခိုင်ခံ့နိုင်ဖို့ မြေဆီလွှာ၏ အနေအထားကို မှန်ကန်စွာ ထည့်စဉ်းစားပြီး ၤသကညိအေငသည ဒီဇိုင်းကိုသေချာဆွဲဖို့ လိုအပ်ကြောင်း၊ ဥပမာ - မြေပျော့နေရာတွင် Foundation ကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်မည်၊ မြေမာသည့်နေရာတွင် ရိုးရိုးရှင်းရှင်း Foundation ကို အသုံးပြုမည် စသဖြင့် စနစ်တကျ သေချာတွက်ချက် စဉ်းစားသင့်သည်ဆိုသော ဆောက်လုပ်ရေး အင်ဂျင်နီယာ ပညာရှင်တချို့၏ အကြံပြုချက်များကိုလည်း လူမှုကွန်ရက်ပေါ်တွင် ဖတ်လိုက်ရသည်။ ရေကြီးမှု၊ မြေငလျင်၊ မုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် လှုပ်ခတ်မှု၊ ရိုက်ခက်မှုဒဏ်များ ခံနိုင်ရည်ရှိစေရန် Foundation ကောင်းမွန်ဖို့လိုအပ်ပြီး သို့မှသာ နံရံ၊ စလစ်ကြမ်းခင်းများ အက်ကြောင်းထင်ခြင်း၊ အဆောက်အအုံ ပြိုကျခြင်း၊ ပျက်စီးခြင်း ဖြစ်စဉ်များမှ ကာကွယ်နိုင်မည်ဟု ယင်းအင်ဂျင်နီယာ ပညာရှင်တချို့က ရေးသားမျှဝေထားသည်။ Foundation စတည်မည်ဆိုလျှင် မြေဆီ လွှာကို စစ်ဆေးပြီး အဆောက်အအုံနှင့် သင့်တော်သော Foundation Type ကို ရွေးချယ်ခြင်း၊ အဆောက်အအုံဟာ အလေးချိန်ကို တွက်ချက်သင့်ပြီး တော်သည့် Foundation ကို ဒီဇိုင်းဆွဲခြင်း၊ Quality ကောင်းသည့် ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုခြင်း၊ ကျွမ်းကျင်သည့် ဆောက်လုပ်ရေးသမားများကို ငှားရမ်း ခြင်းအပြင် ကျွမ်းကျင်သည့် ဆောက်လုပ်ရေးအင် ဂျင်နီယာပညာရှင်များနှင့် တိုင်ပင်သင့်သည်ဟု အကြံပြုထားကြသည်။
အဆောက်အအုံ တစ်ခုလုံး၏ အသက်ဖြစ်သည့် Foundation ကောင်းရန်လို အပ်နေသလို Column တိုင်များမှာလည်း လူတစ်ယောက်၏ ခြေထောက်နှင့် တူကြောင်း၊ ခြေထောက်များတောင့်နေသရွေ့ မည်သည့်အခါမှ မယိုင်လဲနိုင်ကြောင်း Mandalay Earthquake Clinic Coordinator Team မှ ဒေါက်တာလှမျိုး အောင်က ရှင်းပြသည်။ ငလျင်ဒဏ်သင့် အဆောက်အအုံများ စစ်ဆေးခဲ့မှုအခြေအနေတချို့နှင့် ပတ်သက်၍ "အခုကတော့ အများစုကတော့ Non Engineering Structure တွေမှာ ကိုးလက်မပတ်လည် တိုင်လေးတွေ ကျိုးကျတာများ တယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ACI မှာ နည်းနည်းလေး လိုက်ဖတ်လို့ရှိရင် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဆိုရင် Column ဟာ အနည်းဆုံး ၁၂ လက်မပတ်လည် တိုင်ဖြစ်ရမယ်တို့၊ ထုတ်(Beam)က အနည်းဆုံး ၁၀ လက်မ ရှိရမယ်တို့ ဒါက အနိမ့်ဆုံး သတ်မှတ်ချက်တွေ။ အခုက အနိမ့်ဆုံးသတ် မှတ်ချက်တွေတောင် လိုက်နာထားခြင်းမရှိတဲ့ အဆောက်အအုံတချို့လည်း တွေ့ရတယ်။ အဖြစ်များ တာကတော့ အဲဒါတွေ အဖြစ်များပါတယ်။ ပြီးတော့ သီအိုရီအရ Column ဆို ရင် Rebar One Percent ပေါ့။ သံရဲ့ဧရိယာ တစ်ရာခိုင်နှုန်းထည့်ရမယ်ဆိုတာ ရှိတယ်။ အဲဒီရာခိုင်နှုန်း ပြည့်အောင် မထည့်တာတွေလည်း ရှိတာပေါ့။ Maximum ကတော့ One to Six၊ အဲဒီသတ်မှတ်ထားတဲ့ One to Six မှာ One to Three လောက်အ ထိတော့ Maximum ထည့်ကြတယ်။ ဒါပေမဲ့ သံဆိုတာ ထည့်တိုင်းလည်း ကောင်းတာမျိုးတော့ မဟုတ်ဘူး။ သူက တန်ဆေးလွန်ဘေးပဲ။ များတိုင်းလည်း မကောင်းဘူး။ ရှိသင့်ရှိထိုက်တဲ့ သံပမာဏတော့ ရှိရမှာ ပေါ့"ဟူ၍ Mandalay Earth-quake Clinic Coordinator Team မှ ဒေါက်တာလှမျိုး အောင်က ငလျင်ဒဏ်သင့် အဆောက်အအုံများစစ်ဆေးခဲ့မှု အခြေအနေတချို့ကို ပြောပြသည်။
Philosophy တစ်ခုရှိသည်။ " Earthquakes Don’t kill people; Buildings kill People” ဟူ၍ ဖြစ်သည်။ ငလျင်လှုပ်ခြင်းက လူကိုမသတ်၊ အဆောက်အအုံများက လူကို သတ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်ဟု အင်ဂျင်နီယာတစ်ဦးက ပြောပြသည်။ ထိုအဆောက်အအုံအတွင်း ဘေးကင်းအောင် နေထိုင်နိုင်ရေး၊ ထိုအဆောက်အအုံကို ငလျင်ဒဏ် ခံနိုင်အောင်ဆောက်ဖို့ လိုအပ်ကြောင်း ၎င်းက ဆက်ပြောပြသည်။ မန္တလေး ငလျင်ကြီး ဖြစ်စဉ်ကြောင့် မြေကျွံကျသွားခဲ့သည်အထိ အထိနာခဲ့သည့် အဆောက်အအုံတ ချို့နှင့် ပတ်သက်၍ "ဒါကလည်း တချို့ လယ်ကွက်တွေထဲ ဆောက်ထားတာ။ လယ်ကွက်တွေထဲ ဆောက်တော့ Soil ကို မြေပျော့ကို ဖယ်ထုတ်တာရှိတယ်။ အဲဒီမှာ မြေပျော့ကို ဖယ်မထုတ်ဘူး။ မြေကြီးကို သိပ်သည်းအောင်မလုပ်ဘဲနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဆိုရင် မြေကျွံတာတွေ ဖြစ်နိုင်တယ်။ နောက် တစ်ခုကျတော့လည်း သဘာဝဘေးအန္တရာယ်ဆိုတာကတော့ ပြောရခက်ပါ တယ်။ Engineering Structure တွေရော မပြိုဘူးလားဆိုတဲ့ မေးခွန်းကျလည်း အဲဒါတွေလည်း ပြိုနိုင်ပါတယ်။ ဘယ်အချိန် ပြိုနိုင်တာလဲဆိုရင် ကိုယ့်အဆောက်အအုံကြီးက အက်ကွဲကြောင်းကြီးပေါ် တည့်တည့် ကျနေရင်တော့ ဘယ်လောက်ပဲ ဒီဇိုင်းလုပ်လုပ်ပေါ့။ အက်ကွဲလိုင်း တည့်တည့်ကျတဲ့ အဆောက် အအုံဆိုရင် သူ့ရဲ့ခိုင်ခံ့မှုကို ပြောရတာ ခက်ခဲတာပေါ့။ အထူးသဖြင့်ကတော့ Foundation တည်ဆောက်တဲ့ အချိန်မှာ မြေစမ်းသပ်တာပေါ့။ မြေကြီးစမ်းသပ်မှုတွေ Soil Test တွေ မလုပ်ခဲ့တဲ့အဆောက်အအုံ တွေမှာ လည်းပဲ Soil Compaction ရအောင် မလုပ်ခဲ့တဲ့အတွက် မြေကြီးကျွံကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်" ဟူ၍ ဒေါက်တာ လှမျိုးအောင်က မှတ်ချက်ပြုခဲ့သည်။
လူသားတို့၏ မွေးဖွားခြင်း၊ သေဆုံးခြင်းများ ဖြစ်ပျက်ပြောင်းလဲနေမည် ဖြစ်သော်လည်း ငလျင် ဖြစ်စဉ်ကြီးမှာကား ဆက်ရှိနေဦးမည်သာ ဖြစ်သည်။ ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်တွင် စစ်ကိုင်းပြတ်ရွေ့မှာ ကီလိုမီတာ ၁၂၀၀ ကျော်ရှိပြီး ထိုပြတ်ရွေ့၏ အစွန်အဖျား ခတ်ခဲ့သည့်အရှိန်ကြောင့် ဘန်ကောက်မြို့ရှိ ၃၅ ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့သည်။ ထိုဖြစ်စဉ်အပေါ် မြန်မာအင်ဂျင်နီယာများ၊ ငလျင်ပညာရှင်များက သတိထားစရာ၊ ကြိုတင်ပြင်ဆင်စရာ သင်ခန်းစာများအဖြစ် ရှုမြင်ထားကြ သည်။ စစ်ဆေးတွေ့ရှိခဲ့မှု အတွေ့အကြုံများအရလည်း မြန်မာနိုင်ငံတွင် နည်းပညာအသစ်များ လိုအပ်နေပြီး ငလျင်နှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာများ၊ အဆောက်အအုံနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒများ ချမှတ်သင့်သည်ဟု အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုကြသည်။ ငလျင်နှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု သုတေသနစင်တာဖြစ်ဖြစ်၊ ဌာနတစ်ခုရှိလာစေရန်လည်း ၎င်းတို့က ဆန္ဒရှိနေကြသည်။
အဆောက်အအုံများ ဆောက်လုပ်တော့မည်ဆိုလျှင် ဂျပန်နိုင်ငံကဲ့သို့ပင် ငလျင်ဒဏ်ကို ပမာဏ မည်မျှ အတိုင်းအတာအထိခံနိုင်တဲ့ ငလျင်ဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်သည့် နည်းပညာ မျိုးဖြစ်ပြီး ထိုနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်လည်း နိုင်ငံတော်အစိုးရမှ မူဝါဒချမှတ်၍ လုပ်ပေးသင့် သည်ဆိုသော အကြံပြုချက် ဖြစ်သည်။
"မြေငလျင်ကော်မတီမှာလည်း Geologist (ဘူမိဗေဒ)တို့၊ မိုးလေဝသတို့ ပါတယ်။ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာက သဘာဝရေဘေးလောက်ပဲ အဓိက ခံရတာများတာကိုး။ အခုကတော့ ငလျင်ဒဏ်က မြို့ပေါင်းများစွာမှာ တကယ့်ကို ပမာဏများများနဲ့ပေါ့။ဥပမာ ကျွန်တော်တို့ စစ်ကိုင်းဆိုရင် မန္တလေးလောက် မများဘူး၊ သို့သော် တကယ်ဖြစ်ခဲ့တာက မြို့ပေါ် ၂၈ ရပ်ကွက်မှာကို အိမ်ခြေ ၅၀၀၀ Damage ဖြစ်တာလေ။ မြို့ပေါ် ၂၈ ရပ်ကွက်ကလေးကို Damage ဖြစ်တာ အိမ်ခြေ ၅၀၀၀ ဆိုတော့ ရာခိုင်နှုန်းက တခြားမြို့တွေထက်စာရင် တအားမြင့်တယ်။ ဆိုလိုတဲ့ သဘောကတော့ မြေငလျင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အဆောက်အအုံအတွက်ရော၊ Geologist အတွက်ရော၊ မိုးလေဝသဘက် ကရော ဒါနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ကဏ္ဍမှာ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ် နေပြီဆိုတဲ့ သဘောပါ။ ဒီအတွက် နိုင်ငံတော်က မူဝါဒချမှတ်ပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ်။ အဲဒီလိုပဲ ပုဂ္ဂလိကအပိုင်း၊ လုပ်ငန်းရှင်တွေ အပိုင်းကလည်း အဆောက် အအုံ ဆောက်တဲ့အခါမှာ သတိထားပြီးတော့ Public အဆောက်အအုံဖြစ်တဲ့ ဟိုတယ်တွေ၊ ကျောင်းတွေ၊ ရုံးတွေ အသစ်ပြန် ဆောက်တဲ့အခါမှာ ငလျင်ဒဏ်ခံ အဆောက်အအုံတွေ ဖြစ်ဖို့အတွက် မူဝါဒချမှတ်ပြီးတော့ လုပ်ပေး သင့်ပါတယ်။ ဆောက်မယ့် လုပ်ငန်းရှင် တွေအတွက်ကလည်း ငလျင်ဒဏ်ခံ အဆောက်အအုံ ဆောက်ဖို့လိုတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း တက္ကသိုလ်တွေမှာ အဓိက ဘာသာ ရပ်တစ်ခုအနေနဲ့ သင်ကြားပေးဖို့ လိုပါတယ်"ဟူ၍ စစ်ကိုင်း Earthquake Clinic Coordinator Team မှ ဦး အောင်ကြည်စိုးက အကြုံပြုသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ စစ်ဆေး စိစစ်ဆောင်ရွက်နေမှု အခြေအနေကို ပြန်ဆက်ရမည်ဆိုလျှင် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း တို့ရှိ Earthquake Clinic Coordinator Team များမှ စစ်ဆေးတွေ့ ရှိမှုအရ ဧပြီ ၁၉ ရက်အထိ အဆောက်အအုံ ၃၀၀၀ စစ်ဆေးနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုအဆောက်အအုံများတွင် ၁၀ ရာခိုင်နှုန်းနီးပါးရှိ ပျက်စီးကာ လူနေထိုင်ရန် မသင့်တော့သည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်းချုပ်၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ နည်းပညာအင်ဂျင်နီယာ ကိုဝေရာအောင်က ရှင်းပြသည်။
"အဆောက်အအုံတွေကို Volunteer Team တွေကနေ စစ်ဆေးခဲ့တာက အဆောက်အအုံပေါင်း ၃၀၀၀ နီးပါးလောက် ကျွန်တော်တို့ Database ထဲကို ရောက်ပါပြီ။ ကျွန်တော်တို့စစ်ခဲ့တဲ့ အဆောက်အအုံ ၃၀၀၀ မှာပေါ့။ အဆောက်အအုံစစ်တာကတော့ ရန်ကုန်ရယ်၊ နေပြည်တော်ရယ်၊ မန္တလေးရယ်၊ စစ်ကိုင်းရယ်။ တွေ့ရှိချက်တွေအရဆိုရင် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ အဆောက်အအုံတွေထဲကမှ လူနေ ထိုင်ဖို့ မသင့်တာက ၁၀ ရာခိုင်နှုန်းနီးပါးလောက် တွေ့ပါတယ်။ အဆောက်အအုံ ၃၀၀၀ ရဲ့ ရာခိုင်နှုန်း ၃၀ ဖြစ်တဲ့ အဆောက်အအုံ ၃၀၀ လောက်ကတော့ လူနေထိုင်ဖို့ မသင့်ဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ကျန်တာကတော့ အသေးစားပြင် ဆင်ဖို့လိုတာ။ အဆောက်အအုံကို ငလျင်ဒဏ်ခံနိုင်ဖို့အတွက် ပြင်ဆင်ဖို့ လိုအပ်တာမျိုးတွေပါ"ဟူ၍ ကိုဝေရာအောင်က ဆက်ပြောသည်။
မြန်မာနိုင်ငံရှိ အဆောက်အအုံများ တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အ ချက်များ၊ ပါရှိရမည့် ဥပဒေများနှင့်ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်း၍ Myanmar National Building Code - 2020 ကို ထုတ်ဝေထားသည်။ Myanmar National Building Code - 2025 ထုတ်ဝေနိုင်ရေး ပြင်ဆင်နေမှုသည်လည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဟု သိရသည်။ ထိုလမ်းညွှန်စာအုပ်တွင် ငလျင်ဒဏ်ကို မြို့နယ်အလိုက် မည်မျှပမာဏအထိ ခံနိုင်ရည်ရှိအောင် တွက်ချက်ရမည်ဆိုသော လမ်းညွှန်မှုများ၊ အဆောက်အအုံဆောက်လုပ်ရာတွင် တည်ဆောက်ရေး သဘောတရား ရှုပ်ထွေးမှုအလိုက် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ ပါရှိသည်ဟု သိရသည်။ Myanmar National Building Code လမ်းညွှန်ချက်အတိုင်း လိုက်နာတည်ဆောက်မည် ဆိုပါက အဆောက်အအုံ စိတ်ချရမှု ရာခိုင်နှုန်း ၉၀ အထိ ရှိနေပြီး ထို့ထက်ပို၍ နိုင်ငံတကာ အတွေ့အကြုံများဖြင့် ပေါင်းစပ်လိုက် မည်ဆိုလျှင် ၉၉ ရာခိုင်နှုန်းခန့်အထိ စိတ်ချရသည်ဟုလည်း အင်ဂျင်နီယာပညာရှင်များက ယုံကြည်နေ ကြသည်။ ထိုလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်သည်ဟု အကြံပြုကြသလို ငလျင် ဒဏ်ခံနိုင်အောင် ဆောက်လုပ်ရာတွင်လည်း ကန်ထရိုက်အင်ဂျင်နီယာအပြင် Counter Check လုပ် ပေးနိုင်မည့် Third Party QC အင်ဂျင်နီယာများဖြင့် ညှိနှိုင်းတိုင်ပင်သင့်သည်ဟုလည်း အကြံပြုကြသည်။
"အဆောက်အအုံဆောက်မည်ဆိုရင် ကိုယ်တတ်နိုင်တဲ့ ပမာဏပဲ ဆောက်ပေါ့။ တချို့ကျတော့ အဆောက်အအုံကို ကိုယ့်မှာ တစ်ထပ်စာပဲ ရှိတယ်။ သို့သော်ငြားလည်း နှစ်ထပ်လောက် လိုချင်တာမျိုးပေါ့။ အင်ဂျင်နီယာနဲ့ ဆောက်တဲ့အခါ တစ်ထပ်လောက်ပဲ ရမယ်ဆိုရင် အပြင် အရပ်လက် သည်နဲ့ဆောက်ရင် နှစ်ထပ်လောက်အထိ ဖြစ်နိုင်တယ်ဆိုတာမျိုး ရှိကြတယ်။ ပြောချင်တဲ့အဓိပ္ပာယ်က အဆောက်အအုံတွေကြီးဖို့ ထက် လုံခြုံဖို့က အရေးကြီးပါတယ်။ အဆောက်အအုံတွေ သုံးထပ်၊ လေးထပ် ဖြစ်ဖို့ထက် တစ်ထပ်ပဲဆောက်ဆောက်၊ နှစ်ထပ်ပဲဆောက်ဆောက် ဒီအဆောက်အအုံက ကိုယ့်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ အဆောက်အအုံဖြစ်ဖို့ အရေးကြီးပါတယ်"ဟူ၍ ဒေါက်တာ လှမျိုးအောင်က အကြုံပြုသည်။
မကြာမီ တစ်လပြည့်မြောက်တော့မည့် မန္တလေးငလျင်ကြီး ဖြစ်စဉ်သည် နိုင်ငံအတွင်း မျိုးဆက်ပေါင်းများစွာ နောင်အနာဂတ်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်သင့်သည်များကို သင်ခန်းစာပေး လိုက်သည့်နှယ်ဟု ထင်မြင်ယူဆမိပါသည်။ မည်မျှပင် ကောင်းမွန် ခိုင်ခံ့အောင် တည်ဆောက်ပါစေ မိနစ်ပိုင်းလေးအတွင်း ငလျင်ကြောင့် ဗုန်းဗုန်းလဲကျသွားနိုင်သည်ဆိုသော အသိတရား၊ သံဝေဂများ လည်း ရရှိစရာဖြစ်သည်။ တိုက်ပေါ်တွင် စည်းစိမ်ဥစ္စာများဖြင့် ခံစားနေသူတစ်ဦး မိနစ်ပိုင်းအတွင်း လမ်းဘေးတစ်နေရာတွင် အိပ်စက်ရသည့်ဘ၀ ဖြစ်သွား၍ တရားကျဖို့ကောင်းသည်ဟုလည်း ညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဦးက မှတ်ချက်ပြုသည်။ "ဒီငလျင်ကြီးက ပြတ်ရွေ့ကြောတွေ ပြင်းပြင်းထန်ထန် ဖြစ်သွားတာ။ ဒါပေမဲ့ မန္တလေးမှာ တချို့တိုက်တွေ ဘာမှမဖြစ်ဘဲ နဲ့ တချို့တိုက်တွေသာ ဖြစ်သွားခဲ့တာ။ ဆိုတော့ မန္တလေးငလျင်ကြီးနဲ့ပတ်သက်ပြီး ပြောချင်တာက ကိုယ့်နိုင်ငံက အဆောက်အအုံ ဆောက်လုပ်တဲ့သူတွေက မညံ့ပါဘူး။ ဒါပေမဲ့ ကံကြမ္မာအရ ဖြစ်လာတာပေါ့။ ကိုယ့်မြန်မာ အင်ဂျင်နီယာတွေပဲ ညံ့လို့လား၊ သံတွေ၊ ဘိလပ်မြေတွေ လျှော့ပြီး လုပ်ခဲ့ကြလို့ လား မဟုတ်ပါဘူး။ တကယ့်တကယ်တော့ သူ့အကြောင်းတရားနဲ့သူ ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဟိုလူ့အပြစ်ဖို့မယ်၊ ဒီလူ့အပြစ်ဖို့မယ်ဆိုရင် ဒီသံသရာကြီးက ပြီးတော့မှာ မဟုတ်ဘူး။ ကန်ထရိုက်တွေ ညံ့လို့မဟုတ်ပါဘူး။ သဘာဝဘေးကြီးကိုက ရုတ်တရက်ဖြစ်လာတဲ့ အခါမှာ အားလုံးညီညီညွတ်ညွတ်နဲ့ပဲ ဖြစ်လာသမျှတွေကို အတူတူရင် ဆိုင်ပြီးတော့ တိုင်းပြည်ပြန် လည်ထူထောင်ရေးမှာ ပါဝင်ပြီးတော့ ဒီအခြေအနေကို ကျော်ဖြတ်သွားနိုင်အောင် အားလုံးဝိုင်းပြီး လုပ်ဆောင်ကြရမှာပါ"ဟူ၍ ၎င်းက မှတ်ချက်ပြုခဲ့သည်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )