မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးမြို့တို့ရှိ ရုံးခွဲများတွင် Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
    နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားနိုင်စေရန် မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးမြို့တို့ရှိ ရုံးခွဲများတွင် Online Booking စနစ်ဖြင့် Passport များ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားနိုင်အောင် တိုးချဲ့ဆောင်ရွက်ပေးထားကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။
    နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ နှုန်း ဆောင်ရွက် ပေးလျက်ရှိသလို နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင် ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူ ဦးရေအတိုင်းလည်းကောင်း ရုံးဖွင့်ရက်များ တွင် နေ့စဉ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    ဖေဖော်ဝါရီ ၂၆ ရက် မှစ၍ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများဖြစ်သည့် မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲများတွင် ဆောင်ရွက်မည့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒသကြီး အိမ်ထောင်စုစာရင်းဝင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည့် သူများအတွက် အဆင် ပြေချောမွေ့စေရေးအတွက် KBZ-Pay/ MPU Card ဖြင့် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီမှစ၍ Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများ မဟုတ်ပါက Booking ရရှိသော်လည်း ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း နှင့် Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထား သော UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဟု သိရသည်။
    Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ Website တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZ-Pay / MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/အကျိုးဆောင် များမလိုအပ်ဘဲ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေး စီစဉ်ထားရှိခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

Total Views ~ 518

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.