ရန်ကုန်၊ မတ် ၅
မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းဝန် ထမ်းများ၏လုံခြုံရေးကို ကာကွယ်မှုတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ မန္တလေးမြို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping ၊ သံမှူး Ms. Qiao Li ၊ သံမှူး Mr. Li Qianguo ၊ သံမှူး Mr.Yu Jinfeng တို့ အတူလိုက်ပါခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း သံအမတ်ကြီး Ms. Ma Jia သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာ ချစ်ကြည်ရေး မြှင့်တင်ခြင်း၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်မှုတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သံအမတ်ကြီး Ms. Ma Jia သည် မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်တန်းကျောင်းသို့ သွားရောက်လေ့လာပြီး သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကာ ၎င်းကျောင်းအား ယဉ်ကျေးမှု ပေါင်းကူးတံတားအဖြစ် ဆက်လက်ရပ်တည်၍ တရုတ်-မြန်မာ ယဉ်ကျေးမှု ပေါင်းစည်းခြင်းကို ပိုမို ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မန္တလေးမြို့ တရုတ်နွယ်ဖွား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး တရုတ်နွယ်ဖွားများအား ဒေသတွင်း လူ့အဖွဲ့အစည်းများသို့ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ရန်အတွက် တရုတ်နှင့် နိုင်ငံရပ်ခြားဒေသများ၏ အားသာချက်များကို ပေါင်းစည်းကာ တရုတ်နွယ်ဖွား အသိုက် အဝန်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ချိန်၌ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းအတွက် အပြု သဘောဆောင်သောအကျိုးများ ဖော်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း မန္တလေးမြို့ရှိ တရုတ်ထောက်ပံ့ပေးခဲ့သော အမှတ်(၂) စက်မှုသင်တန်းကျောင်း၊ Alpha Cement နှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းကုမ္ပဏီရုံးချုပ်ထံ သွားရောက်လေ့လာကာ တရုတ်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ ထောက်ပံ့ပေးထားသည့် စီမံကိန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထူးမြတ်