မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် အရေးပါသည့် ဗလမင်းထင် အမှတ်(၂) တံတား စီမံကိန်းကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    ကချင်ပြည်နယ်၌ မြန်မာ-တရုတ် ကုန်သွယ်ရေးတွင် အရေးပါသည့် ဗလမင်းထင် အမှတ်(၂) တံတားစီမံကိန်း အကောင်အထည်ဖော်လျက်ရှိရာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
    ဗလမင်းထင် အမှတ်(၂)တံတား တည်ဆောက်ရေးစီမံကိန်းသည် ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အရှေ့နှင့်အနောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အား ဆက်သွယ်ထားသည့်အပြင် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျသော လမ်းမပေါ်တွင် တံတား ဦးစီးဌာန၊ တံတားတည်ဆောက် ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။
    လက်ရှိတွင် တံတားရေလယ်တိုင်များ တည်ဆောက်ခြင်းနှင့် တံတားချဉ်းကပ် လမ်းနှစ်ဖက် တည်ဆောက်ရန် ဆောင်ရွက်နေပြီး တံတားဟောင်း ရေလယ်တိုင်အား ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
    အဆိုပါ တံတားတည်ဆောက်‌ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၅ ရက်က ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အရည်အ သွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်းအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေးမှာ ကြားခဲ့သည်။
    အဆိုပါ ဗလမင်းထင်အမှတ်(၂)တံတားသစ်သည် အရှည်ပေ(၃၂၁၂ ဒသမ ၀၉၉) ၉၇၉ မီတာရှိပြီး ဘိုးပိုင်၊ သံကူကွန် ကရစ်ရေလယ်တိုင်နှင့် သံကူကွန်ကရစ် ကမ်းကပ်ခုံပေါ်တွင် Steel Box Grider နှင့် RCC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၇ ပေကျော်ရှိပြီး ၇၅ တန် ထိခံနိုင် ဝန်ရှိသော တံတားတစ်စင်းဖြစ်‌သည်။ 
    ထို့အပြင် မြန်မာ-တရုတ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံအထိ ဆက်သွယ်အသုံးပြုနိုင်ပြီး နိုင်ငံ့အကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တံတားတည်ဆောက်ပြီးစီးပါက တံတားနှစ်စင်းလုံးအား အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွား လာနိုင်မည်ဖြစ်သည်။      နဒီ

Total Views ~ 97

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.