ရန်ကုန်ဆိပ်ကမ်းနယ်မြေများရှိ ဆိပ်ခံများ အကြီးစား ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် လုပ်ငန်း ၁၁ ခုအတွက် တင်ဒါခေါ်

ရန်ကုန်၊ ဧပြီ ၃၀
    ရန်ကုန်ဆိပ်ကမ်းနယ်မြေများရှိ ဆိပ်ခံများအကြီးစား ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန်အပါအဝင် လုပ်ငန်း ၁၁ ခု ဆောင်ရွက်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ Open Tender ခေါ်ယူထားသည်။
    တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည့်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်းရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဖိတ်ခေါ်ထားသည်။
    ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများတွင် ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ပေ ၁၂၀ x ၂၀ x ၆‌-၆ အရွယ် ဆိပ်ခံဗောနှစ်လုံးအား အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်း၊ ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ပေ ၃၀ x ၂၀ x ၅‌-၆ အရွယ် တံတားခံဗောနှစ်လုံးနှင့် ပေ ၄၀ x  ၂၀ x ၅-၆ အရွယ် တံတားခံဗော တစ်လုံးတို့အား အကြီးစားပြု ပြင်မွမ်းမံခြင်း လုပ်ငန်း၊ ပန်းဆိုးတန်းဆိပ် ကမ်းနယ်မြေနှင့် ဗိုလ်တထောင်ဆိပ်ကမ်း နယ်မြေတို့ရှိ သံစည်ဖွဲ့ ဆိပ်ခံဗောတံတားများတွင် တပ်ဆင် အသုံးပြုလျက်ရှိသည့် ပေ ၄၀ x ၁၀ x ၅ အရွယ် သံစည်ဗောများအနက် သံစည်ဗောငါးလုံးအား အကြီးစားပြုပြင်မွမ်း မံခြင်းလုပ်ငန်းများ ပါဝင်သည်။
    အဆိုပါလုပ်ငန်းများနှင့်အတူ ဆူးလေဆိပ်ခံတံတား အမှတ်(၄) ရှိ Vertical Fender Line စုစုပေါင်း ၂၁လိုင်းအား Rubber Fender များ အသစ်တပ်ဆင်ခြင်းလုပ်ငန်း၊ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်း Weight Bridge တစ်ခုဆောက် လုပ်တပ်ဆင်ပေးခြင်းလုပ်ငန်း၊ ဆူးလေဆိပ်ကမ်းတံတားဝင်းအတွင်းရှိ ဆိပ်ခံတံတားအမှတ် (၁၊ ၂) ၏ ဘေးကာခံတုံး (Concrete Copping) များ ပြုပြင်ခြင်းနှင့် ဆိပ်ခံတံ တား၏ Apron များအား ကတ္တရာကွန်ကရစ် (AC) ဖြင့် ပြုပြင်ခြင်းလုပ်ငန်း၊ စဉ့်အိုးတန်းအမှတ်(၂)နှင့် ဆူးလေဆိပ်ကမ်းအမှတ် (၁)ကြားရှိ ပျက်စီးနေသည့် ကမ်းပါးထိန်းအလျား ပေ ၂၇၀ အား Bored Pile Foundation အသုံးပြု၍ R.C Beam နှင့် Gabion Box  များဖြင့် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအတွက်လည်း တင်ဒါခေါ်ယူထားသည်။
    အလားတူ လမ်းမတော်ဆိပ်ကမ်း နယ်မြေ၊ ကမ်းနားဘက်ခြမ်းရှိ လူသွားစင်္ကြံ (Platform) အလျား ပေ ၂၃၀၀ အား ပြုပြင်၍ ကွန်ကရစ် ဘလောက်တုံးများ ခင်းပေးခြင်းနှင့် သံလက်ရမ်းတန်းများ ပြုလုပ်တပ်ဆင်ပေးခြင်းလုပ်ငန်း။
    Steel Sheet Pile များ အသုံးပြု၍ တည်ဆောက်ထားသော ဆိပ်ကြီးမြစ်ကြောင်း ထိန်းတံတိုင်း အလျား ပေ ၄၀၀ အား ပြန်လည်အားဖြည့်ခြင်းလုပ်ငန်း၊ ဗိုလ်တထောင်မြို့နယ် ဗဟိုပစ္စည်းထိန်း ဌာနဝင်းအတွင်းရှိ အလျားပေ ၁၂၅ x အနံ ၃၆  x အမြင့် ၃၀ အရွယ် ဗဟိုပစ္စည်းထိန်းရုံးပင်မရုံး အဆောက်အအုံအား အကြီးစားပြုပြင် မွမ်းမံပေးခြင်း လုပ်ငန်းနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဆိပ်ကမ်းရှိ ပေ ၁၂၀ x ၂၀ အရွယ် ဆိပ်ခံဗောအား အကြီးစားပြုပြင်ခြင်း လုပ်ငန်းအတွက်လည်း တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။
    တင်ဒါပုံစံများကို ဧပြီ ၃၀ မှ မေ ၈ ရက်အထိ ပန်းဆိုးတန်းလမ်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး မေ ၁၅ ရက်တွင် တင်ဒါဖွင့်မည်ဟူ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ အသိပေးထားသည်။   နဒီ

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43031

© 2022 - 2025 News. All Rights Reserved.