ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးဆောင်ရွက်နေ

၂၀၂၄ ၊ မတ် ၂၈
    မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် တန်ချိန် နှစ်သိန်းနှင့်အထက် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် (Deep Sea Port)  ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိပြီး ရုရှား နိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ကြားသည်။
    လွန်ခဲ့သည့် ရက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား-မြန်မာ နှစ်နိုင်ငံကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ် လျဉ်း၍ တွေ့ဆုံမေးမြန်းမှုအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    "အနာဂတ်အတွက် အမြော်အမြင်ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေ နက်ဆိပ်ကမ်းတစ်ခု  လုပ်လို့ရတဲ့အနေအထားရှိတယ်။ အဲဒါကတော့ တန်ချိန် နှစ်သိန်းနဲ့အထက် သင်္ဘောတွေရပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခု ကျွန်တော်တို့ လုပ်နေတာရှိပါတယ်။ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    တစ်ဆက်တည်းပင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ သဘာဝအရင်းအမြစ်များနှင့် စပ်လျဉ်း၍ လည်း နိုင်ငံတော်အစိုးရမှ တည်ဆဲဆောင်ရွက်နေသည့် အခြေအနေများနှင့်  တိုးမြှင့်ဆောင်ရွက်ရန်အတွက်လည်း ကျယ်ပြန့်သည့် ရေသယံဇာတ အရင်းအမြစ် များရှိသေးသည်ကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
    "တောင်ပိုင်းဒေသမှာ တွေ့ရတာ တစ်အချက်ကတော့ ကျွန်တော်တို့ ကျွန်းတွေရှိတယ်။ နောက်တစ်ခါ ပင်လယ်ကမ်း ခြေရှိတယ်။ ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေရှိတယ်။ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့ ပုလဲတွေ အဲဒီဒေသမှာ ထွက်တယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော်တို့ ဒီပုလဲရောင်းချ ပွဲတွေ လုပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကထွက်တဲ့ ပုလဲကတော့ကမ္ဘာမှာ အကောင်းဆုံးအ ဆင့်ရှိတဲ့ ပုလဲတွေ။ သဘာဝပုလဲပေါ့။ မွေးပုလဲတွေလည်း ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ်ခါ ရေအောက်သယံဇာတလုပ်ငန်းတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကြည့်စရာတွေအများ ကြီးရှိတယ်"ဟု  ပြောကြားသည်။
    ရေနက်ဆိပ်ကမ်းအား မြန်မာ နိုင်ငံ(တောင်ပိုင်း) မည်သည့်နေရာ၌ ဖော်ဆောင်မည်ကို ပြောကြားခြင်းမရှိသော်လည်း ထိုင်းအစိုးရနှင့် ဖျက်သိမ်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း များထဲမှ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ပြန်လည်ဆောင်ရွက် သွားမည့် အခြေအနေများရှိနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
    ထိုင်းနိုင်ငံမှလည်း ရွေးကောက်ပွဲအပြီး နိုင်ငံအစိုးရအပြောင်းအလဲဖြစ်ပြီး နောက်ဖျက်သိမ်းခဲ့သည့် မြန်မာနိုင်ငံမှထား ဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်ဆောင်ရွက်ရန် စိတ်ဝင်တစား ဆက်သွယ်လာသည့် အခြေအနေများ ရှိနေကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သည် ဇန်နဝါရီလတွင် ပြောခဲ့သည်။
    ထိုင်းအစိုးရ၏ လက်ရှိမူဝါဒသည် ထိုင်းနိုင်ငံ အရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေး ဇုန်တည်ဆောက်ကာ အရှေ့စီးပွား ရေးစင်္ကြံ (Eastern Economic Corridor) အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်အား အချိန်တိုအတွင်းကူးသန်းသွား လာနိုင်ရန် အနီးဆုံးလမ်းအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဆို သည်။
    ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်သဘောတူဖျက်သိမ်းခဲ့ကာ ဆောက်လုပ်ရန် တာဝန်ယူခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ သည်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ဘဲ ရပ်နားထားပြီး အချို့ကိစ္စရပ်များတွင် နှစ်ဖက် ဆက်လက်၍ ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေများရှိသေးကြောင်း သိရသည်။
    ယခင်ကထားဝယ် အထူးစီပွားရေးဇုန်ကို စတင်ဖော်ဆောင်ရာတွင် ကနဦးနှင့် ပင်မစီမံကိန်း ဟူ၍ နှစ်ပိုင်းခွဲထားပြီး ကနဦးအဆင့်တွင် ၂၇ စတုရန်းမိုင်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိသည့် စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်းနှင့် LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများဖြင့် တည်ဆောက်ရန် လျာထားခဲ့ကြသည်။

Total Views ~ 558

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.