ရေမြုပ် အိမ်ထောင်စု တစ်ထောင်နီးပါးရှိခဲ့သည့် ကလောမြို့ ရေပြန်ကျ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ

နေပြည်တော်၊ စက်တင်ဘာ ၁၇
    ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်က ရေမြုပ်ဧရိယာအတွင်း အိမ်ထောင်စုတစ်ထောင် နီးပါးရှိခဲ့သည့် ကလောမြို့တွင် ရေများပြန်လည်ကျဆင်းသွားပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရေးဘေးကူညီသူများထံမှ သိရသည်။ 
    ကလောမြို့ ရပ်ကွက်သုံးခုနှင့် ချောင်းအနီးအနား တစ်လျှောက်ရှိ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး လူဦးရေလေးထောင်ကျော် ရေဘေးသင့်ခဲ့ကြောင်း ရေဘေးကူညီသူ ဦးရာဇာမိုးက ပြောသည်။ 
    "မြေပြင် အခြေအနေကတော့ ရပ်ကွက် (၃) ရပ်ကွက်၊ (၄) ရပ်ကွက်၊ (၂)  ရပ်ကွက် ချောင်းအနီးအနား တစ်လျှောက်ပေါ့။ နေအိမ်တွေ တော်တော်များများ ထိခိုက်ပျက်စီးမှုများတယ်။ အိမ်ထောင်စု တစ်ထောင်နီးပါးလောက် ရေမြုပ်ဧရိယာထဲ မှာပါတယ်။ ကယ်ဆယ်ရေးစင်တာ ၁၂ ခုနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေတော့ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေကြတယ်။ အဝေးရောက် ကလောမြို့သားတွေလည်း လှူကြတာရှိတယ်။ လောလောဆယ် စောင်၊ ခြင်ထောင် လိုအပ်ချက်တွေရှိ တယ်"ဟု ၎င်းက ပြောသည်။ 
    လတ်တလော အခြေအနေတွင် ကလောမြို့တွင်ရေလိုင်း၊ မီးလိုင်း၊ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး လူဦးရေ ၅၀၀ ခန့်ကို ကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် နေရာချထားပေးထားကြောင်း သိရသည်။ ပျောက်ဆုံးလူဦးရေနှင့် သေဆုံးသူဦးရေကို တိတိကျကျ မသိရသေးကြောင်းနှင့် ကူညီကယ်ဆယ် ရေးအတွက် အခက်အခဲများစွာရှိနေပြီး ပြန်လည်တည်ဆောက်ရေးအတွက်လည်း အချိန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။ 
    ရေဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်အနေဖြင့် အစားအစာ၊  အဝတ်အထည်၊ ဆေးဝါး၊ ရေသန့်နှင့် စက်သုံးဆီများလိုအပ်လျက်ရှိကြောင်း သိရသည်။ 
    ကလောမြို့ ရေဘေးသင့်ပြည်သူများကို ကလောတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက် ပေးနေကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 460

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.