ရန်ကုန်၊ မတ် ၁၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် ပြုလုပ်ပေးမည်ဟုပြော ကြားချက်အပေါ်ယုံကြည်ပြီး နိုင်ငံရေးပါတီများ၏ အခက်အခဲကို နိုင်ငံတော်အစိုးရက စိစစ်ပေးရန် ယခင် NLD ပါတီ၏ ဗဟို ကော်မတီဝင်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒေါ်စန္ဒာမင်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် သွားရောက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသည့် ခရီးစဉ်၌ သတင်းမီဒီယာများ၏ မေး မြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဋကောစမလုပ်ဘဲ ပူး ပေါင်းဆောင်ရွက်မှုသာလိုကာ မုချအောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
"ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့် အခြေအနေတွေလည်း ရှင်းပြတော့ သူတို့ ဒါလည်း အားပေး ထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ ရွေးကောက်ပွဲမှာ အကဲခတ်ပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် တွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေကို အများကြီးရခဲ့တယ်။ ရုရှားနိုင်ငံရော၊ ဘီလာရုစ် နိုင်ငံရော၊ သူတို့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့ တော်တော် ဖြစ်လာတာကို တွေ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ဖို့အတွက် ပြောခဲ့တာရှိတယ်။ ဒါ ကျွန်တော် ပါတီစုံဒီမိုကရေစီစနစ်ကို အခိုင်အမာလုပ်မှာပါ။ တကယ်လို ချင်လို့ရှိရင် ကဏ္ဋကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ လိုပါတယ်။ အဲဒါလုပ်မယ်ဆိုရင် ကျွန်တော်နိုင်ငံ မုချအောင်မြင်ရမယ်။ ကျွန်တော် ဒါပြောရဲပါတယ်။ ပြည်သူတွေကို ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့၊ ကျွန်တော်ရဲ့ သဘောထားပေါ့ ပြောပါရစေ"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရမှ ကျင်းပပေးမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ NLD ပါတီ၏ ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ ဒေါ်စန္ဒာမင်းက "ပါတီစုံ ဒီမိုကရေစီကို မလွဲမသွေ သွားပါမယ်ဆိုတာကို နိုင်ငံတော် အကြီးအကဲက ပြောထားပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောတယ်။ပါတီစုံဒီမိုကရေစီစနစ်ကို ရအောင်အကောင် အထည်ဖော်မယ်ဆိုရင် ပါဝင်သင့်ပါဝင်ထိုက် တဲ့ ပါတီတွေအကုန်လုံး လာပူးပေါင်းတာကို လက်ခံပေးဖို့ ပြောချင်ပါတယ်။ နိုင်ငံတော် အကြီးအကဲက အဲဒီလို ပြောပေမယ့် UEC အနေနဲ့က ဟိုပါတီကတော့ဖြင့် ပုဒ်မ ၂၅ နဲ့ ငြိပါတယ်။ ဒီပါတီကတော့ ပုဒ်မ ၂၅ နဲ့ လက်မခံပါဘူး။ ပုဒ်မ ၆ နဲ့ ငြိပါတယ်ဆိုပြီး တော့ အဲဒီလိုမျိုး လုပ်လိုက်တဲ့အတွက် ဝင်လို့မရတဲ့ ပါတီတွေလည်း အများကြီးဖြစ်သွားတယ်။ ဒါတွေကိုလည်း ပြန်လည်စိစစ်ဖို့ အကြံပြုလိုပါတယ်။ အစိုးရအနေနဲ့ ကတိပေးလိုက်တာ ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ယုံကြည်တယ်။ ဒီရွေးကောက်ပွဲကို လေဆိပ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့အတိုင်းပဲ ဒီဇင်ဘာလ နောက်ဆုံးအပတ် သို့မဟုတ် ဇန်နဝါရီလ ဒုတိယအပတ်မှာ လုပ်မယ်ဆိုတဲ့ဟာက သေချာတယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ ကျွန်မတို့ကလည်း တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်။ ပြည်သူလူထု မနစ်နာစေသော နည်းလမ်းကို သွားချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲလမ်းစဉ်ကို လက်ခံရမှာပါ"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ပြည်သူများ လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ပြန်သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ပြည်သူတွေအနေနဲ့ဝမ်းသာစရာက ကျွန်တော်တို့ဟာ ပြည်သူတွေလိုလား တောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ပြန်သွားမယ်။ မလွဲမသွေဆောင် ရွက်ပေးမယ်။ ဒါသည်အောင်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာ ဖြစ်ပါတယ်"ဟု ပြော ကြားထားသည်။
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ် (သို့) နောက်အကျဆုံး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ကျင်းပပေးသွားမည်ဖြစ်ကာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံတို့အပြင် ကျန်နိုင်ငံတကာမှ ထောက်ခံပေးမှုကို ရရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ ထူးမြတ်