ရွှေညောင်-တောင်ကြီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား ရထားလမ်းတာပေါင် လုပ်ငန်းများဆောင်ရွက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    ရွှေညောင်-တောင်ကြီး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား ရထားလမ်း တာပေါင်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။
    ပေါမူဘူတာနှင့် ထီသိမ်ဘူတာကြား CH:No (21+800) မှ CH:No(22+400) အထိ ရထားလမ်းတာ ပေါင်မြေကြီးလုပ်ငန်း (တူးမြေလုပ်ငန်း) ၂၂၇၄၁ ဒသမ ၅၀ ကျင်း၊ ပေါ မူဘူတာနှင့် ထီသိမ်ဘူတာကြား CH: No (21+800) မှ CH:No(22+400) အထိ ရထားလမ်းတာပေါင်မြေကြီးလုပ်ငန်း (ဖို့မြေလုပ်ငန်း) ၁၅၁၁၄ ဒသမ ၈၅ ကျင်းလုပ်ငန်းများ ဆောင်ရွက်ဖြစ်ပြီး လက်ရှိတွင်အဆိုပါ လုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန် မြန်မာ့မီးရထားမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
    တင်ဒါလျှောက်လွှာများကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထား ထောက်ပံ့ဌာနတွင် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာရောင်းချပေးနေပြီး ဒီဇင်ဘာ ၂ ရက်တွင် မြန်မာ့မီးရထားမှ အသိပေးထားသည်။
    ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ပြီး ရွှေညောင် - တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းတိုးချဲ့ ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တို ဘာ ၂၂ ရက်တွင် တောင်ကြီးမြို့ ဘူတာရုံ၌ကျင်းပခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းတွင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်း အတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှ တစ်ဆင့် ပင်းပက်သို့အရှည် ၁၀ ဒသမ ၇၈ မိုင်ကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင် ကြီးအကြား ရထားလမ်းပိုင်းကို ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် ရထားလမ်းအဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။
    ရွှေညောင်-တောင်ကြီး-နောင် ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းတွင် ခရီးမိုင် ၄၁ ဒသမ ၁၆ မိုင်တံတားကြီး၊ တံတားငယ် ၁၂၉ စင်းနှင့် ဘလောက်ဘူတာ ကိုးဘူတာပါဝင်ပြီး ထိုသို့ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် မီးရထားလမ်းကြောင်းမှ ဒေသထွက်ကုန်စည်များကို ကျန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာသယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
    ထို့အပြင် ပြီးခဲ့သည့်  ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာများ၊ တိုင်းအမှတ်(၄)မှ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် -တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ်ဘူတာများ၊ ထီသိမ်အဝိုင်းပတ် တံတားနှင့် ရထားလမ်းထိန်းသိမ်းမှု အခြေအနေ၊ တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေ၊ တောင်ကြီး-ကက္ကူ ရထားလမ်းပိုင်းရှိ တံတားများ၏ အခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။    နဒီ

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31240

© 2022 - 2024 News. All Rights Reserved.