ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
လက်နက်ကိုင်ပဋိပက္ခများ၏ အရှိန်လျှော့ချနိုင်ရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များနှင့်ပါတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန်အတွက် ဘာသာရေးခေါင်းဆောင်များက ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ် ရေးကော်မတီထံ မေတ္တာရပ်ခံစာပေးပို့ထား ခြင်းဖြစ်ကြောင်း အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
"အဲဒီကိစ္စကို ကျွန်တော်တို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီဆီကို သူတို့က မေတ္တာရပ်ခံစာ ပေးပို့ထားတာ ရှိပါတယ်။ ညီညွတ်ရေးကော်မတီ ခေါင်းဆောင်တွေကလည်း ဒီမေတ္တာရပ်ခံချက်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားထားပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဘားအံမြို့ ခလောက်ထောင် ကျေးရွာရှိ ဗုဒ္ဓဂယာတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်များရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည့် ဘာသာရေးခေါင်းဆောင်များက ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများ သုံးသပ်မှုအပါအဝင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ရှေးရှုဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲအပြီးတွင် အချက်ရှစ်ချက်ခန့် ပါဝင်သော မေတ္တာရပ်ခံစာ တစ်စောင်ကို ကရင်လက်နက်ကိုင် အဖွဲ့လေးဖွဲ့ဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်ရေးကော်မတီမှ ခေါင်းဆောင်များထံပေးပို့ခဲ့ ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။
"အဲဒီစာက သူတို့ကိုယ်တိုင်ပဲ ကရင်နှစ်သစ်ကူးနေ့မှာလာတက်တဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီက ခေါင်းဆောင်တွေ လက်ထဲကို ကိုယ်တိုင်အပ်ခဲ့တာပါ။ မေတ္တာရပ်ခံချက် ခုနစ်ချက်၊ ရှစ်ချက်လောက်ပါတယ်။ ပါတီနဲ့ဆိုင်တာက ကွဲပြဲနေတဲ့ ကရင်နိုင်ငံရေးပါတီ တွေ တစ်ပါတီတည်း ပြန်ဖြစ်ဖို့ အဲဒါကိုလည်း သူတို့တောင်းဆိုတယ်။ ကရင်လက်နက်ကိုင် တွေကိုကျတော့ လည်း သူတို့ကတော့ ပြန်လည် ပေါင်းစည်းပါလို့တော့ မတောင်းဆိုဘူး။ လက်ရှိ ရှိနေတဲ့အခြေ အနေအပေါ်မှာ အသွင်မတူပေမယ့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်း လုပ်ဆောင်ကြဖို့၊ အချင်းချင်း မပစ်ခတ်ကြဖို့ပေါ့။ ပြီးတော့ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေက နေရာတော်တော်များများမှာ ဖြစ်နေ တယ်။ ကရင်ပြည်နယ်ထဲမှာလည်း ဖြစ်နေတယ်။ အဲဒီအခြေအနေမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီက အရင်ကတည်းက တပ်မဟာ (၇) နယ်မြေမှာ စစ်မီးမကူးစက်လာအောင်၊ မပြန့်ပွားလာအောင် ကရင်လေးဖွဲ့က ထိန်းထိန်းသိမ်းသိမ်း ပူးပေါင်းလုပ်ဆောင်လာခဲ့တယ်။ ဆရာတော်တွေကလည်း ပြည်သူလူထုအကျိုးကို ရှေးရှုပြီးတော့ စစ်မီးမပြန့်ပွားအောင် ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ပေးဖို့ပေါ့။ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများရဲ့အရှိန်ကို လျှော့ချနိုင်အောင်၊ ပပျောက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ပါတယ်။ အဲဒါကျတော့လည်း လက်နက်ကိုင် ကရင်လေးဖွဲ့နဲ့လည်း လက်လှမ်းမမီသေးဘူးလို့ မြင်တယ်။ ဒါပေမဲ့ ဆရာတော်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကို မေတ္တာရပ်ခံတာပေါ့။
ဒီမေတ္တာရပ်ခံစာနဲ့ ပတ်သက်လို့လည်း ဝိုင်းဝန်း တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ညှိနှိုင်းနေပါတယ်။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ လုပ်ဖြစ်မလဲ ဆိုတာကတော့ ပြောလို့မရသေးဘူး"ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည့် ဘာသာရေးခေါင်းဆောင်များ၊ KNU၊ DKBA၊ BGF၊ KNU/KNLA-PC စသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဟု ကြားသိရသော်လည်း အသေးစိတ် မသိရသေးကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
"တွေ့ဆုံ ဆွေးနွေးအဖြေရှာကြဖို့ ဘာသာရေးခေါင်းဆောင်တွေက လိုက်ပြီး စည်းရုံးတာ လို့တော့ ကြားပါတယ်။ အဲဒီကိစ္စက အကြမ်းဖျင်းပဲ ပြောကြသေးတယ်။ မဖြစ်သေးဘူး၊ ရက်ကလည်း မသိရသေးဘူး။ အစီအစဉ်တွေကိုတော့ မသိရသေးဘူး။ တွေ့မယ်လို့တော့ ကြားပါတယ်။ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးအတွက်ပါ။
ကျွန်တော်တို့ပါတီကို ခေါ်မယ်ဆိုရင်တော့ ကရင်တိုင်းရင်းသားဖြစ်စေ၊ ငြိမ်းချမ်းရေးလိုလားသူ တစ်ဦးအနေနဲ့ပဲဖြစ်စေ ပါဝင်ပြီးတော့ ဆွေးနွေးမှာပါ။ ဒါက ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်တဲ့ တွေ့ဆုံဆွေးနွေးပွဲပဲလေ။ လောလောဆယ်တော့ ပါတီတွေကို တရားဝင်ပြောလာတာ မရှိသေးဘူး"ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ကရင်ပြည်နယ် အတွင်းရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ပူးတွဲ၍ KNU/KNLA စစ်ဦးစီးချုပ်ထံ စာပေးပို့ခဲ့သေးသည်။ ယင်းကာလကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ် လှိုင်းပုံရွာ လမင်းပရိယတ္တိစာသင်တိုက်၌ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များမှ ဆွေးနွေးခဲ့ပြီး KNU/KNLA စစ်ဦးစီးချုပ်ထံ ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ညီသစ်