ရန်ကုန်၊ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် အိမ်ရာအဆောက်အအုံ ၂၆လုံး တည်ဆောက်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ် ရာစီမံကိန်း အပိုင်း(၁)၊ အပိုင်း(၂)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာစီမံ ကိန်းအပိုင်း(၃)တို့တွင် အိမ်ရာအဆောက်အအုံ ၂၆ လုံး တည်ဆောက် မည်ဖြစ်ပြီး ယင်းအိမ်ရာအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
တင်ဒါလျှောက်လွှာပုံစံများကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည် တော်တွင် မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး တင်ဒါ နောက်ဆုံးတင်သွင်းရမည့်ကာလကို ဇွန်လ ၁၀ ရက်အဖြစ် သတ်မှတ်ထားကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ အသိပေး ကြေညာထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မိသားစု လစဉ်ဝင်ငွေ သုံးသိန်းကျော်ရှိရုံဖြင့် အိမ်ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် သန်လျင်-ကျောက်တန်း မြို့နယ်တို့တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ် ရာများ အကောင်အထည်ဖော်တည်ဆောက် ပေးလျက်ရှိပြီး CHID Bank ၏ အိမ်ရာစု ဆောင်းငွေစာရင်း (Housing Savings Account)တွင် သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများအား နှစ်ရှည် အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးလျက်ရှိ သည်။
ထို့အပြင် ဝင်ငွေနည်းပြီး အမှန်တကယ်နေရေး အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများ၊ ဝန်ထမ်းအိမ်ရာမရှိ၍ နေရေးအခက်အခဲ ရှိနေသော တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ ငှားရမ်းနေထိုင်နိုင်ရေး ပြည်သူ့အငှား အိမ်ရာများလည်း အကောင်အထည်ဖော်တည် ဆောက်လျက်ရှိသည်။ အဆိုပါအိမ်ရာတိုက် ခန်းများအတွက် ငှားရမ်းနေထိုင်နိုင်မည့် ကာလနှင့် ငှားရမ်းခနှုန်းများ သတ်မှတ်ထားပြီး ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း၊ သတ်မှတ်ချက်ကိုက်ညီသည့် လျှောက်လွှာများကို စိစစ်ကာ အငှားချထား ဆောင်ရွက်ပေးလျက်ရှိသည်။