ရန်ကုန်၊ ဇန်နဝါရီ ၂
လူမှုကွန်ရက်များတွင် ဒီဇင်ဘာလ အားလပ်ရက် ခရီးသွားကာလတွင် အများပြည်သူ ထိတ်လန့်စေရန် သတင်းမှားများထုတ်လွှင့်သော်လည်း ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ နေ့စဉ် ထွက်ခွာနေသည့် အဝေးပြေးယာဉ်လိုင်းများကို ပြည်သူသောင်းနှင့်ချီ၍ လိုက်ပါစီးနှင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်မှုအချက်အလက်များအရ သိရသည်။
ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မှ အဝေးပြေးခရီးသည် တင်ယာဉ်လိုင်း ၂၁၆ လိုင်းမှ ယာဉ်စီးရေ ၇၈၀ ထွက်ခွာရာ ခရီးသည် ၁၁၇၁၃ ဦး လိုက်ပါခဲ့ပြီး ၂၅ ရက်တွင် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်း ၂၂၆ လိုင်းမှ ယာဉ်စီး ရေ ၇၉၇ စီး၊ ခရီးသည် ၁၁၉၈၉ ဦးလိုက်ပါခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် အဝေးပြေးခရီးသည် တင်ယာဉ်လိုင်း ၂၂၀ လိုင်းမှ ယာဉ်စီးရေ ၇၈၄ စီး၊ ခရီးသည် ၁၁၆၈၀ လိုက်ပါခဲ့ပြီး ၂၇ ရက်တွင် ရန်ကုန်မှ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၂၆ လိုင်းမှ ယာဉ်စီးရေ ၇၉၈ စီး၊ ခရီးသည် ၁၁၆၆၇ ဦး လိုက်ပါခရီးသွားခဲ့သည်။
"သတင်းတွေ ဘယ်လိုပဲ တက်တက်၊ အမြန်လမ်းပေါ် မလာဖို့ ဘယ်လောက်ပဲ သတင်းဖြန့်ဖြန့် ခရီးသွားတွေကတော့ ပိတ်ရက်တွေမှာ သွားကြတာပဲဗျ။ ခုရက်ပိုင်းမှာဆိုရင် လိုင်းက ယာဉ်လိုလို့ ကားအစီးရေ ထပ်ဖြည့်ထားရတယ်။ နေ့စဉ်သောင်းကျော် သွားလာနေကြတာပဲလေ။ ယာဉ်ရဖို့တောင် နည်း နည်းကျပ်တည်းသွားတယ်။ ဘာလို့လဲဆိုတော့ ခရီးသွားရာသီဖြစ်တော့ ယာဉ်ပိုင်ရှင်တွေကလည်း ခရီးသွားလုပ်ငန်းတွေကိုလည်း ကားတွေ မျှပေးရတယ်လေ။ ခရီးသွားလုပ်ငန်းတွေကလည်း ခရီးသွားရာသီမှာ ဆက်တိုက်လုပ်ငန်းတွေ အဆင်ပြေနေတော့ အဝေးပြေးယာဉ်လိုင်းအတွက် ကားပြန်မပေးနိုင်ကြဘူး။ ခုရက်ပိုင်းက တချို့ခရီး သွားတွေက ကိုယ်ပိုင်အစီအစဉ်နဲ့ အဝေးပြေးယာဉ်လိုင်းတွေ အသုံးပြုကြတယ်"ဟု ရန်ကုန်-မြင်းခြံ အဝေးပြေးယာဉ်လိုင်းဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြော သည်။
ယခုနှစ် ခရီးသွားကာလတွင် ခရီးသွားအများစုမှာ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်၊ ကမ်းခြေဒေသခရီးစဉ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးစဉ်များနှင့် ပုဂံဒေသခရီးစဉ်များသို့ သွားရောက်လည် ပတ်မှုများခဲ့ကြောင်း သိရသည်။ "ဒီနှစ်ကတော့ Happy New year ကို အများဆုံးသွားကြတာကတော့ ပုဂံနဲ့ ချောင်းသာ၊ ငွေဆောင်ပေါ့။ ကျိုက်ထီးရိုးကတော့ နေ့စဉ်ထွက်ရတယ်။ ချောင်းသာ၊ ငွေဆောင်လည်း ထွက်ရတယ်။ ရှမ်းပြည်နယ် ခရီးစဉ်ကတော့ အပတ်စဉ်သောကြာနေ့ကစပြီး လေးရက်၊ ငါးရက် ခရီးစဉ်တွေမှာ ဧည့်သည် အပြည့်ပါတယ်"ဟု ခရီးသွားဝန်ဆောင် မှုပေးနေသူတစ်ဦးက ဆိုသည်။ ထူးမြတ်