သမိုင်းဝင် ချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သမိုင်းဝင် ချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
    မြန်မာနိုင်ငံတွင် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားဇာတ်ရုံတို့ အသီးသီးတည်ထောင်ပြီး ဖြစ်သော်လည်း အမျိုးသားအနုပညာပြတိုက် တစ်ခုသာ တည်ထောင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
    ထို့ကြောင့် အဆိုပါ အဆောက်အအုံအား အမျိုးသားအနုပညာပြတိုက်အဖြစ် တည်ထောင်ဖွင့်လှစ်ရန် စီမံကိန်းရေးဆွဲပြီး ပြခန်းဖွဲ့စည်းပုံများပါ ထည့်သွင်းရေးဆွဲကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ M.I. E.G Co., Ltd. သို့ လုပ်ငန်းအပ်နှံလျက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အမျိုးသား အနုပညာပြတိုက် အဖြစ်ဆောင်ရွက်သွားမည့် ကမ္ဘာဇရိပ်သာ (ချင်းချောင်းနန်းတော်) အတွင်း ပြုပြင်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၁၆ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ကြည့်ရှုစစ်ဆေးခဲ့သည်။
    ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် အမျိုးသားအနုပညာပြတိုက် (ချင်းချောင်း) ဖွင့် လှစ်နိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ပြင်ဆင်ပြီးပါက ခင်းကျင်းပြ သွားမည့်စီမံချက်၊ လျာထားချက်များ၊ ချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန်မြန်မာ ပြက္ခဒိန်ပညာ ဒီပလိုမာသင်တန်းနှင့် နက္ခတ်တာရာ ကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာ စာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသား ပြတိုက်(ရန်ကုန်)နှင့် အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲတို့မှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။  နဒီ

Total Views ~ 35

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37184

© 2022 - 2025 News. All Rights Reserved.