အွန်လိုင်း လိမ်လည်မှုတွင် ဂျပန်နိုင်ငံသားများသာမက ဂျပန်စကားတတ်ကျွမ်းသူ မြန်မာနိုင်ငံသားများ သတိပြုရန် ဂျပန်သံရုံး ထုတ်ပြန်

ရန်ကုန်၊ မတ် ၅
    ဂျပန်လူမျိုးများကို သွေးဆောင်လှည့်ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ဂျပန်လူမျိုးများကို ပစ်မှတ်ထား၍ လိမ်လည်မှုများကို ကျူးလွန်လျက်ရှိပြီး ကျူးလွန်ရန်အတွက် ဂျပန်နိုင်ငံသားများသာမက ဂျပန်ဘာသာစကားတတ်ကျွမ်းသော မြန်မာလူမျိုးများကို အသုံးချရန် ရည်ရွယ်လာနိုင် ခြေရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။
    ထုတ်ပြန်ချက်တွင် လတ်တလော ကာလအတွင်း ဂျပန်နိုင်ငံတွင် အွန်လိုင်းဂိမ်း၊ လူမှုကွန်ရက် စသည်တို့မှ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား အစရှိသည့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင် ရန်မိတ်ဆက်ပေးသည့်အတွက် ထိုနိုင်ငံသို့ ထွက်ခွာလာပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လည်ရေး စခန်းများသို့ ခေါ်ဆောင်လာခြင်းခံရကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်ရန် စေခိုင်းခံရသောဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေကြောင်း ရေးသားထားသည်။ 
    ထို့အပြင် အွန်လိုင်းငွေလိမ်လည် ရေးစခန်းများ၌ ငွေလိမ်လည်မှုကို လုပ်ဆောင်ခြင်းသည် ပြစ်မှုမြောက်ပြီး လိမ်လည်ရေးစခန်းများတွင်မူ မျက်ခြည်မပျက် စောင့်ကြည့်ခံရသော အနေအထားဖြင့် လိမ်လည်မှုများကို အတင်းအကျပ်စေခိုင်းခံရပြီး သတ်မှတ်ခွဲတမ်းမပြည့်မီပါက ညှဉ်းပန်းနှိပ်စက်ခံရသည့် အဖြစ်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ရေးသားထားသည်။
    ထို့ကြောင့် အွန်လိုင်းဂိမ်းများနှင့် အင်တာနက်‌ အစရှိသည်တို့တွင် သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိသော အသိမိတ်ဆွေမှတစ်ဆင့် ဂျပန်ဘာသာစကားကို အသုံးပြုရမည့် အလုပ်လုပ်ကိုင်ရန် ဆွဲဆောင်ခြင်းခံရပါက စူးစမ်းဆင်ခြင်မဲ့ယုံ ကြည်ခြင်းမျိုးမပြုလုပ်ဘဲ မိသားစုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် လိမ်လည်လှည့်ဖြားခြင်းမခံရအောင် အထူး သတိပြုကြစေလို ကြောင်း ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 85

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43002

© 2022 - 2025 News. All Rights Reserved.