ရန်ကုန်၊ ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက် ဖြစ်ပေါ်လာနေသည့်အတွက်၎င်းတို့ကို တိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇန်နဝါရီ ၁၆ရက်မှ ၁၇ ရက်အထိ ပြုလုပ်သော (၅)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများ အစည်းအဝေးနှင့်ဆွေးနွေးဘက် နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ရာတွင် အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း (၅)ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ခေတ်တွင် အွန်လိုင်းလိမ်လည်မှုများ များပြားလာလျက်ရှိပြီး ပြည်သူများအတွက် ဆိုးရွားသော အန္တရာယ်များ ဖြစ်စေသည့်အပေါ် စိုးရိမ်ကြောင်းနှင့် အဆိုပါကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေသတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် လူမှုအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ထိခိုက်စေသည့် သတင်းတု၊ သတင်းမှားများကို ကာကွယ်တိုက်ဖျက်ရေးအတွက် အာဆီယံတွင်း အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းအတွက် ဆောင်ရွက်ရာတွင် လုံခြုံမှု၊ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်နိုင်မှုဟူသည့် မူများအပေါ် အခြေခံပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ် လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကို တိုက်ဖျက်ရာတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်ငွေ ကြေး ဝန်ဆောင်မှုများ အပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသူများက ယုံကြည်မှု မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင် ရွက်ပေးရန်နှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာတွင် အင်တာနက်နှင့် ချိတ်ဆက်အသုံးပြုနိုင်မှုကိုသာ ရည်မှန်းပြီး ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် Digital literacy အစီအစဉ်များကိုလည်း အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်း၊ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများကို အတည်ပြုခြင်း၊ စီမံကိန်းများအတွက် ဘဏ္ဍာငွေအတည်ပြုခြင်း၊ online scam တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်ရေး၊ AI ဖွံ့ဖြိုးတိုးတက်မှု စနစ်တကျ ဖြစ်စေရေးစသည့် အကြောင်းအရာများတွင် ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။ ထူးမြတ်