အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေး နွေးညှိနှိုင်းလျက်ရှိကြောင်း နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
    ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို ဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ တို့ကို ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ပြီး အဆိုပါ ထိန်းသိမ်းထားသည့် ပြည် ပ နိုင်ငံသားများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံတွင် တရားမဝင်ဝင် ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၇ ရက်က မြဝတီမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ 
    သုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားမှု အခြေအနေများ၊ ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ၊ စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီး မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

37184

© 2022 - 2025 News. All Rights Reserved.