စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၄ ဩဂုတ် ၈

မြောက်ပိုင်းပဋိပက္ခဖြစ်စဉ်တွေမှာ တရုတ်နိုင်ငံပါဝင် ပတ်သက်နေသလား၊ မြန်မာပြည်သူတွေ သံသယဝင်နေတာနဲ့ပတ်သက်ပြီး တရုတ်ဘက်က စုံစမ်းမယ်လို့ ပြောပါတယ်။
    "အခုဟာက တိုင်းပြည်ကို တစ်စီပြိုကွဲပျက်စီးမှုဖြစ်အောင်လုပ်နေတဲ့ ပြည်တွင်းသောင်းကျန်းမှုလို့ သတ်မှတ်တယ်၊ ဖက်ဒရယ်မဟုတ်ဘူး"
    လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ် ပြောင်းလဲမှုဖြစ်စဉ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ပဋိပက္ခ အခြေအနေအရပ်ရပ်များအပေါ် စီးပွားရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်၏ အမြင်သဘောထားများကို  ဆက်သွယ်မေးမြန်းထားပါသည်။ 

TREND ။        ။ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပဋိပက္ခအခက်အခဲ အခြေအနေအရပ်ရပ်တွေအပေါ် ဘယ်လိုသုံးသပ်လိုပါလဲ။
UTZ      ။        ။
အခုက စစ်ရှောင်တွေ များနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်းပါးနေသေးတယ်။ စရိတ်စကတွေက အရမ်းကြီးမြင့်နေတယ်။ တောင်ကြီးမှာလည်း လားရှိုးက စစ်ရှောင်တွေ များလာတယ်။ ရန်ကုန်မှာလည်း အရင်နေထိုင်တဲ့ ရန်ကုန်က သူ့လူနဲ့သူနေတော့ အိမ်ငှားတာတောင် ချောင်ချောင်ချိချိ ငှားလို့ရခဲ့တယ်။ အခုက ချောင်ချောင်ချိချိ ငှားလို့မရတော့ဘူး။ အခက်အခဲတွေကတော့ မြောက်မြားစွာ ရှိနေတာပေါ့။ အဓိကကတော့ စစ်ရှောင်ပေါ့၊ ယာယီ နေရပ်စွန့်ခွာတဲ့သတွေက အရမ်းများလာတယ်။ ဒါက စစ်ရေးနဲ့သက်ဆိုင်တာပေါ့။ စီးပွားရေးကလည်း ကုန်ဈေးနှုန်းက ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေက ခံနေရတယ်။ အရေးကြီးတာကတော့ အခြေအနေတည်ငြိမ်တဲ့အလျောက် ရွေးကောက်ပွဲကို မြန်မြန်လုပ်ပေးစေချင်တယ်။ ဒါက စီးပွားရေးတည်ငြိမ်မှ နိုင်ငံရေး တည်ငြိမ်မယ်၊ နိုင်ငံရေးတည်ငြိမ်မှ တိုင်းပြည်စည်ပင် သာယာဝပြောမယ်ဆိုတဲ့ အချက်အလက်တွေရှိတော့ ဒီအချက်အလက်တွေကို ကိုးကားပြီးပြောတာပါ။ အမှန်ကတော့ တိုင်းပြည်မတည်ငြိမ်လို့ စီးပွားရေးမတည်ငြိမ်တာပေါ့။ အခုဆိုရင် တော်တော်ပျက်စီးကုန်ပြီ၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့ကတော့ အများကြီးကုန်ကျဦးမှာ၊ တော်တော်လေးကို အချိန်ယူရဦးမှာ။ တစ်ဖက်အဖွဲ့အ စည်းတွေကလည်း နားလည်ရမယ်။ ပြည်သူ့အတွက်ကို မကြည့်ဘူးဗျ။ EAO တွေက ကိုယ်ရကိုယ်ယူနဲ့ ဘာအတွက် စစ်တိုက်နေတာလဲ။ ဘာလို့ စစ်တိုက်ချင်ရတာလဲ။ ဘာလို့ အဲဒီလောက်အထိ လောဘကြီးနေရတာလဲ။ ပလောင်ဆိုတာ လက်ဖက်ခူးတဲ့လူမျိုးစုက ဘာလို့စစ်ရေးကို ဒီလောက်အထိ လုပ်နေရတာလဲ၊ နောက်ကွယ်က လက်မည်းကြီးတွေက ဘယ်သူတွေရှိနေလို့လဲ။ ကိုးကန့်ဆိုလည်း ကြည့်ပါလား။ ကိုး ကန့်ဆိုလည်း သူ့နေရာနဲ့သူ နေလေ၊ သူ့နေရာနဲ့သူ မနေဘဲနဲ့ စစ်တိုက်နေကြတယ်။ သူတို့ ဘယ်ပိုက်ဆံနဲ့ စစ်တိုက်နေကြတာလဲ။ ဘတ်ဂျက်မရှိဘဲနဲ့ သူဘယ်လိုလုပ်လဲ။ ဘတ်ဂျက်မရှိဘဲနဲ့ ဒါတွေက နောက်က ဘယ်လိုအထောက်အပံ့နဲ့ လုပ်နေကြသလဲဆိုတာလဲ လေ့လာသုံး သပ်သင့်တယ်။ နိုင်ငံတကာရဲ့ ဗျူဟာဆက်ဆံရေးမှာ လည်း သေသေချာချာ လေးပြောသင့်တယ်။ ဒါကြီးကို သိနေကြ တယ်၊ အစိုးရကလည်း ဒါကြီးကို တားသင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အခုလို မတည်မငြိမ် ဖြစ်အောင် အဲဒီလိုလုပ်နေကြတာ။ ပြည်သူလူထုက ဘာလုပ်ကိုင်စားသောက်ကြမလဲ။ နောက်ဆုံး ကျတော့ အပြစ်ဖို့ဆိုရင် တပ်မတော်အစိုးရဆိုပြီး အပြစ်ဖို့ကြလိမ့်မယ်။ တပ်မတော် အစိုးရမဟုတ်ဘဲ အရပ်သားအစိုးရ ဆိုရင်ရော ခင်ဗျားတို့ တည်ငြိမ်မလားလို့ မေးမယ်ဗျာ။ သွားချင်တာက ဖက်ဒရယ်၊ ဘာလို့အကြမ်းဖက်လဲ။ ဖက်ဒရယ်သွားချင်တယ်ဆိုရင် နိုင်ငံရေးစကားဝိုင်းနဲ့သွားလေ၊ ဘာလို့ အကြမ်း ဖက်လုပ်နေကြတာလဲ။
  

 ရှင်းရှင်းပြောရရင် ပြည်တွင်းမှာရှိနေတဲ့ ပြည်သူကာကွယ်ရေးတပ်ဆိုပြီး နာမည်ခံထားတဲ့သူတွေ၊ ပြည်သူ့ကာကွယ်ရေးတွေဆိုတာ ဘယ်သူကာကွယ်မလဲ၊ အခု ပြည်သူတွေကို ဘယ်သူက နှိပ်စက်နေလဲ။ ပြည်သူတွေ ဘာကြောင့် ဒုက္ခရောက်နေလဲ။ သုံးသပ်ရမှာလေ၊ ငါတို့ကြောင့် ဒုက္ခရောက်တယ်ဆိုရင် ငါတို့ ပြင်လေ၊ တိုင်းပြည်ပျက်ယွင်းအောင် ဘယ်သူတွေလုပ်နေလဲ။ အရေးကြီးတာက တော်လှန်ရေးနဲ့ ဘယ်နိုင်ငံမှ မအောင်မြင်ခဲ့ဘူး။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ပဲသွား ရမှာ။ EAO တွေကလည်း ပြည်တွင်းက ကလေးတွေကို မွေးပြီးတော့မှ အင်အားတွေပိုပြီးတော့ သူတို့အကျိုးရှိအောင် လုပ်နေကြတာ။ သူတို့ရဲ့ စီးပွားရေးကဘာလဲ၊ ရှင်းရှင်းပြောရရင်၊ အားမနာတမ်းပြောရရင် မူးယစ်ဆေးဝါးနဲ့ကင်းတဲ့ EAO တွေရှိလား ကျွန်တော်ပြော ချင်တဲ့သဘောက ကိုယ့်ဘာသာ ဝန်ခံကြ စမ်းပါ။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် တိုင်းပြည်မတည်ငြိမ်အောင် ဒီလိုမလုပ်ရဘူးလေ။ အားလုံးစုစုစည်းစည်းနဲ့၊ ဘယ်သူမဆို ညီညီညာညာနဲ့တို့တော့ ဘယ်လိုလုပ်မယ်၊ မင်းတို့တော့ ဘယ်လိုလုပ်ဆိုတာမျိုး ကိုယ့်ဒေသတည်ငြိမ်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ သဘော နဲ့ သွားရမှာလေ။ စစ်ကို ဝိုင်းတိုက်စရာမလိုဘူးလေ။ အခုက တပ်မတော်အစိုးရကို တိုက်ခိုက်ပြီး နိုင်ငံကို တစ်စစီပျက်စီးအောင် လုပ်နေတာလား မေးရတော့မယ်။ အခုက ဒေသတော်တော်များများမှာ ပြည်သူလူထုတွေပဲ ဒုက္ခအဖုံဖုံကြုံနေရ၊ အသက်ဘေးအန္တရာယ်တွေ ရင်ဆိုင်နေကြတယ်ဆိုတော့ အကျိုးဆက်ကတော့ အခုပြည်သူတွေ ဒုက္ခရောက်နေပြီလေ။ လက်နက်အားကိုးမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေရတာကို စဉ်းစားကြပါ။ ပြည်သူကို ဘယ်လောက်ကာကွယ်နိုင်မှာလဲ။ ကာကွယ်ချင် တယ်ဆိုရင် တပ်မတော်ကဝင်ပြီး တိုင်းပြည်ကို ကာကွယ်ရမှာပေါ့။ နိုင်ငံကို ဒုက္ခပေးနေတဲ့သူတွေက ဘယ်သူတွေလဲ။ အဲဒါကို နိုင်ငံ့ရန်သူ၊ ဘုံရန်သူကို သိအောင်လုပ်ရမယ်။ ကျွန်တော်တို့နိုင်ငံက သူများနိုင်ငံရဲ့ ကိုလိုနီဖြစ်ဖို့ ဖြစ်လာနိုင်တဲ့ အကြောင်းတွေရှိမရှိ လေ့လာသုံးသပ်ရမယ်။ အဲဒီလို နားလည်ပေးကြရမှာပေါ။


TREND ။        ။ နိုင်ငံရေးစကားဝိုင်းနဲ့ မသွားဘဲ လက်နက်ကိုင်လမ်းစဉ်နဲ့ သွားနေကြတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက အလှမ်းကွာဝေးနေ ဦးမှာပဲလို့ ယူဆရမလား၊ ဘယ်လို သုံး သပ်ချင်လဲ။
UTZ      ။        ။
လက်နက်အားကိုးနဲ့ မင်းမဲ့စရိုက် တွေလုပ်နေတာ။ အခု သိမ်းလိုက်၊ လောက်ကိုင်မှာ ဗမာနေလို့ရလို့လား။ ကိုယ့်လူမျိုး ကြီးပွားရေးအတွက်ပဲ သွားနေတာလေ။ ပလောင်ကလည်း ပလောင်အုပ်စုမှာ ဗမာသွားနေလို့မရဘူး။ ဗမာလူမျိုးနေတဲ့ နေရာတွေသာ အားလုံးက အရင်အစိုးရ အဆက်ဆက်တွေကတည်းက ပြည်သူအားလုံး ရောက်တဲ့နေရာမှာ နေလို့ရတယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း အဲဒီလို ပြည်သူအားလုံးနေလို့ ရတယ်ဆိုတာပါ ပါတယ်။ သူတို့က ဖက်ဒရယ် တကယ် သွားချင်တာလား။ ကိုယ့်စိတ်ကို ကိုယ်တကယ်ဝေဖန်ကြပါ။ ကိုယ်သွားချင်တဲ့ မူဝါဒကို သေချာစဉ်းစားပါ။ စစ်တိုက်ဖို့ဆိုတာ ကိုယ်ပိုင် ဘယ်ဘတ်ဂျက်ရှိလဲ၊ အဲဒီဘတ်ဂျက်တွေ ဘယ်ကလာလဲ၊ ဘယ်နိုင်ငံတွေက ထောက်ပံ့နေလဲ။ ဘယ်သူတွေက ထောက်ပံ့နေလဲ၊ တကယ်လို့ မရှိဘူးဆိုရင်လည်း မူးယစ်ဆေးဝါးနဲ့ အလုပ်လုပ်နေကြတာ။ စစ်တိုက်ဖို့ဆိုတာ ကျည်တစ်တောင့် အတွက် ပိုက်ဆံဘယ် လောက်ကုန်သလဲဆိုတာ စစ်တိုက် ဖူးတဲ့သူတိုင်းကသိတယ်။ ဒီပိုက်ဆံတွေ ဘယ်ကလာတာလဲ။ တစ်နေ့ တစ်နေ့ကို ဘာလို့ဖြုန်းတီးနေရတာလဲ။ စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်တာ မဟုတ်ဘူး၊ အကုန်လုံးက သူသေကိုယ်သေပဲ။ ကိုယ့်နိုင်ငံက လူသားအရင်းအမြစ်တွေ ပြုန်းတီးမှာပဲ။ အဲဒါက ဖက်ဒရယ်လား။ ဖက်ဒရယ်ဆိုရင် ဖက်ဒရယ်အတွက် နိုင်ငံရေးစကားပြော ရမှာ။ အခုဟာက တိုင်းပြည်ကို တစ်စစီပြုကွဲပျက်စီးမှုဖြစ် အောင်လုပ်နေတဲ့ ပြည်တွင်းသောင်းကျန်းမှုလို့ သတ်မှတ်တယ်။ ဖက်ဒရယ်မ ဟုတ်ဘူး။


TREND ။        ။ TNLA ပလောင်တပ်တွေအခုလို စစ်ရေးကို အသည်းအသန်လုပ်နေတဲ့အပေါ် အခြေအနေအပေါ် ဘယ်လိုသုံးသပ်လိုပါလဲ။ 
UTZ      ။        ။
ရှင်းရှင်းပြောရရင် ပလောင်ဆိုတာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာအရ လူဦးရေငါးသိန်း လောက်ပဲရှိတာ။ အဲဒီ ငါးသိန်းလောက်ရှိတဲ့ လူဦးရေက နေပြီးတော့မှ ဒါက စုစုပေါင်း လူဦးရေကိုပြော တာနော်၊ အဲဒါကနေ  စစ်တိုက်နိုင်တယ်ဆိုတာက သူက ဥပမာ ခေတ်အဆက်ဆက်ကလို နိုင်ငံရေး ပယောဂကြောင့် ပေါ်ပေါက်လာတဲ့အဖွဲ့တွေဆိုရင် KNU က သက်တမ်းအရှည်ဆုံး။ ပလောင်တပ်ဆိုတာ မနေ့တစ်နေ့ကမှ ဖြစ်လာတာ။ ဘာလို့ အဲဒီလောက်ကြီးထွားလဲ သုံးသပ်ကြဖို့  ပြောတာပါ။ သူ့နောက်ကွယ်မှာ ဘယ်သူရှိသလဲ။ သူစစ်တိုက်နိုင်အောင်လို့ ဘယ်သူတွေ ထောက်ပံ့ပေးနေလဲ။ သူ့နောက်မှာ ဘယ်အဖွဲ့အစည်းတွေကရှိနေလဲ။ ဘာစီးပွားရေးလုပ်နေလဲ။ ဒါတွေက လေ့လာသုံးသပ်ရ မယ့်အချက်တွေ အဲဒါလေ့လာသုံးသပ်ပြီးရင် အဖြေတစ်ခု ထွက်လာမှာပဲ။ ကျွန်တော်တို့ကတော့ မစွပ်စွဲချင်ဘူး။


TREND ။        ။ ပဋိပက္ခဘောင် ကျဉ်းသွားပြီး တိုင်းပြည်တည်ငြိမ်းချမ်းဖို့၊ နိုင်ငံရေးဘောင် ပြန်ကျယ်လာပြီး ဒီမိုကရေစီစနစ် ပြန်လည်ခိုင်မာ အားကောင်းစေဖို့ ဒါတွေကို ဘယ်လိုလမ်းစဖော်ကြမလဲ။
UTZ      ။        ။
လမ်းစကတော့ ကျွန်တော်မြင် တာကတော့ ရွေးကောက်ပွဲပြီးသွားရင်လည်း တပ်မတော်က တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆက်လက်လုပ်ဆောင်နေမှာပဲ။ ရွေးကောက်ခံ အစိုးရ အနေနဲ့ကတော့ တည်ငြိမ်အေးချမ်းရေးကို သူဘာမှလုပ်နိုင်မှာ မဟုတ်သေးဘူး။ တည်ငြိမ်ရေးကို တပ်မတော်က လုပ်မှာဆိုတော့ တည်ဆောက်ရေးကိုတော့ အစိုးရကလုပ်ရမှာပဲ။ ဒီနှစ်ခုကိုပေါ့၊ တပ်မတော်နဲ့ ပေါ်လာတဲ့ အစိုးရက ပေါင်းပြီးလုပ်မှ နိုင်ငံကတည်ငြိမ်အေးချမ်း လာမယ်လို့ မြင်တယ်။ တည်ငြိမ်အေးချမ်းတဲ့ လမ်းစကို ရမယ်။ အဲဒီအချိန်မှာ တပ်မတော်အစိုးရ မဟုတ်တော့ဘူးဆိကြပါစို့။ အရပ်သားအစိုးရအုပ်ချုပ်ပြီ၊ အဲဒီအခါမှာ EAO တွေရော၊ ပြည်တွင်းမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ တွေလာခဲ့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စကားပြောမယ်၊ ကျွန်တော်ကတော့ အဲဒီလို ဖိတ်ခေါ်ချင်တာ၊ အဲဒီလိုလုပ်ပြီး စကားပြောသင့်တာ။ အဲဒီလိုမှ မရရင်တော့ အပြတ်ရှင်း၊ အဲဒီလို တိတိကျ ကျပြတ်ပြတ်သားသား လုပ်မှရမယ်လို့ မြင်တယ်။ အမှန်က နိုင်ငံတကာ ဥပဒေတွေနဲ့ လုပ်လို့ရတာရှိတယ်။ ပထမညှိနှိုင်းဆွေးနွေးမယ်၊ ညှိလို့မရင်တော့ ရှင်းရမှာပဲ။ ခန္ဓာကိုယ်ထဲမှာ အနာရှိတယ်ဗျာ။ ဆေးကုကြည့်မယ်၊ မရရင် ဖောက်ထုတ်ပစ်မယ် အဲဒီသဘောပါ။ နောက်ရွေးကောက်ပွဲကိစ္စ အခုပြန်သုံး သပ်ရရင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် တပ်မတော်က အာဏာထိန်းလိုက်တာ။ အာဏာ ထိန်းပြီးတော့ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့က တိုင်းပြည်တာဝန်တွေကို ပြန်လွှဲပေးမယ်ဆိုပြီး ဦးတည်ချက် ငါးရပ်ထဲမှာ ထည့်သွင်းထားတယ်။ ဆိုတော့ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းဖို့ ရွေးကောက်ပွဲ မြန်မြန်အကောင်အထည် ဖော်နိုင်အောင် လုပ်ပေးစေချင်တဲ့သဘောပါ။ ဒီမိုကရေစီ ပေါ်ထွန်းဖို့လမ်းစက မဟာဗျူဟာ နှစ်ခုတွေ့ရတယ်။ မျက်နှာစာ နှစ်ခုရှိတယ်ပေါ့။ တစ်ဖက်က တပ်မတော် အစိုးရရဲ့ မျက်နှာ၊ တစ်ဖက်က ပြည်တွင်းစစ်ဖြစ်နေတဲ့  EAO တွေရဲ့မျက်နှာ။ ဒီမဟာဗျူဟာ နှစ်ခုကြားမှာ တက်လာတဲ့ အစိုးရကတော့ တော်တော်ကို အလုပ်လုပ်ရမယ်လို့ မြင်တယ်။ စောစောကပြောသလို တည်ငြိမ်ရေးကို တပ်မတော်ကလုပ်ပြီး တည်ဆောက်ရေးကို အစိုးရက လုပ်ရမှာ။ နောက်တစ်ချက်က တစ်ဖက်က EAO တွေကလည်း တက်လာတဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။


TREND ။        ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှု နိုင်ငံရေးလမ်းကြောင်းကိုရော အခုအခြေအနေမှာ ဘယ်လို လမ်းစဖော်မလဲ။
UTZ ။        ။
ဖက်ဒရယ်ဆိုတာက ပါးစပ်နဲ့ ပြောလို့မရဘူး။ နိုင်ငံရေးဆွေးနွေးမှုနဲ့ပဲ သွားရမှာ။ အရင်ဦးဆုံး စေ့စပ်ညှိနှိုင်းတာတွေ စလုပ်ရမှာ။ စေ့စပ်ညှိ နှိုင်းရေးကို ချပြပြီးတော့မှ နောက်သွားတဲ့ လမ်းစဉ်တွေကို သွားလို့ရမယ်။ စေ့စပ်ညှိနှိုင်းရေးက ယုံကြည်မှုကို တည်ဆောက်တာ။ အိမ်ထဲမှာ ပြဿနာ တစ်ခုဖြစ်လို့ရှိရင် မိသားစုအတွင်း မိသားစုပြဿနာ အရင်ဖြေရှင်းရမှာလေ။ မိသားစုပြဿနာ အရင်မဖြေရှင်းဘဲနဲ့ ရဝတလူကြီးက ဘာမှလုပ်ပေးလို့ရမှာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ သဘောက။ ဒါကြောင့်မို့လို့ မိသားစုချင်း ပြဿနာကို ဘယ်လို အရင်ဖြေရှင်းမလဲ၊ တကယ်လိုလားတာ ဖက်ဒရယ်လား၊ ပါးစပ်နဲ့ပြောပြီး ငါ့နယ်ငါသိမ်းမယ်၊ ငါဦးစီးမယ်ဆိုတာကတော့ ဖက်ဒရယ်မဟုတ်ဘူး။ အခုမြင်နေရတာက ငါ့နယ် ငါနေမယ်၊ လိုအပ်ရင် ခွဲထွက်မယ်ဆိုတာ မျိုး မြင်နေရတာ။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံမြောက် ဖျားတစ်ခုလုံးက ဘယ်သူကလိုချင်နေတာဆိုတာက စဉ်းစားစရာဖြစ်နေတယ်။ အခုသွားနေတဲ့ပုံစံက အင်အားကြီးတဲ့ နိုင်ငံပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ နေရာတွေကိုရော အဲဒီ သောင်းကျန်းသူတွေ ဖျက်ဆီးရဲလာမယ်။ အဲဒါကို သုံးသပ်ကြည့်ရင် ဘယ်သူ့ရဲ့ သြဇာအာဏာလဲ၊ ဘာတွေ စီမံမှုလဲဆိုတာ တွက်လို့ရတယ်။ ဒီလောက်ပဲ ပြောပါရစေ။ 


TREND ။        ။ ပဋိပက္ခဘောင်ကျယ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်(မြောက်ပိုင်း)မှာ စစ်ရေးဖော်ဆောင်ခဲ့မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်။ ခဏအကြာပစ်ခတ်တာတွေ ရပ်စဲခဲ့တယ်။ အခုတစ်ခါ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ စစ်ပွဲတွေအပေါ် သုံးသပ်ပေးပါဦး။ 
UTZ။        ။
ကျွန်တော်တို့နိုင်ငံက ပထဝီအနေအထားအရရော၊ သယံဇာတအနေအထားအရရော သူတို့က မြန်မာနိုင်ငံကရသမျှ တူးထုတ်ချင်တဲ့ နိုင်ငံတွေရှိတယ်။ အမေရိကန်ကလည်း အဝေးကနေပြီးတော့ ဒီမိုကရေစီအကြောင်းပြပြီးတော့ နဂိုကတည်းက မြန်မာနိုင်ငံရဲ့အရေးကို ဝင်ရောက်စွက် ဖက်ချင်တယ်။ ကြားထဲမှာ ရုရှားနဲ့ တရုတ်ကလည်းရှိတယ်။ ဆိုတော့ ရုရှားကတော့ ထားပါတော့ သူက တတ်နိုင်ဘက်က အကူအညီ ပေးကောင်းပေးလိမ့်မယ်လို့ ယူဆပါတယ်။ တရုတ်ကြီး ကတော့ သူ့အကျိုးစီးပွားအတွက်ကို ဘယ်လိုလုပ်နေလဲဆိုတာ အများအမြင်ပဲလေ။ ကျောက်ဖြူရေနက်ဆိပ်ကမ်း ကို AA ထိရဲလား၊ အခု ဂက်စ်ပိုက်လိုင်းတစ်လျှောက်ကိုရော ဘယ်သောင်းကျန်းသူက ဘာလုပ်သေးလဲ။ အဲဒါဆိုရင် ရှင်းရှင်းလေးပဲဗျာ။ ဘယ်သူ့သြဇာကဘယ်လောက် တောင်ကြီးထွားနေလဲဆိုတာ တွေးကြည့်လိုရတယ်။ အခုနောက်ပိုင်း MNDAA နဲ့ကိုးကန့်ဆိုတာ ဘာလူမျိုးလဲ၊ အဲဒီလူမျိုးတွေကရော ဘယ်အတွက်လုပ်နေတာလဲ။ ဒါကြောင့် ကိုးကန့်တို့၊ ပလောင်တို့က ဘာကြောင့်ကြီးထွား လာရတာတာလဲ အဲဒီနောက်ကွယ်တွေမှာ သုံးသပ်ချက် တွေကလိုတယ်ဗျ။ တခြားမကြည့်နဲ့ ရခိုင်ဒေသတစ်ခု လုံးပေါ့ဗျာ၊ ကျောက်ဖြူကလွဲလို့ ကျန်တဲ့နေရာတွေက စစ်တွေတောင်မှ မငြိမ်းချမ်းဘူး။ တောက်လျှောက် ဖိစီးပြီးတော့ တိုက်နေကြတာ။ ဘယ်အတွက် တိုက်နေကြတာလဲ။ AA ဆိုတာက အရင်တုန်းက ဦးသိန်းစိန်လက် ထက်ထိအောင်တောင် AA က ဒီလောက်ကြီးထွားခဲ့ တာမဟုတ်ဘူး။ အခု ဘာလို့ ကြီးထွားနေတာလဲ။ စောစောကပြောသလို စစ်တိုက်တယ်ဆိုတာ ဘတ်ဂျက်လိုတယ်။ ဘတ်ဂျက်တွေ ဘယ်ကရနေလဲ၊ ဘာအတွက် တိုက်နေတာလဲ။ အဲဒီမှာရှိတဲ့ ဒေသခံတွေက ဒုက္ခအသီး သီးရောက်နေ ကြရပြီ။ စက်သုံးဆီတစ်ဂါလန်ကို တစ်သိန်းကျော်တောင် ပေးနေတယ်ဆိုတော့ ဘယ်လိုသွားပြီး ဒေသခံတွေက အလုပ်လုပ်ကြမလဲ။ ဘာတွေလုပ်ကိုင်စား သောက်ကြမလဲ။ ရှမ်းမြောက်က ဒေသံတွေ လည်း ပြေးနေရတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့၊ အထုတ်လေးတစ်ထုတ်နဲ့ ပြေးနေကြရတာ။ သူတို့ရဲ့ လူမှုစီးပွားတွေ အကုန်ပျက်စီးကုန်ပြီ။ ဒါကြီးကိုပြန်တည် ဆောက်ဖို့ဆိုတာ အချိန်အများကြီး ကုန်မယ်၊ ပိုက်ဆံအများကြီးကုန်ဦးမှာ။ ဒီလိုစစ်ရေးဖော်ဆောင်လို့ နယ်စပ် ကုန်သွယ်ရေးအတွက် ခက်ခဲသွားရတယ်။ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားတွေအချိုးခံရတယ်။ ကျွန်တော်မ ကြိုက်တာက တပ်မတော်အစိုးရကို မုန်းတီးချင်မုန်းတီးပါ၊ ဒါက ပြည်သူတွေ အသုံးပြုနေတဲ့ အခြေခံ အဆောက်အအုံတွေ၊ လျှပ်စစ်တာဝါတိုင်တွေ၊ လမ်းတံတားတွေ၊ ရထားလမ်းတွေကို ဘာလို့ဖျက်ဆီး ချင်ရတာလဲ။ ဒါက တပ်မတော်အစိုးရအတွက် ဘာမှမ ထိခိုက်ဘူးနော်၊ ပြည်သူတွေပဲ ထိခိုက်တာ၊ ဒုက္ခရောက် တာ။ ပြည်သူအတွက်၊ ပြည်သူအတွက်ပြောပြီး ပြည်သူတွေကို ထိခိုက်တဲ့လုပ်ရပ်တွေကို ဘာလု့ိလုပ်နေကြတာလဲ။ ပြည်သူကို မထိခိုက်ဘဲနဲ့ ပြည်သူတွေဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ကြ ဘူးလား။ အခုက ပြည်သူ့ကာကွယ်ရေးဆိုပြီး ပြည်သူကို ဒုက္ခရောက်အောင်လုပ် နေတာလို့ မြင်တယ်။ 
    အမှန်က ခေတ်သစ်ကိုလိုနီပေါ့ဗျာ။ အဲဒီလို ခေတ်သစ်ကိုလိုနီ အလုပ်ခံရတဲ့ဘဝကနေ ရုန်းထွက်ရမှာ။ အဲဒီအချိန်မှာ ပြည်တွင်းအင်အားစုတွေ ညီညွတ်ရမယ်။ ဆိုလိုချင်တာက မဲသမာမှုကြောင့် တပ်မတော်က အာဏာထိန်းတယ်၊ အဲဒီလို မဲသမာမှုကနေ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လက်နက်ကိုင်ကြတယ်။ အရပ်သား အစိုးရ ပေါ်ပေါက်လာရင်ရော မင်းတို့ ငြိမ်မလား၊ ပူးပေါင်း ဆောင်ရွက်နိုင်မလား မေးရတော့မယ်။ တပ်မတော်အစိုးရမို့လို့၊ အာဏာရှင်မို့လို့ တော်လှန်တယ်။ အရပ်သားအစိုးရဆိုရင် ပူးပေါင်းလေ။ အဲဒါမှမဟုတ်ဘဲ အရင်အစိုးရလာမှ၊ မေမေလာမှ လုပ်မယ်ဆိုတာမျိုး အဲဒါဆိုရင်တော့ ကျွန်တော်တို့ လက်မခံဘူးဗျ။ အရပ်သား အစိုးရပေါ်ပေါက်ဖို့ နိုင်ငံရေး ထဲဝင်လေ။ ရွေးကောက်ပွဲ ဝင်ရွေးလေ၊ ကျွန်တော်ပြောတဲ့သဘောက အနည်းဆုံးတော့ မဲပေးပိုင်ခွင့်ရှိ တယ်လေ၊ ဝင်ပြီးတော့ မဲပေးပေါ့။ ဒါက ပြည်တွင်းအင်အားစုတွေလေ။ အဲဒီလိုပဲ ဖိတ်ခေါ်ရမှာ။ ပြည်တွင်းအင်အားစုတွေ အခုက AA က အသုံးချလိုက်၊ ပလောင်က အသုံးချလိုက်၊ MNDAA က အသုံး ချလိုက်၊ လိုက်တိုက်နေကြတာ ဘာလုပ်မလဲ။ အဲဒီ ပြည်တွင်းအင်းအားစုတွေက တိုင်းတစ်ပါးကလာတဲ့ အင်အား စုတွေကို ရင်ဆိုင်ရမှာဗျ။ ဒါက ကျွန်တော်ရဲ့အမြင်ပါ။ 


TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
 

Total Views ~ 452

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43054

© 2022 - 2025 News. All Rights Reserved.