ကျွန်မတို့ NLD ပါတီကြီးကို မြေအောက်ပါတီ မဖြစ်စေချင်ဘူး . . . NLD ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

၂၀၂၄ နိုဝင်ဘာ ၂၁

    နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်းဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်သွားခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးအလှည့်အပြောင်းကို အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းများဖြင့် အချို့သော NLD ပါတီဝင်များက ဆောင်ရွက်ခဲ့ကြသည်။
    ထို့ကြောင့်လည်း NLD ပါတီ၏ နိုင်ငံရေးပုံရိပ် ကျဆင်းခဲ့ပြီး ယခုအခါ နိုင်ငံတော်အစိုးရ၏ ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် ပါတီနိုင်ငံရေးကို ပြန်လည်တည်ထောင်ရန် ကြိုးပမ်းနေသည့် NLD ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါ သည်။

NLD ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံခြင်း

TREND ။    ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပေး ပြောကြားတာတွေ ရှိခဲ့ပါတယ်။ ဒီတော့ နိုင်ငံရေးသမားတစ်ဦးအနေနဲ့ အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမြင်လေး သိပါရစေ။
DSDM ။     ။
၂၀၂၀ နောက်ပိုင်း တပ်မတော်က တိုင်းပြည်ရဲ့တာဝန်ကို ယူလိုက်ပြီဆိုကတည်းက ရွေးကောက်ပွဲကို ပြန်လုပ်ပေးရမယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ အာဏာရယူထားတဲ့ အစိုးရရဲ့ တာဝန်အရသော်လည်းကောင်း ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမယ်၊ လုပ်ပေးမယ်ဆိုတာကို ကျွန်မတို့က ယုံကြည်တယ်။ အဲဒီလို ယုံကြည်တာဖြစ်တဲ့အတွက် အခု တရုတ်ခရီးစဉ်မှာဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တရုတ်နဲ့ ဆွေးနွေးခဲ့တယ်။ ဒီလို ဆွေးနွေးခဲ့တဲ့အချိန်မှာ အားလုံးပါဝင်ရေးဆိုတဲ့ စကားလုံးကလည်း အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်လာတယ်။ ဒီလိုဆိုတော့ နံပါတ်(၁)အနေနဲ့ လက်ရှိ အစိုးရဖြစ်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ရွေးကောက်ပွဲကို လာမယ့်ဘယ်ကာ လလဲလို့ မသိပေမယ့် ၂၀၂၅ မှာ လုပ်ပေးမယ်ဆိုတာမျိုးကို ကျွန်မတို့ ယုံကြည်တယ်။ နံပါတ်(၂) ကတော့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးလုပ်ဖို့ဆို ကျွန်မတို့က ပြည်တွင်းမှာနေတဲ့ နိုင်ငံရေးသမား ဖြစ်တယ်။ နိုင်ငံရေးသမားနဲ့ တော်လှန်ရေးသမားနဲ့ မတူပါဘူး။ တော်လှန်ရေးသမားဆိုတာကလည်း ကျွန်မတို့ သက်တမ်းတစ်လျှောက်မှာ သူတို့ရည်မှန်းချက် မရောက်မချင်း သူတို့လုပ်နေတာရှိသလို ကျွန်မတို့လို ပါတီနိုင်ငံရေး လုပ်နေတဲ့သူ အကုန်လုံးကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ ပါတီကို ရှင်သန်အောင် လုပ်ရမယ်။ ရွေးကောက်ပွဲဆိုတဲ့ အဆင့်တစ်ခုကို ရမယ်။ ဒါက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးသမား အားလုံးရဲ့ တာဝန်ပဲလို့ ယုံကြည်ပါတယ်။

TREND ။     ။ ရွေးကောက်ပွဲတစ်ရပ်ဆိုတာကတော့ အများပြည်သူ မျှော်လင့်ထားတာဖြစ်သလို အစိုးရကိုယ်တိုင်ကလည်း ရှေ့လုပ်ငန်းစဉ်မှာ ထည့်ထားတာဆိုတော့  အရေးကြီးပါတယ်။ ဒီအပေါ်မှာ နစကအစိုးရက လုပ်ဆောင်မယ့် ရွေးကောက်ပွဲဖြစ်လို့ ပြည်ပရောက်နေသူ အချို့က ဆန့်ကျင်နေတဲ့အပေါ် ဘယ်လိုများသုံးသပ်မိပါသလဲ။
DSDM ။     ။
နိုင်ငံရေးသမားဆိုတာ ဘာလုပ်ရမလဲ။ ပါတီနိုင်ငံရေးသမား လုပ်မယ်ဆိုရင် ပါတီထောင်ရမယ်။ ရွေးကောက်ပွဲဝင်ရမယ်။ ဒါက အစဉ်အလာပဲ။ ရွေးကောက်ပွဲကို ဝင်ခြင်း၊ မဝင်ခြင်း ဆိုတာက နံပါတ်(၁) စဉ်းစားရမယ်။ ကျွန်မဘာကို ပြောချင်တာလဲဆိုတော့ အခုနစကက ပြောထားတဲ့ ရွေးကောက်ပွဲဆိုတာက  အားလုံးသိတဲ့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကို ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲကို လုပ်မယ်ဆိုတာကို လက်ခံရလိမ့်မယ်။ ဒါကို အနောက်နိုင်ငံ သံတမန်အများစုက လက်မခံဘူးကြဘူး။ သူတို့ပဲ နိုင်အောင်လုပ်မယ့် ရွေးကောက်ပွဲဖြစ်မှာပဲ စသဖြင့် အပြစ်ပြောနေကြတာတွေ ကျွန်မတို့သိရတယ်။ ကျွန်မတို့အနေနဲ့ကတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ လက်ခံရပါတယ်။ ရွေးကောက်ပွဲဆိုတာက လက်ရှိ ဖြစ်ပျက်နေတဲ့အရာတွေ အလုံးစုံကောင်းမွန်သွားတဲ့ အခြေ အနေကို ရောက်မှာမဟုတ်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲကို သတ်မှတ်ရမှာက နောက်တစ်ဆင့် တက်လှမ်းဖို့ အခြေအနေတစ်ရပ်လို့ သတ်မှတ်ရလိမ့်မယ်။ လူထုလည်း ထိခိုက်နစ်နာမှုမရှိဘူး။ အဆင်ပြေသော အပြောင်းအလဲတစ်ခုကို ကူးပြောင်းတဲ့ အသွင်ကူးပြောင်းရေးကာလတစ် ခုပဲလို့ သတ်မှတ်ထားတယ်။ ဒါကြောင့် ဒီကိစ္စကို လိုက်မလုပ်ရင် လိုက်မလုပ်တဲ့သူတွေက ကျန်ခဲ့မှာပဲလို့ ကျွန်မတို့ကတော့ ယုံကြည်တယ်။ အနောက်နိုင်ငံကလူတွေက ငါတို့ကတော့ ဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောတယ်။ လက်မခံရင် နင်တို့မှာ ကောင်းတဲ့နည်း ဘာများရှိလဲလို့ပြောရင် လျှောချသွားပြီး။ ဒါကတော့ နင်တို့နိုင်ငံရဲ့ အတွင်းရေးပဲ နင်တို့လုပ်ရမှာလို့ပြောတယ်။ ဒါဆိုရင်  ဘာဖြစ်လို့ လိုက်ကန့်ကွက်နေတာလဲလို့ ပြောလိုက်တယ်။ ကျွန်မနဲ့တွေ့တဲ့ အနောက်နိုင်ငံက သံတမန်တွေကို အမြဲပြောတာက နင်တို့ကန့်ကွက်သည် ဖြစ်စေ၊ မကန့်ကွက်သည်ဖြစ်စေ ငါတို့နိုင်ငံအတွက် အကောင်း ဆုံးအသွင်ကူးပြောင်းမှုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကို အစိုးရက သတ်မှတ်ထားပြီးဖြစ်တဲ့အတွက် ဒါကို ငါတို့က လိုက်လုပ်ရမှာပဲလို့။ ဒါဟာ ပြီးပြည့်စုံတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ သို့သော်လည်း အဆင့်တစ်ခုဆိုတာကို လက်ခံထားတာဖြစ်တဲ့အတွက် ဒီအဆင့်ကို မကျော်လွန်နိုင်ဘူးဆိုရင် နောက်ထပ် လုပ်ချင်တာတွေဟာ လွှတ်တော်ကြီးပေါ်လာ မှသာလျှင် ရှေ့ဆက်သွားနိုင်မယ့် လုပ်ငန်းတွေကို လုပ်နိုင်မှာဖြစ်တယ်။ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရတစ်ရပ်ကိုတော့ နိုင်ငံတကာက လက်ခံမှာပဲ။ ဒီကနေ ပေါ်လာတဲ့အစိုးရကပဲ တိုင်းပြည်အတွက် လိုအပ်တာတွေ လွှတ်တော်ကနေ ဆက်လက်ဆောင်ရွက် နိုင်မှာဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကို မဲပေးပါတို့၊ မဲမပေးနဲ့တို့၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတို့ဆိုရင် ဆန့်ကျင်တဲ့လူတွေပဲ ကျန်ခဲ့မှာပဲလို့ ပြောချင်တယ်။ ဆန့်ကျင်တော့ရော ဘာအကျိုးကျေးဇူးရမလဲ၊ မဆန့်ကျင်ရင်ရော ဘာအကျိုးကျေးဇူးရမလဲဆိုတာမျိုးကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ အစိုးရဘက်က ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်အချိန်မှာ လုပ်ပါမယ်လို့ သတ်မှတ်လိုက်ရင် သက်ဆိုင်ရာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရဲ့ ခေါင်းဆောင်တွေက လူထုကိုနားလည်အောင် ရှင်းပြဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ပါတီတည်ထောင်ထားတဲ့ သူတွေဟာ ရွေးကောက်ပွဲကို မဝင်ဘူး၊ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ မရှိဘူးလို့ ကျွန်မထင်ပါတယ်။ ဒီလိုဆိုရင် အခုပြည်ပကနေမဟုတ်တဲ့ သတင်းတွေနဲ့ လော်ဘီလုပ်နေတဲ့ ကိစ္စတွေအားလုံးကို ပြန်လည်ရှင်းပြဖို့ ပါတီခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ ဒါမှသာလျှင် ကျွန်မတို့တိုင်းပြည်ဟာ ရွေးကောက်ပွဲနဲ့ အသွင်ကူးပြောင်းဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာကို ပြည်သူလူထုက နားလည်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုကာလက ရွေးကောက်ပွဲအတွက် မကြေညာသေးတော့ ဒီအသံတွေက တိတ်ဆိတ်နေတာပေါ့နော်။ တိတ်ဆိတ်နေတဲ့ကာလမှာပဲ တိတ်ဆိတ်နေတာကို အခွင့် ကောင်းယူပြီးတော့ ပြင်ပမှာရှိတဲ့ သတင်းတွေနဲ့ ပြောချင်တဲ့သူတွေက ရွေးကောက်ပွဲကို ဆန့်ကျင်ရမယ်၊ ရွေးကောက်ပွဲကို လက်မခံဘူးပြောနေတာ။ အဲ့ဒီလူတွေ အားလုံးက ပြည်တွင်းမှာရှိမနေဘဲ ပြည်ပမှာထိုင်နေပြီးတော့ ပြောနေကြတဲ့ သူတွေချည်းပဲ။ ပြည်တွင်းက ဒုက္ခတွေကို သူတို့ခံစားရတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ဒုက္ခခံစားရတဲ့သူတွေကတော့ အနာကို ဘယ်လိုနည်းနဲ့ပဲ သက်သာသက်သာ သက်သာတဲ့နည်းကို သုံးချင်ကြတဲ့ သူတွေကြီးပါပဲ။

 

TREND ။     ။ အခုရက်ပိုင်းမှာ ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ သူ့ရဲ့ရှေ့နေတွေက ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီး ပထမဆုံး တွေ့ဆုံခဲ့ရသူတစ်ယောက်အနေနဲ့ ထပ်မံတွေ့ဆုံဖို့ ကြိုးစားနေ တာတွေများရှိလား သိပါရစေ။
DSDM ။     ။
ကျွန်မတို့ကတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံဖို့ အမြဲတမ်း နစကကို တင်တယ်။ အခုလည်း ထပ်ပြီးတွေ့ဆုံဖို့ကို တင်ထားတာရှိတယ်။ ပထမလည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ဆိုတာ အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကရော တွေ့ချင်တဲ့လူ ဟုတ်သလားဆိုတာ အရေးကြီးတယ်။ နောက် နစကဘက်ကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ရမယ့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ဘယ်လောက် ယုံကြည်ရလဲဆိုတာ အရေးကြီးပါတယ်။ ယုံကြည်မှုတည်ဆောက်ထားတဲ့လူတွေလား၊ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ထားတဲ့ လူလားဆိုတာ အရေးအကြီးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အုပ်ချုပ်မှုအောက် မှာရှိတဲ့လူကို ပေးတွေ့ဖို့ဆိုတာ ယုံကြည်မှုတည်ဆောက် ထားတဲ့လူ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်ဖို့ လိုတယ်။ ငါကတော့ သူ့ရဲ့ ရှေ့နေမို့လို့၊ ငါကတော့ သူနဲ့ဘာတော်လို့ဆိုပေမယ့် အဲ့ဒီလူတိုင်းနဲ့ ပေးတွေ့ရမယ်ဆိုရင်တော့ အဲ့ဒါက ယုံကြည်မှုဘယ်လောက် တည်ဆောက်ထားလဲ၊ ဘယ်လောက် ယုံကြည်ရမလဲဆိုတာက နစကအတွက် အရေးကြီးတယ်။ ဒါက သူသူ ကိုယ်ကိုယ်ပါပဲ။ ကျွန်မတို့ အုပ်ချုပ်ရမယ်ဆိုရင်လည်း ကျွန်မတို့လည်း ဒီလိုပဲတွေး မှာပဲ။ အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့တာက ပြဿနာမဟုတ်ဘူး၊ ပေးတွေ့ပြီးတော့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး လုပ်စားတဲ့ ကိစ္စတွေက ပြဿနာပဲ။ ဥပမာ ကျွန်မပြောပြမယ်။ ရှောင်တာနယ်လိုဆိုရင် ရှောင်တာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုံးထုတ်မှာ ခဏလေးပဲ တွေ့ လိုက်တာ။ တွေ့တဲ့အချိန်မှာ အစောင့်အရှောက်တွေ ရှိမှာပဲလေ။ နှုတ်ဆက်မယ်၊ ကန်တော့မယ် ဒီလောက်ပဲ လုပ်လို့ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အများကြီး ရှည်ရှည် ဝေးဝေး မသက်ဆိုင်တဲ့ကိစ္စတွေ ပြောလေ့မရှိဘူး။ သူက အရမ်းစည်းစောင့်တဲ့သူ တစ်ယောက် ဖြစ်တယ်။ ဒါကိုရှောင်တာနယ်က သူနဲ့တွေ့တဲ့အချိန်မှာ လူငယ်တွေကို ဘယ်လိုဖြစ်ပါတယ်။ ဒီလိုဖြစ်ပါ တယ်ဆိုတာ ရှောင်တာနယ်က သတင်းတွေ လျှောက်လွှင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘော ထားကသူနဲ့ တွေ့ခဲ့ရင်တောင် အဲ့ဒီလိုမျိုး သူ့ကိုအသုံးချပြီး အပြင်မှာ အကျိုးစီးပွားရှာတာမျိုးကို မကြိုက်ဘူး။ ဒါကြောင့်မို့လို့လည်း ကျွန်မနဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်က သေသေချာ ချာ ပြောလိုက်တယ်။ သူနဲ့တွေ့တဲ့ကိစ္စကို အပြင်မှာ လုံးဝပြန်မပြောပါနဲ့နော်ဆိုတဲ့ကတိကို တောင်းလိုက်တာ။ ဒါကြောင့် သွားတွေ့ရတဲ့သူ နှစ်ယောက်လုံးက ကတိပေးခဲ့တယ်။ သို့သော်လည်း ဒီကိစ္စကို ပဲ သူ့ရဲ့ရှေ့နေက ကျွန်မကို လာပြောတာလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက လူနှစ်ယောက်က တွေ့သွားတယ်ဆိုတဲ့ကိစ္စ လာပြောတာ။ ဒါကတော်တော် ဆိုးရွားတဲ့ကိစ္စပဲ။ ကျွန်မတို့က ဒေါ်စုကို ကတိပေးထားတဲ့အတွက် ကျွန်မတို့က မဟုတ်ပါဘူးလို့ ငြင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ တို့က လုပ်စားတဲ့သူ မဟုတ်လို့။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ကြိုးစားတဲ့ လူတစ်ရာမှာ ၉၉ ယောက်လောက်က လုပ်စားဖို့ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့ဆိုတာ နစကအနေနဲ့ အရမ်းစဉ်းစားရတယ်။ လုပ်စားတဲ့လူတွေလား၊ လုပ်စားတဲ့ အဖွဲ့အစည်းတွေလားဆိုတာ နစက ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား တွေ့ချင်တယ်ဆိုပြီး ပြောတာ ကျွန်မတို့ ကြားပါတယ်။ သူ့သားပဲ ကျွန်မတို့ဆိုရင် ပေးတွေ့စေချင်တယ်။ သို့သော်လည်းသူ့သားက ဘယ်သူ့နဲ့မှ အဆက်အသွယ်မရှိဘဲနဲ့ သူတစ်ယောက်တည်းနေပြီး အမေကို အေးအေးဆေးဆေး တွေ့ချင်တဲ့ ကိစ္စဆိုရင် ပေးတွေ့ရမယ့်ကိစ္စပေါ့လေ။ သို့သော်လည်း သူ့သားရဲ့ အခြေအနေတွေကို အားလုံးလည်းသိတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရရော၊ မလိုအပ်တဲ့သတင်းစကားတွေ ပျံ့နှံ့သွားမှာကြောင့် ပေးမတွေ့သေးတာလို့ ကျွန်မကတော့ ထင်ပါတယ်။ နောက် ဒေါ်အောင်ဆန်း စုကြည်ရဲ့လုံခြုံရေးက အရေးကြီးတယ်။ နေကောင်းလား၊ ကျန်းမာလားဆိုတဲ့ ကိစ္စထက် နိုင်ငံအတွက်လည်း အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ပါတီအတွက်လည်း တကယ်အရေးကြီးတယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေအတွက် ပေးတွေ့မှဖြစ်မယ်ဆိုရင်တော့ နစကအနေနဲ့ စဉ်းစားမယ်လို့ထင်ပါတယ်။

TREND ။      ။ မကြာသေးမီက နိုင်ငံရေးလောကမှာ ငြိမ်နေတဲ့ ပြည်တွင်းက NLD အဖွဲ့တွေဆီက အသံထွက်လာဖို့အတွက် ဒေါ်စန္ဒာမင်းက ဦးဆောင်ပြီး NLD ပါတီ ပြန်လည်တည်ထောင်မယ်ဆိုတဲ့ သတင်းတွေ ပြည်ပသတင်းဌာနတွေက ရေးသားဖော်ပြကြတယ်။ ဒီအပေါ်မှာ ဘယ်လိုများ မှတ်ချက်ပြု ချင်ပါသလဲ။
DSDM ။     ။
အမှန်အတိုင်း ပြောရရင် ကျွန်မတို့ NLD ပါတီက ဥပဒေကြောင်းအရ ပျက်ပြယ်သွားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားပြီ။ အဖွဲ့အစည်းအနေနဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ၊ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပဲ ရှိတယ်။ ဥပဒေကြောင်းအရ ပါတီဆိုတာ မရှိတော့ဘူး။ ကျွန်မတို့အနေနဲ့ ခေါင်းဆောင် တွေအတွက်သော်လည်းကောင်း၊ အကျဉ်းကျနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်သော်လည်းကောင်း ကျွန်မတို့ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ကိုယ်ကခံယူတယ်ဆိုရင် တောင်းဆိုတဲ့ကိစ္စတွေ၊ တိုင်းပြည်နဲ့ပတ်သက်တဲ့ ယိုယွင်းနေတဲ့ကိစ္စတွေအားလုံးကို ဆွေးနွေးချင်တယ်ဆိုရင် ပလက်ဖောင်း လိုအပ်လာပြီ ဆိုတာကို ၂၀၂၀ ကနေ ကျွန်မတို့ ပလက်ဖောင်းမရှိတော့တဲ့အချိန်မှာ ပိုပြီးသိလာတယ်။ ကျွန်မတို့ ပလက်ဖောင်းမရှိရင် လမ်းဘေးလက်ဖက်ရည်ဆိုင်ကနေပဲ ပြောလို့ရမယ်။ ဒါကြောင့်  ပလက်ဖောင်းတစ်ခု လိုအပ်လာတယ်ဆိုတာကို ကျွန်မတို့ ရဲဘော်ရဲဘက်တွေ အတွေးတွေ တူကြတယ်။ အဲဒီတော့ ဒီပလက်ဖောင်းကို ပြန်ပြီးတော့ တည်ဆောက်မလားဆိုရင် အားလုံးသော လူတွေ အကုန်လုံးက (၃၆) နှစ်ကျော် သက်တမ်းရှိနေတဲ့ NLD ပါတီကြီးကို ပျက်စီးသွားမှာ အကုန်လုံးက မလိုချင်ဘူးလို့ ထင်တယ်။ ကျွန်မတို့လည်း မလိုချင်ဘူး။ သို့သော်လည်း နိုင်ငံရေးပဲဖြစ်ဖြစ်၊ ပါတီနိုင်ငံရေးပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် တစ်ယောက်တည်း လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်တည်း ပါတီကို ပြန်လည်တည် ထောင်ချင်လို့လည်းမရဘူး။ ပါတီကို ပြန်တည်ထောင်ချင်တယ်၊ ကိုယ့်ရဲ့ ပလက်ဖောင်းကို ပြန်လိုချင်တ ဆိုတာက အားလုံးမှာ ဆန္ဒရှိတယ်ဆိုရင် အားလုံးရဲ့ သဘောတူညီမှု ရှိမှရမယ်လို့ ကျွန်မတို့က သတ်မှတ်ထားတယ်။ လောလောဆယ် ကျွန်မတို့ရဲ့ ခေါင်းဆောင်နဲ့ပတ်သက်ပြီး ကျွန်မတို့တွေ့ချင်တဲ့ ကိစ္စမျိုးတွေ၊ တိုင်းပြည်မှာဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးချင်ရင် ကျွန်မတို့မှာ ပလက်ဖောင်းမရှိဘူး။ ဒီတော့ တခြားနိုင်ငံရေးသမားခေါင်းဆောင်တွေနဲ့ တခြားပါတီနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တန်းတူဆွေးနွေးလို့မရဘူး။ ဥပမာ ပြည်ပခရီးစဉ်ဖြစ်တဲ့ အိန္ဒိယခရီးစဉ်ဆိုရင် ကျွန်မတို့ကို လူပုဂ္ဂိုလ်ရေးအရဖိတ်ပေမယ့် ကျွန်မတို့ သွားခွင့်မရဘူး။ ဒါဘာကြောင့်လဲဆိုတော့ ကျွန်မတို့မှာ ပလက်ဖောင်းမရှိလို့ဘဲ။ ကျွန်မတို့လည်း နိုင်ငံရေးကို ၈၈ ကတည်းက လုပ်လာတဲ့ သူတွေပဲ။ သို့သော် ကျွန်မတို့အနေနဲ့ ပလက်ဖောင်းမရှိဘဲ ဘယ်နေရာမှာ သွားပြောရမလဲ၊ ဘယ်နေရာမှာ တင်ပြရမလဲ။ ကျွန်မတို့က တရားဝင်ပဲ တရားဝင် အလင်းရောင်ထဲကနေပြီးတော့ ဥပဒေဘောင်ထဲက ပြောချင်တဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်တယ်။ အဲဒီလိုပဲ ကျွန်မတို့ အစုအဖွဲ့တွေကလည်း တရားဝင် ဘောင်ထဲက ပြောချင်ကြတာဖြစ်လို့ ကျွန်မတို့ NLD ပါတီကြီးကို မြေအောက်ပါတီ မဖြစ်စေချင်ဘူး။ တရားဝင်ပါတီပဲ ဖြစ်ချင်တယ်။ ဒါကြောင့် တရားဝင် ပါတီဖြစ်အောင် လုပ်ရမှာပဲ။ အခုလက်ရှိမှာ ဘယ်သူ့ကို တောင်းဆိုရမလဲဆိုရင် နစက အစိုးရကို တောင်းဆို ရမှာပဲ။ ကျွန်မတို့ တောင်းဆိုဖို့ ဆန္ဒရှိ တယ်။ နောက်တစ်ခုက ကျွန်မတို့အခုချိန်မှာ NLD ပါတီကို ဟိုတ လောက BBC က ဖော်ပြသွားတာရှိတယ်။ NLD ပါတီကို UEC မှာ မှတ်ပုံသွားတင်မယ်ဆိုတာ ဒါဟာ တော်တော်မှားတာပဲ။ အခုချိန်မှာ ကျွန်မတို့ ဆန္ဒရှိပေမယ့် လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ UEC မှာ NLD ပါတီကိုသွားတင်တယ်ဆိုရင် ကျွန်မတို့က ပုဒ်မ(၃)နဲ့ပဲတင်တဲ့ ပါတီအသစ် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မို့လို့  ပုဒ်မ(၃)နဲ့သွားတင်ရင် NLD ဆိုတဲ့ နာမည်လည်း ရချင်မှရမယ်။ နောက် NLD က ပိုင်ဆိုင်ထားတဲ့ ရုံးခန်းတွေ၊ ငွေကြေးတွေစတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း လက်ခံပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ပုဒ်မ(၃)နဲ့ NLD ပါတီအသစ် တည်ထောင်ဖို့ ကျွန်မတို့ ဆန္ဒမရှိဘူး။ ကျွန်မအနေနဲ့လည်း ပါတီသစ်ထောင်ဖို့ ဆန္ဒမရှိဘူး။ ပါတီသစ် ထောင်မှာလည်း မဟုတ်ဘူး။ NLD ပါတီကို ပြန်လည်တည်ထောင်ချင်ရင် NLD ပါတီမှာရှိတဲ့ ရဲ့ဘော်ရဲဘက်တွေ အားလုံးရဲ့ သဘောတူညီချက်။ အားလုံးဆိုတာ လက်လှမ်းမီသလောက် NLD ပါတီ ပြန်ပေါ်လာဖို့ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ရဲဘော်ရဲဘက်တွေ စုပေါင်းပြီးတော့မှသာလျှင် ကျွန်မတို့ NLD ပါတီကို ပြန်လည်တည်ထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလို့ရတယ်။ နောက်တစ်ခုကတော့ နစကဘက်ကလည်း ကမ္ဘာ့နိုင်ငံအသီးသီးက ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အားလုံးပါဝင်သော ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုပြီး တိုက်တွန်းထားကြတော့ NLD ကို ပါတီဟောင်းအဖြစ် ပြန်မှတ်ပုံတင်နိုင်ဖို့ ပုဒ်မ ၂၅ နဲ့ တည်ထောင်ထားသော ပါတီတွေ၊ အစိုးရကလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ အစိုးရက ဖန်တီးပေး နိုင်မယ်ဆိုရင် NLD လည်း ပြန်လည်တည်ထောင် လာနိုင်မယ့်အခြေအနေ ရှိလာမှာပါလို့ ကျွန်မ ဒီနေရာကနေ တရားဝင် ပြောချင်ပါတယ်။ အခုချိန်မှာ NLD ကို မှတ်ပုံတင်ရင် ကြိုက်တဲ့အချိန် တင်လို့ရတယ်။ ဘယ်သူ့ကိုမှ ခွင့်ပြုချက် တောင်းနေစရာမလိုဘူး။ ပါတီသစ်တစ်ခုပဲ ဖြစ်နေမှာပါ။ ကျွန်မတို့ လိုချင်တာက အဲဒီလို ပါတီသစ်ကို လိုချင်တာမဟုတ်ဘူး။ ၃၆ နှစ်ကျော် တည်ဆောက်ခဲ့တဲ့ NLD ပါတီကြီးကို ပြန်လည်တည်ထောင်ချင်တာပါ။ သို့သော် ဒီနေရာမှာ ကျွန်မတို့ ပြောချင်တာက နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး NLD ပါတီက အစွန်းရောက်တယ်ဆိုတာမျိုးတွေ၊ ကြောက်စရာ ကောင်းတယ်ဆိုတာမျိုးတွေ၊ NLD ပါတီကို အသက်ပြန်သွင်းလို့ မရဘူးဆိုတာမျိုးတွေ အမြင်တွေ ရှိလာနိုင်တယ်။ ဒါကို ကျွန်မတို့အနေနဲ့ NLD ပါတီမှာ အစွန်းရောက်တဲ့လူတွေလည်း ရှိခဲ့တယ်ဆိုတာမျိုးတွေကို  ကျွန်မတို့ လက်ခံတယ်။ ဒါပေမဲ့ ကျွန်မတို့ ပြန်လည်တည်ထောင်ချင်တယ်ဆိုတဲ့ NLD ပါတီဟာ ဒီလိုမျိုးလူထုကို ဒုက္ခပေးဖို့ဆိုတာမျိုး မဟုတ်ဘူး။ လူထုအတွက် တာဝန်ခံ တာဝန်ယူမှုရှိသော လူထုကို အကျိုးပြုတဲ့ အဆင်ပြေဆုံး၊ အသက်သာဆုံး နိုင်ငံရေး အကူးအပြောင်း တစ်ခုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ပါဝင်မှာ ဖြစ်တယ်။ ကျွန်မတို့ အာဏာရရှိရေးအတွက် ဦးတည်ပြီး တည်ထောင်တာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်မတို့ဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ဝင်ထိုးတဲ့အခါ လဲကျသွားတာနဲ့ ဒိုင်က အရှုံးလို့ မသတ်မှတ်ဘူး။ ပြန်မထနိုင်မှသာ အရှုံးလို့ သတ်မှတ်တာပါ။ ဒါ ကြောင့် ကျွန်မတို့ ပြန်ထနိုင်ရမယ်။


TREND ။    ။ ၂၀၂၀အခြေအနေတွေအပြီးမှာ NLD ရဲ့ အခန်းကဏ္ဍဟာ သိသိသာသာ မှေးမှိန်သွားပြီး ပြည်ပရောက် အင်အားစုတွေက NLD ကို အပိုင်သိမ်းလိုက်သလို၊ NLD ပြည်တွင်းအင်အားစုတွေ ငြိမ်သွား ခဲ့တယ်။ ဒါကြောင့်လည်း NLD , NUG ဆိုတာမျိုးတွေ တစ်ဆက်တည်းမြင်တဲ့ ပြည်သူတွေရှိသလို၊ ပြည်တွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ NLDကြောင့်လို့ ပြောဆိုကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
DSDM ။     ။
ဒါကြောင့် ကျွန်မပြောတာပါ NLD နဲ့ NUG မတူပါဘူးလို့ ပြောချင်တာ။ ကျွန်မတို့စပြီး နစက အနေနဲ့ အာဏာထိန်းလိုက်တဲ့အချိန်ကစပြီး ဆွေးနွေးထားတာတွေ ရှိပါတယ်။ အဲဒါက NUG သည် တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့ အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်။ ဒီထဲမှာ NLD ပါတီဝင်တွေလည်းပါမယ်။ အခြား ပါတီဝင်တွေလည်း ပါကောင်းပါမယ်။ ဒါသည် အဖွဲ့တစ်ခုပဲဖြစ်တယ်။ NLD ဆိုတာကတော့ ပြည်တွင်းမှာ ပါတီရဲ့မူဝါဒ၊ ပါတီရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း ရပ်တည်နေတဲ့ ပါတီဝင်တွေ ရှိနေသေးတယ်ဆိုတာ ကျွန်မတို့ကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ အသိအမှတ်ပြုခိုင်းတာလဲဆိုတော့ အဲဒီလို ပါတီရဲ့စည်းမျဉ်း စည်းကမ်းဥပဒေအတိုင်း ရပ်တည်နေတဲ့သူတွေ အားလုံးက လူထုကို ဒုက္ခရောက်စေသော အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့သူတွေ မဟုတ်ဘူး။ ကွယ်ရာမှာလည်းမလုပ်ဘူး၊ ရှေ့မှာလည်းမလုပ်ဘူး။ ဒါကြောင့် အကြမ်းဖက်တာ ကျွန်မတို့ပါတီရဲ့ မူဝါဒထဲမှာလည်း မရှိဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ကျွန်မတို့ ပါတီရဲ့ မူဝါဒထဲမှာ မရှိဘူး။ အကြမ်းမဖက်ဘဲ စေ့စပ်ဆွေးနွေးညှိနှိုင်းရေး မူဝါဒအောက်မှာပဲ ရပ်တည်နေသူတွေက ပြည်တွင်းမှာရှိနေတဲ့ NLD ပါတီဝင်တွေပဲဖြစ် တယ်။ ဒါကြောင့်မို့လို့ NLD နဲ့ NUG က သီးခြားစီပါလို့ ပြောချင်ပါတယ်။


TREND  ။       ။ ပါတီစုံရွေးကောက်ပွဲလို့ပြောရင် အားလုံးပါဝင်ရေးဆိုတဲ့ အသံတွေက ကြားနေရတယ်။ NLD ပြန်လာဖို့ အခွင့်အရေးတွေ ရှိနိုင်လား။ အစိုးရကရော NLD ပါတီဝင်ဟောင်းတွေအပေါ် ဘယ်လို သဘောထားရှိသလဲ။
DSDM ။          ။
ဒါကိုပြောရရင် နှစ်ပိုင်းပေါ့ ပြည်ပကို ထွက်ပြေးသွားတဲ့သူတွေ ရှိတယ်။ ပြည်တွင်းမှာ ရပ်တည်နေတဲ့သူတွေရှိတယ်။ လက်ရှိနစက အစိုးရက ဥပဒေအတိုင်း ရပ်တည်နေတဲ့ ပါတီမူဝါဒအတိုင်း ရပ်တည်နေတဲ့သူတွေကို အသိအမှတ်ပြုပါတယ်။ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ လုပ်ရတော့မယ်ဆိုရင် ဥဒေဘောင်အတွင်းက ရပ်တည်နေသူတွေအတွက် NLD ပါတီပြန်လည် ရပ်တည်နိုင်ဖို့၊ ပြန်လည် ပါဝင်နိုင်ဖို့၊ တည်ထောင်နိုင်ဖို့ကို နစကအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။


TREND ။       ။ NLD ပါတီ ပြန်လည်ဖြစ်တည်လာဖို့ဆိုရင် အခက်အခဲကတော့ မလွဲမသွေရှိမှာလေ။ တစ်ဖက်မှာလည်း NLD ပါတီ ပြန်လည်ဖြစ်ပေါ်လာမှာကို မလိုလားတဲ့ တော်လှန်ရေးဆိုတဲ့သူတွေ ရှိနေတယ်။ ဒါကြောင့် ဒေါ်စန္ဒာမင်း မျှော်မှန်းထားသလို NLD ပါတီ ပြန်လာနိုင်ဖို့ ပြည်တွင်းမှာရော အင်အားရှိနိုင်ပါ့မလား။
DSDM ။          ။
ပြည်တွင်းမှာအများစုက ပါတီကိုပြန်လည် တည်ထောင်ချင်တယ်။ ဒါ အမှန်တရား ပြောတာ။ ငါတို့မှာ ပလက်ဖောင်းရှိတယ်။ ငါတို့ပလက်ဖောင်းကြီး မပျက်စီးသွားအောင် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့ ပြန်စုပေါင်းပြီး ပြန်တည်ထောင်မယ်။ ဒါမှသာလျှင် ငါတို့ရဲ့ ခေါင်းဆောင်တွေ ပြန်လွတ်လာရင် သူတို့မှာ ပလက်ဖောင်းရှိပြီးသား ဖြစ်ရမယ်ဆိုတာ သမိုင်းမှာ အတွေ့အကြုံတွေရှိပြီးသား။ သို့သော်လည်း အခုဖြစ်နေတာက တချို့သော NLD ပါတီမှာ ထမ်းဆောင်ခဲ့သော CEC အဟောင်းတွေက သူတို့က အဲဒီမျိုးဆန္ဒမရှိဘူး၊ သူတို့သာ ဆန္ဒရှိတယ်ဆိုရင် ကျွန်မတို့ပါတီဟာ ပြန်လည်မှတ်ပုံတင်ရမယ်ဆိုကတည်းက မပျက်ဘဲ မှတ်ပုံတင်ဖြစ်ကြဦးမှာပဲ။ CEC မှာက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တာဝန်ရှိတယ်လေ။ ဒေါ်အောင်ဆန်းစုကြည် အရင်တုန်းက ထိန်းသိမ်းခံနေရချိန်မှာလည်း CEC ထဲက တာဝန်ရှိတဲ့သူတွေကပဲ သွားတွေ့ရတာပဲ။ ဒါပေမဲ့ အဲ့ဒီတာဝန်ကို ဘယ်သူကမှ မယူဘူး။ နစကဘက်က တွေ့ခွင့်ရတယ်လို့ ပြောတာတောင် မတွေ့ချင်ဘူးလို့ပြောကြတယ်။ ဒီတော့ ကျွန်မတို့က သွားတွေ့ရတယ်လေ။ ကျွန်မတို့ကတော့ CC အဆင့်ပေါ့။ ဟိုတစ်နေ့က ဒေါက်တာမျိုးညွန့်တို့ပြော သွားတာရှိတယ်။ စန္ဒာမင်းတို့က CC အဆင့်တွေပဲ သူတို့လုပ်လို့ မရဘူး ပြောကြတယ်။ အခုချိန်မှာ ဒေါက်တာ မျိုးညွန့်သည်လည်း CEC မဟုတ်တော့ဘူး၊ စန္ဒာမင်းသည်လည်း CC မဟုတ်တော့ဘူး။ NLD ပါတီဝင်အဟောင်းတွေပဲဖြစ်တယ်။ အဲ့ဒီ NLD ပါတီဝင်အဟောင်း အကုန်လုံးမှာ တာဝန်ရှိတယ်။ အားလုံးမှာ ကိုယ့်ရဲ့ပါတီမပျက်သွားဖို့ တာဝန်ဝတ္တရားရှိတယ်။ အဲ့ဒီလိုဝတ္တရားရှိတယ်လို့ ခံယူထားတဲ့သူ အားလုံးက ကြိုးစားသင့်တယ်။အားလုံးက ကျွန်မကို ခေါင်းစဉ်တပ်တယ်။ စန္ဒာမင်းလုပ်နေတယ်။ စန္ဒာမင်းမှ မဟုတ်ဘူး၊ လုပ်နေတဲ့သူတွေအများ ကြီးလုပ်နေတာ။ လုပ်နေတဲ့သူတွေက တာဝန်ခံတတ်တဲ့ စိတ်ရှိတယ်။ တိုင်းပြည်အတွက် လုပ်ပေးချင်တယ်ဆိုရင် ဒါကို အားလုံးက ကြိုးစားရမယ်။ အဲဒီလို ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးမှ၊ ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူက ဘာလုပ်ပါလို့ပြောမှ လုပ်ရမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က တစ်ခါမှ ထိန်းသိမ်းခံရကတည်းက အခုထိ မပြောခဲ့ဘူး။ တာဝန်ရှိတယ် ကိုယ့်ဟာကိုယ် တာဝန်ခံတတ်တယ်လို့ တာဝန်ယူတတ်တဲ့လူတွေက ထလုပ်ကြတာချည်းပါပဲ။ အရင်က ကျွန်မတို့က CEC အဟောင်းတွေကို လေးစားမှုရှိတယ်။ ကျွန်မတို့ လေးစားတဲ့သူတွေက ကြိုးစားသင့်တာပေါ့နော်။ သူတို့ မကြိုးစားခဲ့လို့ ကျွန်မတို့ ကြိုးစားရတာလေ။ သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်ဆိုတာ သူတို့မှ မဟုတ်ဘူး အများကြီးပဲ တင်ကြတာ။ ရှေ့မှာ ပြောခဲ့သလို ပေးတွေ့ရမယ့်သူတွေက နစကရဲ့ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာ အရေးကြီးတာပေါ့။ သူတို့နဲ့ ယုံကြည်မှု ဘယ်လောက်တည်ဆောက်ထားသလဲ၊ သူတို့နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ထားသလဲဆိုတာ အရေးကြီးတယ်။ တွေ့လည်း တွေ့ချင်တယ်။ တစ်ဖက်နိုင်ငံကို ရောက်နေတဲ့လူတွေရဲ့ အပြစ်ပြောမှုကိုလည်း ကြောက်တယ်။ ဒါကြောင့် နစကနဲ့ မပတ်သက်ဘူးဆိုတဲ့ ပုံစံကိုလည်း ပြချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ချင်တယ်ဆိုရင် နစကက အဲ့ဒီလိုလူမျိုးတွေကို ဘယ်လိုပေးတွေ့မလဲ။ ကိုယ့်ရဲ့ရည်မှန်းချက် ကရော၊ ဘယ်လိုအောင် မြင်တော့မလဲ။ အဲဒီတော့ ကျွန်မတို့ကတော့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရိုးရိုးသားသားနဲ့ ဘယ်သူ့မှ မထိခိုက်အောင် လုပ်သင့်တယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်မတို့က အာဏာစထိန်းတဲ့ကာလက တည်းကစပြီး လူတွေ မထွက်ပြေးကြသေးဘူး။ စည်ပင်မှာပဲ ရှိနေတဲ့အချိန် ကျွန်မတို့က ကိုယ့် ကိုယ်ကိုယ် သတ်မှတ်တယ်။ ငါက ထွက်မပြေးဘူး။ ပါတီမှာပဲ ထိုင်နေမယ်။ ထွက်ပြေးဖို့ ဆန္ဒမရှိဘူး။ ကျန်တဲ့သူတွေကို မထွက်ပြေးဖို့လည်း တိုက်တွန်းခဲ့တယ်။ ဒါကို နိုင်ငံရေးအတွေ့အကြုံ မရှိတဲ့အခါကျတော့ ကိုယ့်အဆင့်က ဘာမှန်းတောင် မသိဘဲ ထွက်ပြေးကြတယ်။ အစိုးရက သူတို့ကို သိတောင်မသိဘူး။ ခေါင်းထဲတောင်မရှိဘူး။ ထွက်ပြေးကြတဲ့သူတွေမှာလည်း ရည်ရွယ်ချက်မျိုးစုံ ရှိကြတာ ပေါ့လေ။ ကျွန်မတို့ကတော့ နဂိုကတည်းက ပါတီကို ပြန်တည်ဆောက်မယ်လို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ရည်ရွယ်ချက်အတိုင်း လုပ်ခဲ့တယ်။ အာဏာထိန်းလိုက်တဲ့အချိန်မှာ အားလုံးထွက် ပြေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရွက်ပေးမယ့်လူ ဘယ်သူမှ မရှိဘူး။ ပါးစပ်က အမေ၊ အမေလို့သာ ပြောနေကြတာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရတယ်။ ရှေ့နေတွေကိစ္စ၊ ထောင်ဝင်စာကိစ္စ ဆောင်ရွက်ပေးရမယ်။ ဒီလိုကိစ္စတွေ ဆောင်ရွက်ဖို့ ပါတီမှာ ကျန်ခဲ့ရတာလေ။ ဒီလို ဆောင်ရွက်ပေးတော့ ဘယ်သူနဲ့ပူးပေါင်းတယ်၊ အစိုးရနဲ့ ပူးပေါင်းတယ်။ ကျွန်မတို့က ပါတီရဲ့ သစ္စာဖောက်ဆိုပြီး ပြောကြတယ်။ အဲဒီလို ပြောတဲ့သူတွေက မြန်မာပြည်က ထွက်မပြေးခင်မှာ ကျွန်မတို့ကို နင်တို့ ရှိသင့်တယ်နော်။ အစိုးရနဲ့ ဆက်သွယ်ထား။ ဒါမှသာလျှင် ခေါင်းဆောင်ရဲ့ကိစ္စကို ဆောင်ရွက်ပေးလို့ရမှာဆိုပြီး သူတို့ပါးစပ်ကပဲ ပြောခဲ့တာ။ ပြီးတော့ တစ်ဖက်နိုင်ငံလည်း ရောက်သွားရော သစ္စာဖောက်တွေ၊ တပ်နဲ့ပူးပေါင်းတယ်ဆိုပြီး ပြောကြတာ။ ကျွန်မတို့က တပ်နဲ့ပူးပေါင်းရအောင် ဒီနေ့အထိ ကိုယ်ကျိုးစီးပွားတစ်ခုမှ မလုပ်ခဲ့ဘူး။ အစိုးရနဲ့ ပူးပေါင်းရတယ်ဆိုတာက ထိန်းသိမ်းခံထားရတဲ့ ကိုယ့်လူတွေအတွက်၊ ကိုယ့်ပါတီအတွက်ဆိုတဲ့ ကိစ္စတွေ ဆောင်ရွက်ပေးနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်တာလေ။ နောက် ကျွန်မတို့က ပါတီရဲ့ရပ်တည်ချက် မူဝါဒအတိုင်း ရပ်တည်တာလေ။ အခု ထွက်ပြေးသွားတဲ့ သူတွေထဲက ၂၀၁၅ ကနေ ၂၀၂၀ အထိ လွှတ်တော်ထဲမှာ နေသွားတဲ့သူတွေ၊ ပါတီရဲ့မူဝါဒ ခုနစ်ချက်ကို သိလားလို့မေးရင် သိတဲ့လူက ခပ်ရှားရှား။ အဲဒီလူတွေက ကျွန်မတို့ကို ပါတီရဲ့သစ္စာဖောက်လို့ပြောတာ ကျွန်မတို့က မတုန်လှုပ်ပါဘူး။ ကျွန်မတို့ကတော့ ၃၆ နှစ်ကျော် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ပါတီမှာ အစွန်းရောက်တဲ့လူတွေ ရှိသလို၊ နိုင်ငံအပေါ် တကယ်ချစ်တဲ့ ပညာတတ်လူတန်းစားတွေ အများကြီးရှိသေးတယ်။ ဒါတွေကို အသိအမှတ် ပြုပေးရမယ်။ အစွန်း ရောက်တဲ့သူတွေ တစ်စိတ်တစ်ပိုင်းပါဝင်တာနဲ့ NLD ပါတီ မှေးမှိန်ခဲ့ရတာကို သမိုင်းကြောင်း ကောင်း အောင် ပြန်ဆောင်ရွက်ပေးချင်တာ ကျွန်မတို့ရဲ့ဆန္ဒပါ။

TREND ။    ။ အခုလိုဖြေကြားပေးမှုအပေါ် ကျေးဇူးတင်ပါတယ်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 433

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31242

© 2022 - 2024 News. All Rights Reserved.