ဆက်တိုက်ရင် ဆက်နာမှာပဲ။ ဘယ်သူမှလည်း အဖြေရမှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း ပြတ်ပြတ်သားသားကြီး နိုင်သွားတာမျိုး ရှိမယ်မထင်ဘူး . . . . . (PNLO-NCA/S ) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ မတ် ၂၇
    ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 ကျင်းပနေမှုအပေါ် အမြင်သဘောထားများ အပါအဝင် မတ် ၁၈ ရက်က မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး၏ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သည့် အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းတို့နှင့် ပတ်သက်၍ အခမ်းအနားတက်ရောက်ခဲ့သူ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S ) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အခြေအနေ ပြောပြပါဦး။
KOK      ။        ။
ဆွေးနွေးပွဲကတော့ တိုတိုနဲ့ ရှင်းရှင်းပါပဲ။ ဒီပွဲက အိန္ဒိယက လုပ်ပေးနေတဲ့ ဆွေးနွေးပွဲရဲ့ အဆက်ပေါ့။ ဒါက သုံးကြိမ်မြောက် ဆွေးနွေးပွဲလို့ ပြောလို့ရပါတယ်။ ပြောရရင်တော့ သုံးကြိမ်မြောက် ဆွေးနွေးပွဲအတွက် အကြိုလုပ်တဲ့ ပွဲလို့လည်း ပြောရမှာပေါ့။ ကျွန်တော်တို့ဘက်က လူဦးရေ ၄၀ လောက် တက်ရောက်ခဲ့တယ်။ တော်တော်များများ တက်ကြပါတယ်။ နိုင်ငံရေးပါတီတွေ တက်တယ်၊ CSO တွေ တက်တယ်။ ကျွန်တော်တို့ NCA EAO  ကတော့ ငါးဖွဲ့ပဲ တက်နိုင်တယ်။ ကရင်နှစ်ဖွဲ့ရယ်၊ မွန်ရယ်၊ ရခိုင်ရယ်၊ ပအိုဝ်းရယ် ငါးဖွဲ့တက်ခဲ့တာပေါ့။ နောက် နေပြည်တော်က အစိုးရအာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီပွဲကို အိန္ဒိယသံအမတ်ကြီး ဦးဆောင်တာပေါ့။ နေရာပေးတယ်၊ ညစာကျွေးတယ်။ ဒီပွဲမှာ ဟောပြောသွားတဲ့ ပညာရှင်ကတော့ သုံးဦးပေါ့။ ပညာရှင်သုံးဦးက ကဏ္ဍအ လိုက် ကဏ္ဍအလိုက် ဟောပြောပြီးတော့ အိန္ဒိယနိုင်ငံရဲ့ တိုင်းရင်းသား ဒေသတွေအပေါ်မှာ ကျင့်သုံးမယ့် စနစ်တွေကို ရှင်းပြတယ်။ မြန်မာပြည်အတွက် တော်တော်လေး အကျိုးရှိတဲ့ Work shop လို့ ပြောနိုင်ပါတယ်။

TREND ။        ။ ဒီဆွေးနွေးပွဲက အိန္ဒိယဘက်က စီစဉ်ပြီး အိန္ဒိယသံအမတ်ကြီး ဦးဆောင်ခဲ့တာဆိုတော့ သူတို့ဘက်က ဘယ်လိုအကြောင်းအရာတွေ အဓိကထားပြီး ဆွေးနွေးသွားလဲ၊ ဒီဘက်က‌ရော ဘာတွေဆွေးနွေးဖြစ်ခဲ့ကြလဲ။
KOK      ။        ။
သူတို့ဘက်က ယေဘုယျအားဖြင့် အိန္ဒိယရဲ့ ဖွဲ့စည်းပုံမှာ အိန္ဒိယရဲ့ စံတန်ဖိုးတွေ ဖော်ပြတဲ့အကြောင်းကို သူတို့ဘက်က တရားသူကြီးချုပ် အငြိမ်းစားတစ်ဦးက ရှင်းပြတယ်။ နောက်တစ်ဦးကတော့ အိန္ဒိယရဲ့ အားလုံးပါဝင်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်ပေါ့၊ အဲဒါကို ရှင်းပြတယ်။ နောက်ဆုံး ဒေါက်တာ အမျိုးသမီး တစ်ဦးက‌တော့ အိန္ဒိယမှာရှိတဲ့ အရှေ့မြောက် ပြည်နယ်တွေပေါ့။ အိန္ဒိယ အရှေ့မြောက်မှာက ပြည်နယ်ခုနစ်ခုရှိတာကိုး။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင် တွယ်ဖြေရှင်းလဲဆိုတဲ့ ကိစ္စတွေကို အသေးစိတ် ရှင်းပြပါတယ်။ အဓိကကတော့ အဲဒီအကြောင်းအရာ တွေပါပဲ။သူတို့ ရှင်းလင်း ပြောကြားတာတွေက လက်တွေ့တော့ ကျပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဆွေးနွေ တယ်ဆိုတာထက် နားထောင်တာပေါ့။ နားထောင်တဲ့သူတွေက များတာပေါ့။ အဓိကကတော့ ပြည်နယ်သစ်တွေပေါ့။ အိန္ဒိယမှာ ပြည်နယ်သစ်တွေ အသစ်အသစ် ခဏခဏ ပေါ်တော့ အဲဒီ ပြည်နယ်သစ်တွေ ပေါ်တဲ့ကိစ္စကို ဘယ်လို ကိုင်တွယ်လဲပေါ့။ ဖွဲ့စည်းပုံမှာဘယ် လိုရေးတယ်။ သမ္မတက ဘယ်လိုအမိန့်ထုတ်တယ်။ နောက် ပြည်နယ်မှာရှိတဲ့လူတွေကို ဆန္ဒဘယ်လိုယူတယ်ဆိုတဲ့ အဲဒီအပိုင်းကိုတော့ ကျွန်တော်တို့ဘက်က အသေးစိတ် မေးကြတာရှိတယ်။ အဲဒီကိစ္စကို တော်တော်လေး စိတ်ဝင်စားကြတယ်။ စိတ်ဝင်စားကြတယ်ဆိုတာက သူတို့ဆီမှာက အဲဒါကို လက်တွေ့လုပ်နေတယ်။ ကျွန် တော်တို့ဆီမှာလည်း ပြည်နယ်သစ်လိုချင်တာတွေရှိတော့ စိတ်ဝင်စားကြတာပါ။ စိတ်ဝင်စားကြတဲ့ ပုံစံရယ်လို့တော့ မရှိပါဘူး။ ပုံစံလည်း မသိဘူး။ အိန္ဒိယက ပုံစံကိုပဲ မေးကြတာ၊ စိတ်ဝင်စားကြတဲ့ အနေအထားမျိုးပါ။ ကျွန်တော်တို့ဆီမှာက ပြည်နယ်သစ်ပေါ်တဲ့ ကိစ္စမှမရှိသေးတာ။ အိန္ဒိယက ဘယ်လိုပုံစံနဲ့ လုပ်ခဲ့တာလဲ အဲဒါကိုမေးတာ အဲဒါကို ရှင်းပြကြတာပါပဲ။ နောက်ပြီးတော့ တိုင်းရင်းသား တွေအပေါ်မှာ တိုင်းရင်းသားတွေရဲ့ Identity လည်း မပျောက်အောင် အိန္ဒိယရဲ့ “One Nation- One Identity'' လည်း ပေါ်အောင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကိုလည်း သူတို့ဘက်က ရှင်းပြ တယ်။

TREND ။        ။ အိန္ဒိယရဲ့ ဖက်ဒရယ်အရေး ဆွေးနွေးမှုက  မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးတရားတွေ ရလိုက်တယ်လို့ သုံးသပ်ချင်လဲ။
KOK      ။        ။
အတွေ့အကြုံ ရလိုက်တာပေါ့။ သူတစ်ပါးတိုင်းပြည်မှာ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံကို ရလိုက်တာပေါ့။ အခုအချိန်အထိလည်း သူတို့ဆီမှာ အောင်မြင်နေတယ်။ အိန္ဒိယနဲ့ မြန်မာက တူတာ ရှိတယ်။ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်။ ဘာသာပေါင်းစုံ ကိုးကွယ်ကြတယ်။ ပြောဆိုတဲ့ ဘာသာစကားတွေကလည်း များတယ်။ အဲဒီအပေါ်မှာ အိန္ဒိယနိုင်ငံက ဒီလောက် နိုင်နိုင်နင်းနင်းနဲ့ အောင်မြင်တဲ့ ဖက်ဒရယ်ပုံစံကို ကိုင်ထားတာ ဘယ်လိုကြောင့်၊ ဘာကြောင့် ကိုင်နိုင်တယ်ဆို တာတွေပါ။ အဲဒါတွေကလည်း အတွေ့အကြုံပေါ့။ ကျွန်တော်တို့ နိုင်ငံကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ဖို့ မျှော်မှန်းထားကြတာကိုး။ အဲဒီလို မျှော်မှန်းထားကြတော့ သူတို့ အတွေ့အကြုံတွေကို ဆွေးနွေး လေ့လာကြရတဲ့ သဘောပါ။ အဓိကကတော့ ဖက်ဒရယ်ပုံစံကို လေ့လာတဲ့ သဘောပါ။ အိန္ဒိယ ဖက်ဒရယ်ပုံစံက အောင်မြင်နေတယ်လေ။ အောင်မြင်တဲ့ အပြင် ပြည်နယ်အသစ်တွေကလည်း အမြဲတမ်း ပေါ်ထွက်နေတဲ့အခါကျတော့ အဲဒီအခြေအနေကို ဘယ်လို ကိုင်တွယ်လဲ မေးခွန်းထုတ်ကြတာပေါ့။


TREND ။        ။ အိန္ဒိယရဲ့ အောင်မြင်နေတဲ့ ဖက်ဒရယ်ပုံစံနဲ့ ပြည်နယ်အသစ်တွေကလည်း အမြဲတမ်း ပေါ်ထွက်နေတဲ့အပေါ် ကိုင်တွယ်မှု ဒါတွေကို လေ့လာဆွေးနွေးခဲ့ကြတော့ ဒီအတွေ့အကြုံကို မြန်မာနိုင်ငံမှာ ဘယ်လို အနေအထားမျိုးနဲ့ ပြန်ပြီး အသုံး ချနိုင်မလဲ။
KOK      ။        ။
လောလောဆယ် အခြေအနေ၊ ဒီအနေအထားမှာတော့ သုံးလို့ မရသေးပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ် ရေးဆွဲမယ်ဆိုတဲ့ အခြေအနေဆိုရင် အိန္ဒိယရဲ့ ဖက်ဒရယ်ပုံစံ၊ ဒီအတွေ့အကြုံတွေကို သုံးလို့ ရနိုင်တယ်။ လက်ရှိ မြန်မာပြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ် ရေးဆွဲမယ်ဆိုရင် သုံးလို့ရတယ်။
နောက်ပြီးတော့ နိုင်ငံရေးဆွေး‌နွေးပွဲ ဖြစ်မြောက်ပြီဆိုရင် သုံးလို့ရတယ်။ အဲဒါတွေ မပေါ်သေးရင်တော့ လက်တွေ့ စသုံးတဲ့နေရာ မရှိသေးဘူး။ ဒါကို ဖော်ဆောင်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အခွင့်အလမ်း မရှိသေးဘူး။ အခုက အပြောပဲ ရှိသေးတယ်။ တိုင်ပင်တာမှ မရှိသေးတာ။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ လက်တွေ့ ဆွေးနွေး တိုင်ပင်တဲ့ အခွင့်အလမ်းပေါ်ရင်တော့ သူတို့ အတွေ့အကြုံတွေကို သုံးလို့ရတာ ပေါ့ဗျာ။


TREND ။        ။ အခုအခြေအနေက လက်နက် ကိုင်နည်းနဲ့ပဲ ဖြေရှင်းနေကြတဲ့ သဘောတွေ့နေရေတော့ ဆင်ခြင်တုံတရားနဲ့ အဖြေရှာဖို့က လက်တွေ့ကျကျ ဖြစ်နိုင်ခြေအလားအလာ ဘယ်လို သုံးသပ်မိလဲ။
KOK      ။        ။
ကျွန်တော့်အမြင်ကတော့ အခုလို လက်နက်ကိုင် တိုက်ခိုက်နေလို့ကတော့ အဖြေေတော့ရမှာ မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခကြောင့် အဖြေတော့ မရနိုင်ပါဘူး။ ဒီလက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံပြည်သူလူထုတွေ နစ်နာဆုံးရှုံးရတာပေါ့။ ဒါက လက်တွေ့ပဲ။ အဖြေက ဘယ်လိုရမလဲဆိုရင် ဆွေးနွေး ပြီးတော့ပဲ အဖြေထွက်နိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒါပါပဲ။ ဆက်တိုက်ရင် ဆက်နာမှာပဲ။ ဘယ်သူမှလည်း အဖြေရမှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း ပြတ်ပြတ်သားသားကြီး နိုင်သွားတာမျိုး ရှိမယ်မထင်ဘူး။ ဒါကြောင့် စောစောက ပြောသလို အင်အား သုံး လုပ်နေကြရင် အဖြေမရနိုင်ဘူး။ ဆက်တိုက်ရင် ဆက်နာမှာပဲ။ ဒါကြောင့် နည်းလမ်းရှာပြီးတော့ ဆွေးနွေးတဲ့နည်းလမ်းက အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။


TREND ။        ။ အစိုးရက ငြိမ်းချမ်းရေးတံခါးဖွင့် ပြီးတော့ လက်နက်ကိုင်အဖွဲ့‌တွေကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ထားတာ အားလုံးသိကြပါတယ်။ ဒီလမ်းကြောင်း ပေါ်တချို့ဘာကြောင့် ရောက်မလာနိုင်ကြသေးတာလဲ။
KOK      ။        ။
အဲဒါကတော့ လက်နက်ကိုင်တစ် ဖွဲ့ချင်းစီအပေါ် မူတည်မှာပါ။ ဒီလမ်းကြောင်းပေါ် ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတိုင်းကြီး တင်းနေလို့တော့ မရပါဘူး။ နှစ်ဖက်လုံးပေါ့။ အချိန်ကာလ တစ်ခုမှာတော့ ဒီလမ်းကြောင်းပေါ်မှာ ဆုံနိုင်ပါတယ်။ ကိုးကန့်နဲ့လည်း တစ်ခါ ထပ်တွေ့နိုင်တယ်။ ပလောင်နဲ့ကတော့ တစ်ခါတွေ့ပြီးပြီ၊ နောက်ထပ်တစ်ခါ ထပ်တွေ့နိုင်သေးတယ်လို့ မြင်တယ်။ အဲဒီ ဆွေး‌နွေးပွဲအစ ဖြစ်လာပြီဆိုရင်တော့ ဆွေးနွေးရေးလမ်းကြောင်းက ဆက်လက်ဖြစ် သွားမယ်လို့ ကျွန်တော်တော့ အဲဒီလို မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က ထဲထဲဝင်ဝင် သိပ်မပါတော့ ဒီအခြေအနေတွေအပေါ် သိပ်ပြီး မသုံးသပ်ချင်ပါဘူး။ ကျွန်‌တော်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ထဲမှာ လှုပ်ရှားနေတယ်ဆိုရင်တော့ ဝေဖန်သုံးသပ်တာ၊ ပြောကြားတာတွေ လုပ်လို့ရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရပ်တန့်နေတဲ့ အနေအထား ဖြစ်နေတော့ ဘာမှကို လုပ်လို့မရသေးဘူး။


TREND ။        ။ ကိုးကန့်တို့၊ ပလောင်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ တိုက်ပွဲပဋိပက္ခ အခြေအနေတွေက ဘယ်လိုထူးခြားမှုမျိုး မြင်မိလဲ။
KOK      ။        ။
သိပ်တော့ မမြင်ရသေးဘူး။ ကိုးကန့်နဲ့ကတော့ တိုက်ပွဲတွေ ရပ်သွားတယ်လို့ မြင်တယ်။ ကိုးကန့်ထိန်းချုပ်ထားတယ်ဆိုတဲ့ နယ်မြေတွေမှာတော့ ပဋိပက္ခတွေ မရှိဘူးပေါ့။ ပလောင် ထိန်းချုပ်ထားတယ်ဆိုတဲ့ နယ်မြေတွေမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ ကြားတယ်။ နောက် ရခိုင်က AA ထိန်းချုပ်ထားတယ်ဆိုတဲ့ နယ်မြေတွေမှာလည်း တိုက်ခိုက်တာတွေရှိ တယ်လို့ ကြားပါတယ်။


TREND ။        ။ နောက်ထပ်မေးခွန်းတစ်ခုက ပအိုဝ်းအမျိုးသားနေ့ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီး ပြောကြပါဦး။
KOK      ။        ။
ပအိုဝ်းအမျိုးသားနေ့က ကျွန်တော်က သထုံမှာပါ။ သထုံအမျိုးသားဗိမာန်မှာ ကျင်းပ ပါတယ်။ ဒါပေမဲ့ အဲဒါက မွန်ပြည်နယ်ရဲ့ ကိုယ်စားပေါ့။ မွန်ပြည်နယ်ကို ကိုယ်စားပြုပြီး ကျင်းပတဲ့ ပအိုဝ်းအမျိုး သားနေ့ပေါ့။ အဲဒီအခမ်းအနားကို ကျွန်တော်ပါဝင် တက်ရောက်ဖြစ်ခဲ့ပါတယ်။ အမျိုးသား‌ နေ့ရဲ့ အနှစ်သာရကတော့ ပအိုဝ်းအမျိုးသားတွေက လူမျိုးတစ်မျိုးဖြစ်တယ်။ သူ့ရဲ့ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးကို ရရှိစေရမယ်။ အဲဒီလို ရရှိစေဖို့အတွက်ကလည်း ညီညွတ်ရေး တည်ဆောက်ပြီးတော့ ရယူရမှာပေါ့ဗျာ။ ငြိမ်းချမ်းတဲ့ နည်းနဲ့ ရယူရမယ်။ ညီညွတ်ရေး တည်ဆောက်ရမယ်။ လက်ရှိ ပအိုဝ်းအမျိုးသားတွေက နိုင်ငံရေးအရ မညီညွတ်ကြဘူး။ လက်နက်ကိုင်အဖွဲ့တွေကလည်း မညီ ညွတ်ကြဘူး။ အဲဒါကြောင့် ဒီလို ညီညွတ်မှု မရှိတဲ့အခါကျတော့ ပအိုဝ်းအမျိုးသားတွေက ရသင့် ရထိုက်တဲ့ အမျိုးသား အခွင့်အရေးတွေက မရဘူးပေါ့။ တခြားလူမျိုး‌တွေနဲ့စာရင် အမျိုးသားအခွင့်အရေးတွေ မရကြဘူးပေါ့။ အဲဒါက ပအိုဝ်းအမျိုးသားနေ့မှာ တိုက်တွန်းတဲ့သဘောပါ။ အနှစ် သာရက အဲဒါပါပဲ။


TREND ။        ။ ခွန်သူရိန်ဦးဆောင်တဲ့ PNLO ခွဲထွက်အဖွဲ့က ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားလုပ်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ ပအိုဝ်းပြည်နယ် အပါအဝင် ပြည်နယ်သစ်များပေါ်ထွန်းရေးဆိုတဲ့ ရည်ရွယ်ချက်ထဲမှာပါတော့  ဒီအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
KOK      ။        ။
ကျွန်တော်သိပ်ပြီး မဝေဖန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ခါတော်မီဗျ။ သူ တို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီရောက်မှ အာဏာရှင်ဆန့် ကျင်ရေးဆိုပြီး အော်ခဲ့တာ။ တပ်မတော်က အာဏာစထိန်းစဉ်အခါတုန်းက သူတို့ ဘာမှမအော်ခဲ့ဘူး။ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ အဲဒီလို သုံး၊ လေးနှစ်လောက်က သူတို့ မှိန်းပြီးနေလာခဲ့တာ။ အဲဒီလို နေလာခဲ့ပြီးတော့ ၂၀၂၄ ကျမှ ဆက်ဆံရေး အဆင်မပြေတဲ့အခါကျတော့ အာဏာရှင်ဆန့်ကျင်ရေးဆိုပြီးတော့ အားကုန်ထအော်ခဲ့တယ်။ အဲဒီလိုအော်ပြီးတော့ အနှောင့်အယှက်ထလုပ် တဲ့ပုံစံပါပဲ။ ဒါပေမဲ့ သူတို့အဖွဲ့က နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘာမှပေါက်မြောက်တဲ့သဘော မရှိပါဘူး။ သို့‌သော်လည်းပဲ ဣန္ဒြေဆယ်တဲ့အနေနဲ့ အရှက်ပြေ ပေါ့ဗျာ။ အဲဒီလို အွန်လိုင်းက‌နေပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ပအိုဝ်းအလုပ်သမားတွေ၊ လူငယ်အမျိုးသမီးတွေကို မဲဆွယ်၊ မဲဝယ်လုပ်တာပေါ့။ ဒါပေမဲ့ သိပ်ပြီးတော့ ပေါ်ပြူလာဖြစ်တယ်လို့တော့ မပြောနိုင်ပါဘူး။ အခု ပအိုဝ်း အမျိုးသားတွေမှာ အရေးတကြီး လိုအပ်နေတာက ညီညွတ်ရေးပဲ။ ပအိုဝ်းအမျိုးသား ညီညွတ်ရေးပဲဆိုတော့  လူနည်းစုဖြစ်နေတဲ့အပြင်ကို ညီညွတ်ရေးကို မတည်ဆောက်နိုင်ရင်တော့ နိုင်ငံရေးအရ ဘာစံတန်ဖိုးမှလည်း ရှိမှာမဟုတ်ဘူးဗျ။ အဲဒီလောက်ပါပဲ။


TREND ။        ။ ပအိုဝ်းအမျိုးသားတွေ ညီညွတ်မှုရှိဖို့နဲ့ ရသင့်ရထိုက်တဲ့ အမျိုးသားအခွင့်အရေးတွေရဖို့ ဘယ်လိုမျိုးကြိုးပမ်းသင့်လဲ။
KOK      ။        ။
ဒါကတော့ နိုင်ငံရေး အခွင့်အလမ်းပေါ်ရင် နိုင်ငံရေးနဲ့လုပ်ပေါ့။ ဥပမာ ရွေးကောက်ပွဲလိုဟာမျိုး အခွင့်အလမ်းပေါ်ရင် နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ပေါ့။ ပြည်နယ်အဆင့်ဆိုရင်လည်း ပြည်နယ်လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ရအောင်၊ ပြည်နယ်အစိုးရ အဖွဲ့ထဲဆိုရင်လည်း အဖွဲ့ဝင်ရအောင် နိုင်ငံရေးအရ ကြိုးစားရမှာပေါ့။ငြိမ်းချမ်းတဲ့ နည်းလမ်း၊ နိုင်ငံရေး နည်းနဲ့ ဒီလိုမျိုးပဲ ကိုယ့်ရဲ့ရသင့်ရထိုက်တဲ့ အမျိုးသားအခွင့်အရေးတွေရဖို့ ကြိုးပမ်းကြရမှာပေါ့။ ပြီးတော့ လူမျိုးညီညွတ်ရေး၊ လူမျိုးညီ ညွတ်ရေးကလည်း ကိုယ့်အထဲမှာ အရင်ညီညွတ်ပြီးတော့မှ တခြားလူမျိုး စုနဲ့ ညီညွတ်ရတာကိုး။ ဒါကို ပုံမှန်တော့ သွားနေပါတယ်။ ဒါပေမဲ့ NCA လည်း ရှိနေပါတယ်။ သူ့အခွင့်အခါ ပေါ်လာရင်တော့ NCA လမ်း ကြောင်းလည်း ပြန်ပြီးတည့်မတ်ပြီးတော့ အလုပ်လုပ် နိုင်မယ့် အဆင့်ဖြစ်လာနိုင်ပါတယ်။ လက်ရှိရွေးကောက်ပွဲ မိုးလေဝသနီးလာရင် NCA လည်းပဲ လိုက်ပါလာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် NCA လုပ်ငန်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေက လက်ရှိ သွားမယ့် ရွေးကောက်ပွဲ လမ်းစဉ်တွေနဲ့ သိပ်မကွာနိုင်ပါဘူး။ ဒါက တွဲပြီးတော့ ထွက်လာနိုင်တဲ့ လုပ်ငန်း စဉ်‌တွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှု မရှိဘူး၊ တည်ငြိမ်မှု မရှိဘူးဆိုရင် ရွေးကောက်ပွဲလည်း လုပ်လို့မရပါဘူး။  အဲဒီလောက်ပဲ သုံးသပ်ချင်ပါတယ်။


TREND ။        ။ ရွေးကောက်ပွဲအောင်မြင်ရေး EAO တွေဘက်က ဘယ်လို ပံ့ပိုး ကူညီမှုမျိုးတွေ လုပ်ပေးသင့်လဲ။
KOK      ။        ။
ရွေးကောက်ပွဲက NCA EAO တွေနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး။ အဓိကကတော့ ပြည်သူလူထုနဲ့ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ ဆိုင်တယ်။ ဒါကြောင့် နိုင်ငံရေးပါတီ‌တွေ၊ ပြည်သူလူထုတွေက လုပ်နိုင်ကိုင်နိုင်အောင်တော့ နားလည်မှုပေးရမှာပေါ့။ စစ်မှန်တဲ့ ကိုယ်စားလှယ်ရအောင်၊ ကိုယ့်အမျိုးသားနိုင်ငံရေးကို ဒီမိုကရေစီနည်းနဲ့ ရွေးချယ်နိုင်အောင် ဒါကိုတော့ ကျွန်တော်တို့က ကူရမှာပေါ့။ ကျွန်တော်တို့ EAO ကိုယ်တိုင်ကတော့ ရွေးကောက်ပွဲမှာ တိုက်ရိုက်ပါခွင့် မရှိပါဘူး။ နိုင်ငံရေးအရ ပြေလည်မှု၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ ရပြီဆိုရင်တော့ ရွေးကောက်ပွဲက ပိုအောင်မြင်မယ်။ ညှိနှိုင်းမှု၊ ပြေလည်မှု မရှိဘူး၊ ပဋိပက္ခကြားထဲမှာ ဆိုရင်တော့ အောင်မြင်မှု အားနည်းနိုင်တယ်လို့ပဲ သုံးသပ်လို ပါတယ်။


TREND ။        ။ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 ကို သုံးရက်ကျင်းပမယ်။ ဒီငြိမ်းချမ်းရေး စကား ဝိုင်းမှာ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အနာဂတ်အလားအလာ၊ ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေါ်ရေးစတဲ့ အကြောင်းအရာတွေ ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ Peace Talk 2025 ကျင်းပလာတဲ့အပေါ် ဘယ်လိုသုံးသပ်မိလဲ။
KOK      ။        ။
ကျွန်တော်လည်း ဒီပွဲကို တက်ဖို့ အားခဲထားတာပဲ။ နောက်က အရေးတကြီး အလုပ်က ပေါ်လာလို့ အရေးပေါ်ကိစ္စနဲ့ ချင်းမိုင်ပြန်ဖို့လိုတာနဲ့ မတက်ဖြစ်ဘူး။ နောက်ပိုင်းမှာ အရေးပေါ်ကိစ္စပေါ်နေလို့ ကျွန်တော်လည်း မပြန်မဖြစ်  ဖြစ်သွားတာပါ။
    ကျွန်တော်ကြည့်တာကတော့ အပေါင်းလက္ခဏာဘက်ကို ဦးတည်တာပေါ့။ အရင်တုန်းက ဒီလိုဆွေးနွေးပွဲမျိုး နေပြည်တော်မှာ လုပ်ခွင့်မရဘူးဗျ။ နောက်ပြီးတော့ ခေါင်းစဉ်တွေကလည်း ဝေေ၀ ဝါးဝါးဖြစ်ခဲ့တာပေါ့။ အခုကျတေ့ာ အနာဂတ်အတွက် တည့်တည့်ဝေဖန်သုံး သပ်လို့ရအောင် ပညာရှင် တွေလည်း ခေါ်ထားတော့ ပွင့်လင်းမြင်သာမှုဘက်ကို အားကောင်းလာနိုင်ပါတယ်။ ၂၀၂၅ နဲ့ အနာ ဂတ်သွားတဲ့ပုံစံကို အုပ်စုလေးတွေခွဲပြီး ခေါင်းစဉ်လေးတွေနဲ့ ဆွေးနွေးတာ ပိုပြီးတော့ ဆွေးနွေး ခွင့်သာတယ်။ ပိုပြီးတော့ ရလဒ်လည်း ကောင်းကောင်း ထွက်မယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကတော အကြံပေးတာတွေ၊ ဆွေးနွေးတာတွေ နားထောင်တာမျိုး အချိန်သိပ်မရခဲ့ဘူး ဆိုတော့ အခု ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေ ထွက်လာရင် ဒါတွေကို အသုံးချလာ နိုင်တယ်လို့ မျှော်လင့်မိပါ တယ်။ ရလဒ်ဆိုတာကလည်း ပါဝင်ဆွေးနွေးတဲ့ သူတွေအပေါ်မူတည်တယ်။ သက်ဆိုင်ရာက ဘယ်လောက်အထိ ခွင့်ပြုလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ တကယ်လို့ ရလဒ်တွေကို အသုံးချလာ မယ်ဆိုရင်တော့ အကျိုးရှိလာမှာပါ။ မတ် ၂၇ တပ်မ တော်နေ့အပြီးမှာ တပ်မတော်နေ့ မိန့်ခွန်းတွေမှာတော့ ပေါ်လစီ ပျော့ပျောင်းတာတွေ ထွက်လာနိုင်တယ်လို့တော့ ခန့်မှန်းရပါတယ်။ ပြီးတော့ အခုလို ဆွေးနွေးပွဲ တွေကနေတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက် လာဖို့ဆိုတာက ပါဝင် ဆွေးနွေး နေကြတဲ့သူတွေအပေါ်မှာ မူတည်တာပေါ့။ ပြီးတော့ သက်ဆိုင်ရာက ဘယ်လောက်အထိ ခွင့်ပြုလဲ ဒီအပေါ်မှာလည်း မူတည်ပါ တယ်လို့မြင်ပါတယ်။ ဒီနှစ်က ရွေးကောက်ပွဲနှစ်လို့ ပြောထားတော့ အဲဒီလို ဆွေးနွေးပွဲတွေကနေ အဆင့်တစ်ဆင့် ရွေးကောက်ပွဲကို ချဉ်းကပ်သွားနိုင်တဲ့ နိုင်ငံရေးအရွေ့တွေ ထွက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ 


TREND ။        ။ ပဋိပက္ခလျှော့ချရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့ ဒါနဲ့ပတ်သက်ပြီး လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နယ်မြေတွေမှာ ဘယ်လို တွေ့ဆုံဆွေးနွေး မှုတွေလုပ်ပြီး နိုင်ငံ‌ရေးအားဖြင့် ဘယ်လိုအဖြေ ရှာသင့်လဲ။
KOK      ။        ။
ပြောဖို့တော့ ခက်ပါတယ်။ နိုင်ငံရေးအရ အပေးအယူတော့ လုပ်ရမှာပေါ့။ နိုင်ငံရေးအရ အပေးအယူကို အထူးသဖြင့် တိုင်းရင်းသားတွေလိုချင်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးပေါ့။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးမှာ ဘယ်အချက်တွေပါတယ်။ ဘယ်အချက်တွေ မပါဘူးဆိုတာ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးလိုက်ရင် ဆွေးနွေးဖို့ လမ်းစအများကြီး ပွင့်လာနိုင်တယ်။ ဖြေလျှော့မှုတော့ ရှိရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ရော၊ ယူထားတာရောက အခု မြောက်ပိုင်းအဖွဲ့တွေ ယူထားတဲ့ပုံစံက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထက်ကို မြင့်တယ်။ သိမ်းပိုက် နယ်မြေတွေမှာ အုပ်ချုပ်ရေး ချတာတို့၊ ဘာတို့ကျတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ထက်ကို နည်းနည်းပိုတယ်။ သို့သော်လည်းပဲ အဲဒီနေရာမှာ အပေးအယူ အလျှော့အတင်းတော့ ရှိရမှာပေါ့။ အဲဒါမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အဓိပ္ပာယ်ဖွင့်တဲ့နေရာမှာ ပညာသားပါပါနဲ့ ဆွေးနွေးပွဲတွေကနေ ထွက်လာရမှာပေါ့။ ကျွန်တော် အဲဒါတော့ မျှော်လင့်တယ်။ အခုက မြောက်ပိုင်းအဖွဲ့ တွေက ယူထားတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထက် မြင့်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက ပြည်ထောင်စု ယူနစ်ပေါ့။ ဖက်ဒရယ်ယူနစ်တွေကို  ကျင့်သုံးမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့။ အခုကျတော့ ပြည်ထောင်စုအပြင်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်သွားရင်တော့ နည်းနည်းများသွားပြီ။ ကွန်ဖက်ဒရေးရှင်း လိုဟာမျိုး၊ သီးခြားနိုင်ငံတို့လိုမျိုး ပြဋ္ဌာန်းရင်တော့ ဒီကိုယ်ပိုင် ပြဋ္ဌာန်းခွင့်က ဖက်ဒရယ်ပြည်ထောင်စု ဘောင်ထဲကမဟုတ် တော့ဘူးပေါ့။ အဲဒါလေး ညှိဖို့တော့ လိုအပ်တာပေါ့။ သူတို့အဲဒီမှာ ပလောင်နဲ့ တစ်ခါတွေ့ပြီ၊ ကိုးကန့်နဲ့ နှစ်ခါတွေ့ပြီးပြီ။ အဲဒီမှာ သူတို့ ကျွန်တော်ပြောတဲ့ ခန့်မှန်းတဲ့ ှိုနေတွေပဲ  ညှိကြမှာပဲ။ ဒါကြောင့် တရုတ်တို့၊ ရုရှားတို့၊ အိန္ဒိယတို့ ကူမယ်ဆိုရင် ပြည်ထောင်စုအတွင်းက ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကိုပဲ သူကူလို့ရတာကိုး။ နိုင်ငံတကာဥပဒေ အရဆိုရင်တော့ ပြည်ထောင်စုဘောင်နဲ့ လွတ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကူလို့မရဘူး။ ဒါကြောင့် ပြည်ထောင်စုအတွင်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပဲ ဖြစ်နိုင်ခြေများပါတယ်။ အခုကတော့ ပညာရှင်တွေကိုယ်တိုင်လာပြီး ဆွေးနွေးနေတာဆိုတော့ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာပါ။ အဲဒီနိုင်ငံတကာ ပညာရှင်တွေလာပြီး အကြံပေးတာကိုတော့ နည်းနည်း အလေး ထားလိမ့်မယ်လို့တော့ ယူဆပါတယ်။ 


TREND ။        ။ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အနာဂတ်အလားအလာကို ဘယ်လိုသုံး သပ်ချင်ပါလဲ။
KOK      ။        ။
အခု ကျွန်တော်တို့ NCA လမ်း ကြောင်းကနေ လျှောက်နေတဲ့ Peace Process ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အရှင်ပါပဲ။ Stand By ဖြစ်နေတဲ့သဘော၊ ကျန်တဲ့ လက်နက်ကိုင်တိုက်နေတဲ့ သူတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဝင်လာပြီဆိုရင် ကောင်းကျိုးပြုတာပေါ့။ မဝင်သေးဘဲနဲ့ ဒီလိုပဲ Bilateral ဆွေးနွေးနေတယ်၊ တစ်ဖက်ကလည်း Bilateral တိုက်နေတယ်ဆိုရင်တော့ တိုက်လိုက် ဆွေးနွေးလိုက် လုပ်နေရင်တော့ လောလောဆယ် NCA လမ်းကြောင်းဖြစ်တဲ့ Peace Process နဲ့ ဝေးနေဦး မှာပါ။ NCA လမ်းကြောင်းကျတော့ အပစ်ရပ်ပြီး ဆွေးနွေးတာကိုး။ အခု တိုက်ရင်း ဆွေးနွေးရင်း လုပ်နေတာက NCA လမ်းကြောင်းနဲ့တော့ မကိုက်ညီဘူးပေါ့။ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ Stand By ဖြစ်နေပါတယ်။ ဘက်ပေါင်းစုံက ပြင်ရမယ်လို့ပဲ သုံးသပ်မိပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.