တိုင်းရင်းသား လက်နက်ကိုင်တွေက စစ်ဘုရင်ဝါဒီ ကျင့်သုံးနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံ အခုလို မငြိမ်းမချမ်း ဖြစ်နေတာ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး (UPUP) ပါတီဒုဥက္ကဋ္ဌ ဦးညီညီလွင်နှင့် ဆက်သွယ်မေး မြန်းခြင်း

၂၀၂၅ မတ်  ၁၃

    ပဲခူးတိုင်းဒေသကြီးအခြေစိုက် ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေး (UPUP) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်ထံ ဆက်သွယ်၍ နယ်မြေဒေသအခြေအနေ၊ ရွေးကောက်ပွဲ အလားအလာ၊ PDF များ နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးနှင့်ပတ်သက်၍ NSPNC ကော်မတီနှင့်‌ တွေ့ဆုံစဉ် တင်ပြခဲ့မှုတို့ အပါအဝင် လက်ရှိ နိုင်ငံရေးအခြေအနေတွေအပေါ် သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ဘီလာရုစ် သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြော ကြားသွားပါတယ်။ ရွေးကောက်ပွဲ အခင်းအကျင်း ဘယ်လိုပုံစံမျိုး ဖြစ်လာဖွယ်ရှိလဲ။
UNNL    ။    ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ၂၀၂၅ ခုနှစ်အတွင်းမှာ လုပ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပါတီအနေနဲ့ ခန့်မှန်းသုံးသပ်မိတာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပေးထားချက်တွေပေါ့။ နစကဥက္ကဋ္ဌရဲ့ နိုင်ငံတော်မိန့်ခွန်းတွေ၊ နိုင်ငံတော် အခမ်းအနားတွေမှာ ပြောကြားချက်တွေ၊ UEC ဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေကို သုံးသပ်မိတာကတော့ ၂၀၂၅ ထဲမှာ ရွေးကောက်ပွဲ ဖြစ်မလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲဟာ Pre လောက်တော့ ဖြစ်မယ်လို့ သုံးသပ်မိတယ်။ Pre Election လောက်တော့ ဖြစ်မယ်လို့ ခန့်မှန်းသုံးသပ်မိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ကာလ ဘယ်လောက်သတ်မှတ်ပေးမလဲ။ အရင်တုန်းက မဲဆွယ် စည်းရုံးချိန်ကို သုံးလပေးတယ်။ Campaign ကာလ သုံးလပေါ့။ ဟိုတလောက UEC ဥက္ကဋ္ဌ နဲ့တွေ့တော့ အခုတစ်ခါ နှစ်လလောက်ပေးဖို့ လျာထားတယ်ဆိုတာ ပြောသွားတာကို မှတ်သားထား မိပါတယ်။ ယတိပြတ်တော့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သုံးသပ်တာက နိုဝင်ဘာ၊ ဒီဇင်ဘာ လောက်မှာတော့ Pre Election ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ တကယ့်ကို ရွေးကောက်ပွဲကျင်းပမယ့် ရက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၅ ထဲမှာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။ ၂၀၂၆ ဇန်နဝါရီ နောက်ပိုင်းပေါ့။ အဲဒီကာလတွေမှာပဲ ဖြစ်နိုင်ပါတယ်။
    ဘာကြောင့် ဒီလို သုံးသပ်မိလဲဆိုရင် ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့ တွေ့ခဲ့စဉ်အခါတုန်းက အသက်(၁၈)နှစ်ပြည့်ပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူစာရင်းပေါ့။ လ.ဝ.က ကနေ သန်းခေါင်စာရင်း လုပ်တဲ့အချိန်မှာ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိ သူစာရင်းကို  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် Date နဲ့ ဖြတ်လိုက်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကြီးမှာ မဲပေးရမယ့်အချိန်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ရှေ့ပိုင်းမှာ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာပါ။ အဲဒီ Date နဲ့ သတ်မှတ်ပြီးတော့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းဆိုပြီး ယူလိုက်တဲ့အတွက်ကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ရှေ့ပိုင်းမှာ Election ကြီး မဖြစ်နိုင်ဘူး၊ အဲဒီကာလ နောက်မှာပဲ ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။ ပြီးတော့ နိုင်ငံရေး အခြေအနေအရ ရွေးကောက်ပွဲကြီးက တစ်နေ့တစ်ရက်တည်းနဲ့ ပြီးမယ့်အနေအထားမျိုး မတွေ့ရဘူး။ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေး အခြေအနေတို့အပေါ်မှာ မူတည်ပြီးတော့ အပိုင်းလိုက်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ ၁၉၅၁ ခုနှစ် ဦးနုအစိုးရလက်ထက်က ဆိုရင်လည်း ဖဆပလ ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲကို ၁၁ လလောက် ကျင်းပခဲ့ရတာတွေ ရှိခဲ့တယ်။ အခုလည်း နစကကလုပ်မယ့် ရွေးကောက် ပွဲဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲလို တစ်ရက်တည်းနဲ့ ပြီးအောင် ကျင်းပမယ်လို့ မထင်ဘူး။ အပိုင်းလိုက်ပဲ သွားမှာပေါ့။ ဥပမာတည်ငြိမ်အေးချမ်းတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးအဲဒီလို တိုင်းဒေသကြီးတွေမှာ ပထမဦးစားအပေးအနေနဲ့ ကျင်းပပြီးတော့ မအေးချမ်းတဲ့ နေရာတွေမှာလည်း တည်ငြိမ်အေးချမ်းအောင်လုပ်ပြီး အပိုင်းလိုက် သွားလို့ရမှာပေါ့။ တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီး အပိုင်းလိုက်အပိုင်းလိုက် လုပ်သွားမှာဖြစ်လို့ ရွေးကောက်ပွဲ ဘယ်နေ့ပြီး မလဲဆိုတာကတော့ ခန့်မှန်းလို့ မရသေးပါဘူး။

TREND ။        ။ လက်ရှိ နိုင်ငံရဲ့အခြေအနေ အရပ်ရပ်တွေအပေါ် ပါတီတာဝန်ရှိသူတစ်ဦးအနေနဲ့ ဘာပြောချင်လဲ၊ ဘယ်လိုရှုမြင်သုံးသပ်လဲ။
UNNL    ။    ။
လက်ရှိ မြောက်ပိုင်း အခြေအနေကတော့ အရင်ထက်စာရင်ပြန်ပြီး တည်ငြိမ်လာတယ်။ AA ဆိုရင်လည်း ပဲခူးတိုင်းအစပ်၊ ဧရာဝတီတိုင်း အစပ်တို့မှာ တိုက်ခိုက်နေတာ တွေ့ရတယ်။ ပဲခူးဘက် အခြေအနေအရ ပြောရရင်လည်း လိုင်းပေါ်မှာ ပြောနေ၊ ရေးနေကြသလောက်တော့ မဟုတ်ဘူး။ လိုင်းပေါ်မှာက ပဲခူးတိုင်းအစပ် ဥသျှစ်ပင်ပေါ့။ အဲဒီဘက်မှာဖြစ်နေတဲ့ အခြေအနေ‌နဲ့ ပတ်သက်ပြီး ရေးနေ၊ ပြောနေကြတာ တွေရှိတယ်။ အဲဒီအခြေအနေကိုလည်း အစိုးရဘက်က ပိုင်ပိုင်နိုင်နိုင် ခုခံထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ် ပါတယ်။ သူတို့အနေနဲ့ ညောင်ကျိုးစခန်းတွေ ဘက်ကို ကျော်လာခြင်းလည်း မရှိဘူး။ ထိုနည်းလည်းကောင်းပဲ ဧရာဝတီအစပ်မှာ AA တိုက်ခိုက်နေ တာက ဒီလောက် မဟုတ်ပါဘူး။ နည်းနည်းပါးပါး လာတိုက်တာမျိုးပေါ့။ လက်ရှိ စစ်ရေးအခြေ အနေကတော့ အခုက စစ်မှုထမ်းတွေလည်း ခေါ်နေတာ အပတ်စဉ် (၁၀) ဖြစ်သွားပြီ။ အပတ်စဉ် (၁၁) တောင်ခေါ်မယ့် အနေအထားပါ။ တပ်မတော်ဘက်က ထိုးစစ်တွေ လုပ်လာမလား၊ ဒါ မှမဟုတ် ဆွေး‌ နွေးပွဲစကားဝိုင်းပေါ်ကိုပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရောက်လာမလား၊ ဒီအခြေအနေကိုတော့ ရှေ့ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပေါ့။ အခု နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားခရီး စဉ်ကလည်း နိုင်ငံရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိလိမ့်မယ်လို့ သုံးသပ်နေကြ ပါတယ်။ 

TREND ။        ။ ဒီအခြေအနေ ဖြစ်ပေါ်နေရတဲ့ အကြောင်းအရင်း‌ကိုရော ဘယ်လိုသုံးသပ်ချင်လဲ။
UNNL    ။    ။
အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်ရှိ အခြေအနေကြီးဟာ မသမာတဲ့ အတ္တနိုင်ငံရေး သမားတွေရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် လူငယ်တွေဟာ လမ်းမှားပြီး တောထဲကို ရောက်နေကြရတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်နေကြရတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကလည်း အမှန်အတိုင်းပြောရရင် လက်နက်ကိုင် တိုက်လာတာ နှစ်ပေါင်း ၇၀ ကျော်ရှိနေပြီ။ အခုလို အခြေအနေမျိုး၊ နယ်မြေစိုးမိုးတာမျိုး မလုပ်နိုင်ခဲ့ဘူး၊ မတိုက်နိုင်ခဲ့ဘူး။ အခု ဘာကြောင့် အဲဒီလို ဖြစ်နေတာလဲဆိုရင် အတ္တနိုင်ငံရေး သမားတွေရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့်၊ သူတို့ရဲ့ လှုံ့ဆော်မှုကြောင့် တောထဲကို ရောက်သွားတဲ့ PDF ဆိုတဲ့ မြန်မာလူငယ်လေးတွေက အဲဒီတိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကို ရောက်သွားကြလို့သာ သူတို့အင်အားတွေ များလာတာ။ MNDAA က အစ၊ TNLA ကအစ သူတို့ ဒီအခြေအနေ ဖြစ်လာတာလို့ သုံးသပ်မိပါတယ်။ အဲဒါက နိုင်ငံရေးပြဿနာကို နိုင်ငံ ရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်ကိုင်လမ်းစဉ်ကို သွားတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဲဒီလို သွားဖို့ကိုလည်း အတ္တနိုင်ငံရေးသမားတွေရဲ့ ဝါဒမှိုင်းတိုက်ပြီး တွန်းပို့ခဲ့ကြလို့ပဲ။ ပြီးတော့ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြောနေသလို ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး အဲဒါ‌တွေမဟုတ်ဘူး။ အခု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လုပ်လာတဲ့ ပုံစံက စစ်ဘုရင် ဝါဒီပဲ၊ လက်နက်ရဲ့ အရသာကို သူတို့ သိနေပြီ။ အခု နိုင်ငံတော်အစိုးရက NCA ဆိုတဲ့ လမ်းကြောင်းကြီး ဖွင့်ပေးထားတယ်။ NCA ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက် ကြမ်းခင်းဈေးပဲ။ သူတို့ကို ကြမ်းခင်းဈေး ပေးထားတယ်။ ဒီ NCA လမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို နိုင်ငံတော်အစိုးရက ဖွင့်ပေးထားတာပဲ။ အဲဒီလမ်းကြောင်းကနေ သူတို့လိုချင်တာတွေ တောင်းလို့ရတယ်။ လွှတ်တော်ပြင်ပ၊ နိုင်ငံရေးလမ်းကြောင်းကို Open ဖိတ်ခေါ်နေတယ်။ အခုလည်း ဖိတ်ခေါ်နေတယ်။ အမြဲတမ်းလည်း တံခါး ဖွင့်ထားတယ်။ NCA လမ်းကြောင်းက မလာဘဲနဲ့ လက်နက်ရဲ့ အရသာ‌တွေ့ပြီး လက်နက်ကိုင် စစ်ဘုရင်ဝါဒီ လုပ်တယ်။ ဖက်ဒရယ်အရေးဆိုတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သယံဇာတ ခွဲ‌ဝေမှုပေါ့။ အခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ  ဖက် ဒရယ်အရေးတောင် မဟုတ်တော့ဘူး။ ကိုယ်ပိုင်တပ်လို ဟာမျိုး၊ Confederate ပုံစံမျိုး သွားချင်နေကြ တာ။ ပြောရရင် 'ဝ'အဖွဲ့ရဲ့ မော်ဒယ်ကို ကျန်တဲ့ တိုင်းရင်းသား လက်နင်ကိုင်တွေက လိုက်ယူနေတဲ့ပုံစံ ဖြစ်နေတယ်။ အဲဒါတွေ ဖြစ်လာပြီးတော့ လက်နက်ရဲ့ အရသာ‌တွေ့လာတယ်၊ လက်နက်ကို မစွန့်လွှတ်ချင်ဘူး။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်တဲ့ဆန္ဒမရှိဘူး၊ ဖက်ဒရယ်သွားချင်တဲ့ ဆန္ဒမရှိကြဘူး။ ဒီအခင်းအကျင်းတွေ ကြောင့်ပဲ မြန်မာနိုင်ငံမှာ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာပေါ့။ အမှန်တကယ်ဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပ‌ဒေ ဇယား(၂)ပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တကယ်လုပ်ပိုင်ခွင့်ပေးပြီးသား။ Power Sharing, Resources Sharing တွေ ဇယား(၂)မှာ အကုန်ပေးပြီးသား။ ဇယား(၃)မှာဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ၊ သယံဇာတတွေ၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ခွင့် သူတို့အကုန်ပေးထားပြီးသား။ ဇယား(၂၊ ၃၊ ၄၊ ၅)တွေမှာ သေချာပြန်လေ့လာလို့ရှိရင် ဖက်ဒရယ်ကို တော်တော်ပေးထားပြီးသားပါ။ သူတို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေါ့။ အဲဒါတွေက ဥပဒေအရ ပေးထားပြီးသား။ အဲဒါကိုမှ မကျေနပ် မရောင့်ရဲနိုင်ဘဲနဲ့ နောက်ဆုံး ဘာသာက အစ၊ စာပေကအစ ငါတို့ပြည်နယ်၊ ငါတို့ဘာသာ၊ ငါတို့ စာပေ၊ နောက်ဆုံးပြောရရင် မြန်မာစကားကို နိုင်ငံသုံး ဘာသာစကားအဖြစ် သတ်မှတ်တာတောင် သူတို့မကြိုက်ဘူး။ ဒါက သူတို့ရဲ့ လောဘပေါ့။ စစ်ဘုရင်ဝါဒီ ကျင့်သုံးနေတဲ့ အတွက်ကြောင့် မြန်မာ နိုင်ငံ အခုလို မငြိမ်းမချမ်း ဖြစ်နေတာ။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာလို့ သုံးသပ်မိပါတယ်။

TREND ။        ။ အတ္တနိုင်ငံရေးသမားတွေရဲ့ ဝါဒမှိုင်းကြောင့် လူငယ်တွေ လမ်းမှားရောက်နေရတဲ့ အ‌ခြေအနေနဲ့ ဒီလူငယ်တွေ နိုင်ငံတော်ရင်ခွင်ကို ပြန်လည်ဝင်ရောက်မှု များပြားလာစေဖို့ NSPNC ကော်မတီနှင့်‌ တွေ့ဆုံစဉ်မှာ ပါတီအနေနဲ့ တင်ပြဖြစ်ခဲ့ပုံကို ပြောပြပါဦး။
UNNL    ။    ။
ပြောရရင်တော့ ပြီးခဲ့တဲ့ရွေး ကောက်ပွဲ မဲမသမာမှုတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီဖြစ်စဉ် ဖြစ်ခဲ့တယ်။ အာဏာထိန်းတဲ့ ဖြစ်စဉ်ဖြစ်တယ်။ အဲဒီနောက်မှာ ပါတီကြီးတစ်ခုကပဲ ပါတီလွှတ်တော်ကိုယ်စားလှယ် အမတ်‌တွေအားလုံးက သူတို့ပဲ လူငယ်တွေကို သွေးခွဲဖြား‌ယောင်းပြီးတော့ သူတို့ကိုယ်တိုင်ပဲ တောထဲရောက်သွားကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုမြို့ရွာတွေမှာ၊ ရပ်ကွက်တွေထဲမှာ ရဟန်းရှင်လူ ပြည်သူတွေ သတ်ဖြတ်ခံရတာ၊ မိုင်းခွဲဗုံးထောင် လုပ်ရပ်တွေဟာ အဲဒီပါတီက လူတွေ၊ အဲဒီပါတီကို ဝန်းရံတဲ့သူတွေကပဲ ကျူးလွန်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါက အဖြေပဲလေ။ အဲဒီကလေးတွေကပဲ လက်ရှိ အသက်(၂၀) ဝန်းကျင် PDF ကလေး တွေ ဖြစ်လာတယ်။ ဘာမှမသိနားမလည်တဲ့ ကလေးတွေကို ဝါဒမှိုင်းတိုက်တယ်။ စည်းရုံးလှုံ့ဆော်ပြီးတော့ပဲ တောထဲကို မရောက်ရောက်အောင် တွန်းပို့ခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီကလည်း ပြီးခဲ့တဲ့ NSPNC နဲ့ တွေ့ဆုံတဲ့ ပွဲတုန်းကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြခဲ့ တာလေးရှိပါတယ်။ အတ္တနိုင်ငံရေးသမားတွေရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် တောထဲကိုရောက်သွားတဲ့ လက်နက်ကိုင် PDF တွေကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့၊ နိုင်ငံ တော်ရင်ခွင်၊ မိဘရင်ခွင်ကို ပြန်လာကြဖို့ ဖိတ်ခေါ်ပေး ပါဆိုတာမျိုး တင်ပြခဲ့တယ်။ အဲဒီလို တင်ပြခဲ့မှုနဲ့ပတ် သက်ပြီးတော့ နိုင်ငံတော်မှာရှိတဲ့ သက်ဆိုင်ရာတာ ဝန်ရှိ လူကြီးမင်းများက ဥပဒေအရ ကြည့်ပြီးတော့မှ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးပြီး စဉ်းစားပေးမယ်။ အားလုံး ပြန်လာပါဆိုပြီး ပြည်တွင်းပြည်ပက လူငယ်တွေကို ဖိတ်ခေါ်ထားတာရှိပါတယ်။ ဒါကလည်း ကျွန်တော်တို့ပါတီရဲ့ တင်ပြချက်တွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံတော်က ဆောင်ရွက်ပေးတာလို့ပဲ နားလည်မိပါတယ်။ဆိုတော့ အတ္တနိုင်ငံရေးသမားတွေရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းမှားရောက်နေတဲ့ လူငယ်တွေကို သူတို့ရဲ့ မိဘရင်ခွင်ကို ပြန်လာစေချင်ပါတယ်။
    ကျွန်တော်တို့က မိဘချင်းကိုယ်ချင်းစာစွာနဲ့၊သားသမီးချင်း ကိုယ်ချင်းစာစွာနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လူငယ်တွေ မဆုံးရှုံးအောင် မျှော်ကိုးပြီးတော့ ဖိတ်ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အခု လူငယ်တွေက နိုင်ငံရဲ့ တကယ့်လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးနေရတယ်။ ရပ်ကွက်တွေထဲ မြို့တွေ၊ ရွာတွေမှာဆိုရင်လည်း လူငယ်တွေက မရှိသလောက်ပဲလေ။ ကျေးရွာတွေမှာဆိုရင် နိုင်ငံရဲ့ တကယ့်အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ရမယ့် လူငယ်တွေမရှိဘဲ သက်ကြီးရွယ်အို တွေပဲရှိတယ်။ လယ်တွေရောင်းချပြီး နိုင်ငံခြားကို ထွက် ကုန်ကြတယ်။ နိုင်ငံခြားမထွက်တဲ့သူတွေက လက်နက် ကိုင် သောင်းကျန်းသူတွေဆီ ရောက်သွားကြတယ်။ သောင်းကျန်းသူတွေက ဒီလူငယ်တွေကို လက်နက်တပ် ဆင်ပေးတယ်၊ လေ့ကျင့်ပေးတယ်။ ပြီးရင် ဒီလူငယ်တွေကို ရှေ့တန်း ပို့တယ်ဆိုတော့ သောင်းကျန်းသူတွေက ဒီအခြေအနေ ဖြစ်လာတယ်။ ဒါဟာ တိုင်းပြည်အတွက် အရမ်းနစ်နာတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည် အမြန်အေးချမ်းဖို့ လိုတယ်၊ လူငယ်တွေ ပြန်လာကြဖို့လိုတယ်။ အဲဒီလို လူငယ်တွေ ပြန်လာနိုင်အောင်လည်း နိုင်ငံတော်က လမ်းစဖွင့်ပေးထားတယ်။

TREND ။        ။ လက်နက်ရဲ့ အရသာသိနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အခုသွားနေတဲ့ပုံစံကို ဘယ်လို အနေအထားလို့ သုံးသပ်မိလဲ။
UNNL    ။    ။
အခုဆိုရင်ဗျာ တိုင်းရင်းသားလက် နက်ကိုင်ပဲဖြစ်ဖြစ်၊ PDF လူငယ်လေးတွေပဲဖြစ်ဖြစ် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင်တော့ တချို့ ပြန်လာချင်ပုံမရဘူး။ ဘာကြောင့်လဲ‌ဆိုရင် ငွေရှာရလွယ်တယ်ဗျာ။ လမ်းပေါ်ထွက် ဂိတ်ဖွင့်တောင်းလို့ရနေတယ်။ ဒီအခြေအနေဆိုတော့ ဒါက တရားဝင်လုပ်ပိုင်ခွင့်ရနေသလို ဖြစ်တယ်။ ပြီးတော့ လက်နက်ကလေး လက်ထဲ ရောက်လာတော့ သွေးကြွသွားမယ်၊ ပစ်မယ်ခတ်မယ်၊ အခွန်ကောက်တာ၊ ဆက်ကြေးကောက်တာတွေ လုပ်မယ် ငွေရှာရလွယ်တယ်။ ဒါက လက်နက်ရဲ့ အရသာ သိနေကြတာ။ PDF ကလေးတွေကအစ အဲဒီလိုဆိုတော့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ‌ဆိုရင် ဘယ်လောက်အထိ အရသာသိနေကြပြီလဲ။ သူတို့က Might is Right  ပေါ့။ အားကြီးသူ အနိုင်ရသော  အယူအဆ၊ အင်အားကြီးသူက အနိုင်ဆိုတာမျိုး အဲဒီ Method ကို သုံးနေတာပေါ့။ အင်အားကြီး‌အောင် လုပ်ပြီးတော့ နယ်မြေတွေ စိုးမိုးတာတို့၊ နယ်‌မြေတွေ သိမ်းတာတို့တွေ လုပ်နေတာဟာ  Might is Right ပေါ့။ ဒီအယူအဆကို သုံးတာက အင်မတန်ကို ရိုင်းစိုင်းတဲ့၊ ယဉ်ကျေးမှုမရှိတဲ့ သူတွေ သုံးတယ်လို့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ အနေနဲ့ သုံးသပ်ပါတယ်။ အမှန်ကတော့ Right is Right ဖြစ်ရမှာပေါ့။ ဒါက ယဉ်ကျေးတဲ့ လူ့အသုံးအဝိုင်း၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ တိုင်းပြည်ကို မပြိုကွဲစေလိုတဲ့ သူတွေပေါ့။ ဒါကြောင့် Right is Right  ဖြစ်သင့်တာပေါ့။ ဒါပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက လက်နက်ရဲ့အရသာကို သိနေတော့ Might is Right Method ကိုသုံးပြီး အားကြီးသူသာ အနိုင်ရဆိုတဲ့ စစ်ဘုရင်ဝါဒီလုပ်နေတာ။ လက်နက်အရသာ ဘယ်လောက် အထိသိနေပြီလဲဆိုရင် လက်နက်ကိုင်ခေါင်းဆောင်တစ် ဦးဆိုရင် နောက်ဆုံး အင်္ဂါဂြိုဟ်က လာတားလဲ တိုက်မှာပဲဆိုပြီး ပြောထားတာ။ သူတို့ လက်နက်အရသာ ဘယ်လောက်အထိ တွေ့သွားသလဲ‌ဆိုရင် သူတို့ လိုချင်တာ ဖက်ဒရယ်တောင် မဟုတ်ဘူးဆိုတာ သူတို့ရဲ့လုပ်တွေက သက်သေပြနေတာပဲလေ။ ဒါကြောင့်လည်း လက်နက်ကို စွန့်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်အစိုးရအနေနဲ့ သဘောထား ကြီးစွာနဲ့ စိတ်ရှည်ရှည်နဲ့ ဖိတ်ခေါ်မယ်၊ ဒါတွေက ကိုယ့်တိုင်းရင်းသားညီအစ်ကို အချင်းချင်းတွေမို့ စိတ်ရှည်ရှည်နဲ့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းပေါ် မရောက်ရောက်အောင် ဝိုင်းပြီး ကြိုးစားကြရမှာပါ။

TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင်တွေ  လက်နက်စွန့်ပြီး နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်ရောက်လာကြဖို့က ဘယ်လို အခြေအနေမျိုးမှာ ဖြစ်နိုင်မယ်လို့ သုံးသပ်မိလဲ။
UNNL    ။    ။
သူတို့က ဖက်ဒရယ်သွားချင်တယ်ဆိုပြီး လက်နက်ကိုင်ခဲ့တာပဲ။ ဖက်ဒရယ်ဆိုတာကတော့ စောစောကပြောသလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပေါ့ဗျာ။ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုး၊ ဘာသာတွေ၊ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ခွင့်ပေါ့။ ဒါပေမဲ့ အဲဒါတွေရဖို့က လက်နက်ကိုင်တိုက်လို့မရဘူး။ အဲဒါတွေရဖို့က နိုင်ငံရေးစားပွဲဝိုင်းကို လာမှရမှာ။ ပြောစကားလေးတစ်ခု ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဘယ်တော့မှ လက်နက်ကိုစွန့်ပြီးတော့ ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ လာရောက်ဖို့ဆိုတာမျိုး အဲဒီလမ်းကြောင်း သူတို့ရွေးချယ်မှာ မဟုတ်ဘူးတဲ့။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ ပါတီ‌ထောင်ပြီး ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ အစည်းအ‌ဝေးတစ်ခုမှာ EAO ခေါင်းဆောင်တစ်ဦးက ပြောဖူးခဲ့တယ်။ သူတို့လည်းဘယ်တော့မှ ပါတီ‌ထောင်ပြီး ရွေး ကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ ပြောဖူးတယ်။ သူတို့လို ချင်တာဖက်ဒရယ်၊ ဒါပေမဲ့ ဒီလက်နက်ကိုင်လမ်းစဉ်ကိုလည်း မစွန့်ချင်သေးဘူး ဆိုရင် ဟုတ်ပြီ သူတို့ကို ပေးထားချက်တစ်ခု ရှိတယ်။ NCA လမ်းကြောင်းရှိတယ်။ အဲဒီလမ်းကြောင်းကလာပါ။ နိုင်ငံတော်အစိုးရက NCA လမ်းကြောင်းကို လာရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးကို ဖိတ်ခေါ်ထားတာပဲ။ အဲဒီ NCA လမ်းကြောင်းကဆိုရင် ပါတီထောင်စရာ မလိုဘူးလေ။ NCA လမ်း ကြောင်းဆိုတာ လွှတ်တော်ပြင်ပလေ၊ ညောင်နှစ်ပင် ညီလာခံလိုပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေကိုလည်း ပြင်လို့ရတယ်။ 
    အခြေခံဥပ‌ဒေမှာ သူတို့လိုချင်တဲ့ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ သူတို့ပြည်နယ်ရဲ့ သယံဇာတ ခွဲဝေမှုတွေ၊ အခွန်အခဆိုင်ရာ ကိစ္စတွေ၊ သူတို့ရဲ့ လူမျိုး၊ ဘာသာအရေးတွေ ဖော်ထုတ်ချင်တာ၊ ကိုယ်ပိုင်စာပေတွေ အကုန်လုံး လုပ်လို့ရတယ်လေ။ အခု NCA လမ်းကြောင်းက လာတဲ့ NSPNC ငြိမ်းချမ်းရေး ကော်မတီနဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ၊ 7EAO Alliance တွေ ဆွေးနွေးနေတယ်။ သူတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမှာ တောင်းလို့ရတယ်။
    ကျွန်တော်တို့ အခု NSPNC နဲ့ ပါတီတွေ၊ EAO တွေ တွေ့ဆုံဆွေးနွေးနေတယ်‌ ဆိုတာကလည်း လွှတ်တော်မရှိခင်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးပဲ။ ကျွန်ဝောာ်တို့ ဆွေးနွေးနေတာတွေက ဒီမိုကရေစီနဲ့ ဖက်ဒ ရယ်အရေးတွေပဲ။ ဖက်ဒရယ်ကို ဦးတည်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပုဒ်မတွေကို ပြင်ဆင်ဖို့ ဆွေးနွေးနေတာပါ။ တပ်မတော်ဘက်က၊ နိုင်ငံတော်အစိုးရဘက်ကလည်း အများကြီး လိုက်လျောပြီး ပြင်ဆင်ဖို့အတွက် ညှိနှိုင်း‌ဆွေးနွေးနေတာပဲလေ။ ဒီလမ်းကြောင်းက သူတို့လာမယ်ဆိုရင် သူတို့လိုချင်တဲ့ ဖက်ဒရယ်ကို  ဒီမှာ တောင်းလို့ရတယ်ဆိုတာကို ပြောပြချင်ပါတယ်။ အခုက MNDAA တို့၊ TNLA တို့၊ AA တို့ သူတို့ နယ်မြေတွေ ဘယ်လိုပဲ သိမ်းထားသိမ်းထား သူတို့ကို ဘယ်သူမှ တရားဝင် အသိအ မှတ်မပြုဘူး။ ဒါတွေက လွှတ်တော်မှာပဲ တောင်းလို့ရတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42769

© 2022 - 2025 News. All Rights Reserved.