၂၀၂၄ ဇွန် ၂၄
" KIA က မြို့သိမ်း၊ မသိမ်းတော့ မသိဘူး။ ဒါပေမဲ့ အဲဒီ မြို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ မြို့ခံပြည်သူ လူထုက ဒုက္ခရောက်တာ အမှန်ပဲ"
ကချင်ပြည်နယ်အခြေအနေ၊ ပါတီလှုပ်ရှားမှု တွေအပါအဝင် လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့နှင့် ပတ်သက်ပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ် ရဲ့ထံ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒူးလေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့နှင့် ဆက်သွယ်မေးမြန်းခြင်း...။
TREND ။ ။ ပါတီမှတ်ပုံတင်ကျပြီးပြီဆိုတော့ လတ်တလော ပါတီလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေလဲ။
ULPY ။ ။ ကျွန်တော်တို့ကတော့ UEC က ညွှန်ကြား ချက်အတိုင်းပဲပေါ့လေ။ UEC ရဲ့ ညွှန်ကြား ချက်အရ ပါတီလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါက အရင်လို လူစုလူဝေးနဲ့တော့လုပ်လို့ အဆင်မပြေဘူး။ လက်ဖက်ရည်ဝိုင်းလောက်ပဲ လုပ်ပြီးတော့မှ စည်းရုံးရေးပုံစံနဲ့ သွားရတာပေါ့။ အဲ့ဒါက အခု ပါတီလုပ်ငန်းလုပ်နေတဲ့ လက်ရှိအခြေအနေပေါ့။ ခေတ်အခြေအနေအရ၊ နိုင်ငံရေး အခြေအနေတွေအရကတော့ သိပ်လှုပ်ရှားလို့ မရသေးဘူး။ အဓိကကတော့ ပါတီဝင်ဦးရေ စည်းရုံးဖို့ကတော့ UEC က လမ်းဖွင့်ထားပေးတယ်။ ပါတီဝင် လူဦးရေကလည်း UEC က သတ်မှတ်ထားတဲ့ လူဦးရေကတော့ ပြည့်သွားပြီ။ ပါတီကလည်း တရားဝင်ပါတီ ဖြစ်သွားပြီလေ။ ဒါပေမဲ့ ကျွန်တော်တို့က ဒါတင်မကဘူး၊ နောက်ထပ် ပါတီဝင်အင်အားတွေ ဆက်စည်းရုံးဖို့ အဲ့ဒီကိစ္စတွေ လုပ်နေတယ်။ ရွေးကောက်ပွဲကာလလည်း မရောက်သေးဘူး၊ ရွေးကောက်ပွဲ နေ့ရက်တွေလည်း မကြေညာသေးတော့ ကိုယ်စား လှယ်လောင်း စည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေး ပုံစံကတော့ အခုအချိန်မှာ လုပ်လို့မရသေးဘူး။ အခု ကျွန်တော်တို့ လုပ်လို့ရမှာက မြို့နယ်ပါတီ EC တွေနဲ့ တွေ့မယ်။ ရပ်/ကျေးစည်းရုံးရေးမှူး တွေနဲ့တွေ့မယ်။ အဓိကကတော့ အဲဒီဟာတွေ လုပ်နေတယ်။
TREND ။ ။ ပါတီရဲ့ မဲဆန္ဒနယ်မြေတွေက အဓိက ဘယ်မြို့နယ်တွေ ဖြစ်မလဲ။
ULPY ။ ။ ကျွန်တော်တို့က ကချင်ပြည်နယ် မှာကတော့ အကုန်လုံးနီးပါးပါပဲ။ ကချင်ပြည်နယ် တစ်ခုတည်းပဲ ပြည်နယ်ကိုယ်စားပြု စည်းရုံးဖို့ တင်ထားတဲ့ ပါတီဖြစ်တဲ့အတွက် ကချင်ပြည်နယ်ရဲ့ မြို့ နယ်တော်တော်များများက မဲဆန္ဒနယ်တွေ ဖြစ်တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ကတော့ အခု လက်ရှိ ၁၀ မြို့နယ်၊ ၁၁ မြို့နယ်လောက်တော့ လှုပ်ရှားနေတယ်။ အဲဒီနေရာ တွေကတော့ ပါတီရုံးခန်း ဖွင့်တယ်။ ပါတီအလုပ်အမှုဆောင်အဖွဲ့တွေ၊ ပါတီစည်းရုံးရေးမှူးတွေဖွဲ့တာတွေကိုတော့ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ဗန်းမော် စတဲ့ ၁၁ မြို့နယ်လောက်တော့ လုပ်နေတယ်။ လက်ရှိကတော့ ဗန်းမော်နဲ့ ဖားကန့်တွေကတော့ ဘာမှလုပ်လို့မရသေးဘူး။
TREND ။ ။ ပါတီလုပ်ငန်းဆောင်ရွက်တာတွေ လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံရတာ မျိုးရှိလဲ။
ULPY ။ ။ အခု လောလောဆယ်ကတော့ သွားရေးလာရေးကတော့ နည်းနည်းတော့ ခက်တာပေါ့။ သူ့မြို့နယ်နဲ့သူကတော့ လှုပ်ရှားနေတာပေါ့။ ဒါပေမဲ့ ဗဟိုဌာနချုပ်က လူတွေက မြို့နယ်တွေကို သွားပြီးမှ တွေ့ဆုံတာတို့၊ ဘာတို့ သွားတဲ့အချိန်မှာ နည်းနည်းတော့ အခက်အခဲရှိတယ်။ ရှိတယ်ဆိုတာက တချို့လမ်းကြောင်းတွေက သွားလို့မရတဲ့ လမ်းကြောင်းတွေရှိတယ်။ တချို့လမ်းကြောင်းတွေ ကျတော့လည်း သွားလို့တော့ရတယ်။ ဒါပေမဲ့ လေကြောင်းခရီးနဲ့ သွားရတယ်။ လေကြောင်းခရီးတွေ သွားရတဲ့အခါကျတော့ ပါတီရန်ပုံငွေတွေ သုံးတဲ့အခါကျတော့ ပါတီရန်ပုံငွေ အားနည်းလာတယ်၊ အဲဒါမျိုးရှိတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပေါ့။ ဘယ်လိုပုံစံ အခက်အခဲတွေ ကြုံတွေ့ရလဲဆိုတော့ နစကအစိုးရရဲ့ UEC ရဲ့ ဥပဒေအရ ပါတီမှတ်ပုံတင်တယ်။ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ပါတီပြန်လည်မှတ်ပုံတင်တဲ့ အဖွဲ့တွေကို သူတို့အနေနဲ့ ရန်သူလို သဘောထားနေတာရှိတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းက သွားရေးလာရေး နည်းနည်း ဂရုစိုက်ဆင်ခြင်ရတာပေါ့။ အခုတောင်မှ ကျွန်တော်တို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒူးလေးပါတီပေါ့။ ဒူးလေးပါတီက ခေါင်းဆောင်တွေကို သူတို့က ဖမ်းမယ်ပြုမယ်ဆိုတာမျိုး တရားဝင် စာထုတ်ထားတာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ တစ်ဆင့်စကားတစ်ဆင့် ပြောလာကြတာတွေရှိတယ်။
TREND ။ ။ဒူးလေးပါတီက ခေါင်းဆောင်တွေကို ဖမ်းမယ်ပြုမယ်ဆိုတာမျိုး ပြောလာတာက ဘယ်လက်နက်ကိုင်အဖွဲ့က ဖြစ်မလဲ။
ULPY ။ ။ ဒီဘက် ကချင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေပေါ့။ အဓိကကတော့ KIA ပါပဲ။ KIA က ဒူးလေးပါတီက ခေါင်းဆောင်တွေကို ဖမ်းမယ် ပြုမယ်ဆိုတာမျိုး အသံလွှင့်နေတာ။ ဒါပေမဲ့ တရားဝင် ဟိုလိုစာဖြန့်ထားတာတော့ ကျွန်တော်တို့လည်း မတွေ့ဘူး။ နီးစပ်တဲ့ မိတ်ဆွေအသိုင်း အဝိုင်းတွေက အဲဒီလို တော့ရှိတယ်။ သွားရေးလာရေး ဆင်ခြင်ပါဆိုတဲ့ သတိပေးတာတွေ ရှိတာပေါ့။ သတိပေးကြတာပေါ့။
TREND ။ ။လက်နက်ကိုင်အဖွဲ့တွေက တရားဝင်နိုင်ငံရေးပါတီတွေကို ရန်သူလို သဘောထားနေတာ၊ KIA က ပါတီခေါင်းဆောင်တွေကို ဖမ်းမယ်၊ ဆီးမယ်ဆို တဲ့ပုံစံမျိုး ပြောလာတဲ့အပေါ် ဘာပြောချင်ပါလဲ။
ULPY ။ ။ အဓိက ပြောချင်တာကတော့ ကျွန်တော်တို့အနေနဲ့က အမျိုးသားရေး၊ နိုင်ငံ့အရေး ဆောင်ရွက်တဲ့အဖွဲ့အစည်း၊ သူတို့ကလည်း ကချင်ပြည် နယ်လွတ်လပ်ရေးဆိုပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ ကျွန်တော်တို့ကတော့ လက်နက်မကိုင်ပေမယ့် စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးဆွေးနွေးဖို့ နိုင်ငံရေးစကားပြောဖို့ လုပ်နေတဲ့အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ဘာပဲပြောပြော အကုန်လုံးက ကောင်းတဲ့ အလုပ်တွေပဲ လုပ်နေတယ်။ လုပ်နေတဲ့ဟာကို ကျွန်တော်တို့ကို ဒီလိုခြိမ်းခြောက်တာတို့၊ ဒီလိုဆောင်ရွက်တဲ့ ကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ ဒါတွေကတော့ မလုပ် သင့်ဘူးလို့ ပြောချင်ပါတယ်။ အဓိက ပြောချင်တာကတော့ ကိုယ့်ပြည်နယ်က ဖွံ့ဖြိုးတိုးတက်နေတာကို ဆက်လက်ပြီးမှ ထိန်းသိမ်းသွားဖို့ လိုတယ်ပေါ့။ ဒါကို ပျက်စီးအောင်၊ ဒီဟာကို ဆုတ်ယုတ်သွားအောင်၊ ဆုတ်ယုတ် သွားနိုင်တဲ့ လုပ်ရပ်တွေပေါ့။ အဲဒါတွေ မလုပ်ဘဲနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ အဲဒီလို တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်တိုက်နေတာ နှစ်ပေါင်း ၇၀ ကျော် လာပြီလေ။ နှစ် ၇၀ ကာလအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်က လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးသွားပြီ။ နောက်တစ်ခုက ဒီလို တိုက်မယ်ခိုက်မယ်ဆိုရင် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဒါတွေကလည်း ဒီအတွက်ကုန်ကျစရိတ်၊ ဒီအတွက်ကုန်တဲ့ ငွေတွေကလည်း ဘယ်ကမှရတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သယံဇာတ တွေက ထုတ်ပြီးတော့ ရောင်းပြီးတော့မှ နိုင်ငံမှာရှိတဲ့ သဘာဝသစ်တွေက ထုတ်ရောင်းပြီးမှ၊ ဒါတွေလုပ်နေတဲ့အတွက် ဒီလိုသာ ရေရှည်သွားနေမယ်ဆိုရင် ကျွန်တော်တို့ ပြည်နယ်၊ ကျွန်တော်တို့ နိုင်ငံကလည်း လုံးပါးပါးသွားမယ်။ အဲဒီတော့ ဘာပဲပြောပြော တွေ့ဆုံညှိနှိုင်းပြီးမှ အကောင်းဆုံးသော အဖြေကိုရှာပြီးမှ ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားဖို့တော့ တိုက်တွန်းချင်ပါတယ်။
TREND ။ ။ ဗန်းမော်နဲ့ ဖားကန့်တွေမှာ ပါတီလုပ်ငန်းတွေ လုပ်လို့မရသေးဘူးဆိုတော့ အဲဒီနယ်မြေဒေသတွေရဲ့ အခြေအနေက ဘယ်လိုရှိနေလဲ။
ULPY ။ ။ အဲဒီဘက်မှာက အခြေအနေ တော်တော်ဆိုးတယ်။ အဲဒီဘက်မှာ လုံခြုံမှုလည်း မရှိဘူး။ လုံခြုံမှုမရှိတော့ ပါတီက အဖွဲ့တွေ ဘယ်မှ မလှုပ်ရှားဘဲ ငြိမ်နေတာပေါ့။ တိုက်ပွဲတွေရယ်လို့ မဟုတ်ဘူး။ မြို့တွင်းထဲမှာက အဖွဲ့အစည်းပေါင်းစုံက ရှိနေတဲ့အခါ ကျတော့ ပါတီက အဖွဲ့တွေလည်း စိုးရိမ်တာပေါ့။ စိုးရိမ်တော့ လောလောဆယ် လှုပ်ရှားမှုမလုပ်ဘဲ ငြိမ်နေတာပါ။
TREND ။ ။ ကချင်ပြည်နယ်ရဲ့ လက်ရှိ နယ်မြေအခြေအနေအပေါ် ဘယ်လို သုံးသပ်မိလဲ။
ULPY ။ ။ ကချင်ပြည်နယ်ရဲ့ ဒေသအခြေအနေကတော့ တော်တော်လေးကို စိုးရိမ်စရာ ဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ ဒေသကလည်း လမ်းပန်းဆက်သွယ်ရေး ပိုဆိုးတာနဲ့ သွားလို့မရ၊ လာလို့မရ၊ ကုန်စည်သယ်ယူပို့ ဆောင်လို့မရနဲ့ ဒေသခံပြည်သူတွေ ဒုက္ခရောက်တာတွေ အများကြီးပေါ့။ နောက်တစ်ခါ တိုက်ပွဲရှိတဲ့ ဒေသကလည်း တိုက်ပွဲရှိလို့၊ အဲဒီမှာ ပြေးရလွှားရနဲ့ အဲဒီလိုမျိုး အခြေအနေတွေ။ ပြောရရင် နေရင်းထိုင်းရင်းနဲ့ကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။ ဘယ်အချိန်မှာ၊ ဘယ်လို နေရာမှာ တိုက်ပွဲတွေ ဖြစ်လာမလဲ၊ တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် ပြေးရ၊ လွှားရပြီပေါ့။ နှစ်ဖက်ကြားထဲမှာ ညှပ်ပြီးမှ တိုက်ပွဲကြားထဲမှာ အညှပ်မခံရအောင်တော့ ပြေးရ၊ လွှားရ၊ ရှောင်ရတာပေါ့။ အဲဒါမျိုးကိုတော့ ကျွန် တော်တို့ ကချင်ပြည်နယ်က လူတွေကတော့ အဲဒီအတွက် စိုးရိမ်နေကြတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ကချင်ပြည်နယ်မှာက ဝိုင်းမော်တို့၊ ချီဖွေ၊ ဆော့လော်တို့၊ ဗန်းမော်၊ မန်စီ၊ မိုးမောက် တော်တော်များများပဲ။ တော်တော်များများ မြို့တွေမှာ အဲဒီအခြေ အနေရှိနေတယ်။ အခုက နည်းနည်းငြိမ်နေတာက မြစ်ကြီးနားရှိမယ်။ ပူတာအိုရှိမယ်။ ခေါင်လန်ဖူးတို့၊ မချမ်းဘောတို့ ရှိမယ်။ တနိုင်းတို့၊ ဘာတို့ကတော့ အချိန်မရွေး ထပ်ဖြစ်နိုင်တယ်။ တိုက်ပွဲတွေကတော့ KIA နဲ့ PDF ပူးပေါင်း ပြီးတော့ လက်ရှိတပ်မတော်နဲ့ ဖြစ်တာပေါ့။
TREND ။ ။ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ပြည်နယ်တွင်းမှာ စစ်ပွဲတွေ ဖော်ဆောင်နေတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါလဲ။
ULPY ။ ။ ဘာကြောင့် လုပ်သလဲဆိုတော့ ရှမ်းမြောက်မှာ တချို့လက်နက်ကိုင်အဖွဲ့တွေ လုပ်လာတာရှိတယ်လေ။ အဲ့ဒီအဖွဲ့တွေက မြို့တွေသိမ်းတယ်ဆိုတော့ KIA ကလည်း သူ့အနေနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေထဲမှာ သူ့အနေနဲ့ အင်အားအများဆုံး မဖြစ်ပေမယ့် ဒုတိယအများ ဆုံးလောက် ဖြစ်နေတဲ့ အဖွဲ့အစည်းဆိုတော့ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်လို့က မရတော့တဲ့ အခြေအနေဖြစ်လို့ ဒီတိုက်ပွဲတွေကို ဖော်ဆောင်တာလို့ပဲ မြင်တယ်။ ဆိုတော့ ဒီဟာအပေါ် အထူးတလည် သုံးသပ်စရာမရှိပါဘူး။ သူတို့အနေနဲ့ မြို့ သိမ်းတိုက်ပွဲတွေ ဆင်နွှဲမယ်ဆိုတဲ့အခါကျတော့ ဒါက သူတို့ကိစ္စပဲပေါ့။ လုပ်မယ်လို့လဲ KIA က ပြောထားတာ။ KIA က မြို့သိမ်း၊ မသိမ်းတော့မသိဘူး။ ဒါပေမဲ့ အဲဒီ မြို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ မြို့ခံပြည်သူလူထုက ဒုက္ခရောက်တာအမှန်ပဲ။ အဲဒီလို စစ်ရေးဖော်ဆောင်လာလို့ အခုက ဧရာဝတီမြစ်ရဲ့ အရှေ့ခြမ်း ဗန်းမော်တို့၊ မိုးမောက်တို့၊ မန်စီတို့၊ ဝိုင်းမော်တို့၊ ရွှေကူတို့ အဲဒီဘက် ခြမ်းတွေပေါ့။ နောက် ဖားကန့်တို့ဘက်မှာက လူထုတွေ ဒုက္ခရောက်နေတာ အများဆုံးတွေ့ရတယ်။ အခုပြေးနေကြရတယ်လေ။ မန္တလေးပြေးတဲ့သူကပြေး၊ မြစ်ကြီးနားပြေးလာသူက ပြေးလာပေါ့။ လုံခြုံတဲ့နေရာတွေကို သူတို့က ပြေးကြတယ်။ ဒီမှာ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်မြေမရှိတော့ဘူးဆိုပြီး တချို့လည်း အိမ်ခန်းငှား၊ အိမ်ငှားပြီး နေကြတာပေါ့။ တချို့ကျတော့လည်း သာသနာရေးကျောင်းတို့၊ ဘုန်ကြီးကျောင်းတို့၊ ခရစ်ယာန်ကျောင်းတို့မှာ သွားပြီးတော့ ခိုလှုံပြီးနေကြရတာပေါ့။ ဒီလို စစ်ရေးတွေ ဖော်ဆောင်လာတော့ ပြည်နယ်တွင်းမှာ ဆိုးကျိုးအနေနဲ့ကတော့ ပြေးရလွှားရတာ၊ ပြည်သူလူထု ဒုက္ခရောက်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားတာ တွေ ကြုံရတာပေါ့။
TREND ။ ။ အခုလို ဒုက္ခတွေ ကြုံတွေ့နေရတော့ ဒေသခံပြည်သူတွေရဲ့ စိတ်ခံစားမူတွေက ဘယ်လို အခြေအနေမျိုးတွေ့ရလဲ၊ KIA အပေါ် သူတို့ ဘယ်လို သဘောထားလဲ။
ULPY ။ ။ ထောက်ခံမှုတွေက အရင်ကထက်စာရင် အများကြီး၊အများကြီး လျော့သွားပြီ။ ကျွန်တော်တို့ မြင်ရသလောက် သိရသလောက်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တိုက်ပွဲတွေ ဖော်ဆောင်လာတဲ့ အခါကျတော့ အကုန်လုံး ဒုက္ခရောက်တယ်လေ။ အရင်တုန်းက ဒုက္ခရောက် တယ်ဆိုတာက နည်းနည်းလေး၊ မြို့အလိုက် ဒုက္ခမရောက်ဘူး။ အခုက တချို့ မြို့အလိုက်ကို ဒုက္ခရောက်တာ။ ဒါပေမဲ့ KIA ကို ထောက်ခံတဲ့ အချို့ တော့ရှိသေးတယ်။ နဂိုက ဘယ်ဘက်မှလည်း မရှိဘူး။ KIA ကိုလည်း မထောက်ခံဘူး၊ အေးအေးဆေးဆေး နေထိုင်လိုကြတဲ့ လူတန်းစားကတော့ တော်တော်လေးကို သူတို့ကို စိတ်ကုန်သွားပါပြီ။ အရင်တုန်းကတော့ တပ်မတော်က အာဏာထိန်းပြီး နောက်ပိုင်း လူထုကတော့၊ ဒေသခံလူထု တော်တော်များများကတော့ KIA ကို သူတို့ တပ်မတော်၊ သူတို့တပ်မတော်ဆိုပြီး ထောက်ခံမှု တော်တော်များများရှိခဲ့တယ်။ ဒါကြောင့်လည်း အခုလိုမျိုး မြို့ သိမ်းနိုင်တဲ့အင်အား၊ ထိုးစစ်ဆင်နိုင်တဲ့အင်အား၊ တိုက်ပွဲဖော်ဆောင်နိုင်တဲ့အင်အား သူတို့ဆီမှာ ရသွားတာပေါ့။ အဲဒီတော့ အရင်ကတော့ တော်တော်များများ ထောက်ခံခဲ့ကြတယ်။ အခုကျတော့ KIA အပေါ် ထောက်ခံမှု တော်တော်လျော့သွားပြီ။ သူတို့ကြောင့်သာ လမ်းတွေပိတ်တယ်။ သွားလို့မရအောင် ပိတ်တယ်ဆိုတော့ KIA ကပိတ်တယ်ဆိုရင် ဘယ်သူမှ မသွားရဲတော့ဘူး။ အထူးသဖြင့် ပူဝာာအိုမှာဆိုရင် သုံးလတင်းတင်း လမ်းတွေကို ပိတ်ဆို့ထားတော့ ဘယ်ကားမှလည်း သွားလို့မရ၊ ဘယ်ဟာမှသွားလို့ မရဆိုတော့ အဲဒီမှာ စက်သုံးဆီဆိုရင် တစ်ပုလင်းကို ခြောက်သောင်းတို့၊ ခုနစ်သောင်းတို့ အဲဒီလို ဖြစ်သွားတယ်လေ။ အခု ပူတာအို ဒေသခံတွေကတော့ KIA အပေါ် တော်တော်ကို စိတ်ကုန်နေ ကြပါပြီ။ ကျွန်တော်မြင်တာကတော့ တခြားမြို့နယ် ဘက်တွေမှာလည်း KIA အပေါ် စိတ်ကုန်တာပဲ။ ဗန်းမော်တို့၊ မန်စီ၊ မိုးမောက်တို့ဘက်မှာလည်း သူတို့လည်း တော်တော်လေး ဒုက္ခရောက်ကြတယ်။ အမှန်ကတော့ သူတို့တစ်တွေက ဘယ်လက်နက်ကိုင်အဖွဲ့မဆို ပြောလိုက်ရင် ပြည်သူအတွက်၊ ပြည်သူကောင်း စားဖို့ဆိုပြီး ပြောနေတာပဲ။ တကယ်တမ်းဖြစ်လာတော့ ပြည်သူတွေကောင်းစားဖို့ မပြောနဲ့၊ ရှိတာလေး တွေကို ထားရစ်ခဲ့ပြီး ထွက်ပြေးရတဲ့ အဆင့်တွေ ဖြစ်လာတယ်။ အဲဒီတော့ သူတို့အပေါ် မထောက်ခံ ကြတော့ဘူးပေါ့။ ဒါပေမဲ့ တချို့ကျတော့လည်း မထောက်ခံဘူးလို့ ဘယ်ပြောရဲ မလဲ။ တစ်ဖက်လက် နက်ကိုင်အဖွဲ့က ဥပဒေမှမရှိတာကိုး။ ဥပဒေမရှိတော့ မင်းကိုမထောက်ခံဘူးလို့ ဘယ်သူပြောရဲမလဲ။ သူဘယ်လောက်လုပ်လုပ် ငြိမ်ပြီးခံနေရတာပေါ့။
TREND ။ ။ KIA က ဒေသခံပြည်သူတွေကို ဘယ်လို ဆက်ဆံလဲ၊ပြီးတော့ ပြည်နယ်တွင်းမှာ ဘယ်လိုပုံစံ လှုပ်ရှားနေကြတာတွေ့ရလဲ။
ULPY ။ ။ သူတို့ လုပ်နေတာတွေက ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ သူတို့လုပ်နေတာတွေက အများကြီးလုပ်နေတာ။ အခွန်အခတွေလည်း မျိုးစုံကောက်၊ ပြီးရင် စစ်မှုမထမ်းချင်တဲ့ သူတွေကိုလည်း အတင်းအကျပ်ဖမ်းထည့်။ လမ်းမှာတွေ့တဲ့လူငယ်တွေကိုဖမ်း၊ တချို့ဆိုရင် ကုန်လမ်းတောင် သိပ်မသွားရဲဘူး။ လူငယ်တွေဖမ်းပြီး စစ်မှုထမ်းခိုင်းနေသလို အခွန်တွေကိုလည်း နည်းမျိုးစုံ ကောက်နေတာဆိုတော့ သူတို့လုပ်ရပ်တွေကို မပြောတတ်တော့ဘူး။
စစ်မှုထမ်းဖို့ဆိုပြီး သူတို့က လမ်းမှာသွားနေတဲ့ သူတွေ၊ ခရီးသည်တင်တဲ့ကားတွေကို တားတယ်၊ စစ်တယ်။ အဲဒီမှာ လူငယ်လေးတွေတွေ့ရင် ဖမ်းခေါ်သွားတယ်။ အဲဒီလိုလုပ်နေတာ။ အဲဒီလို ပါသွားတော့ တချို့ မိဘတွေက သွားထုတ်တယ်။ ရတဲ့သူလည်းရတာပေါ့။ တချို့လည်း ပိုက်ဆံပေးပြီး ရွေးထုတ်လို့ရတာတွေလည်း ရှိတယ်လို့ ကြားတယ်။ တချို့ကျတော့ အိမ်က မိဘက ရောဂါသည် ဖြစ်တယ်၊ ဘယ်လို အခြေအနေပါဆိုတာမျိုး ပြောပြီးမှ ရွေးထုတ်ကြတယ်၊ ဒါကတော့ အနည်းအကျဉ်းပေါ့။ အများစုကတော့ ရွေးလို့မရကြဘူးပြောတယ်။ အဲဒီလို လုပ်နေတာကလည်း သူတို့အစဉ်အဆက် လုပ်နေတာပါ။ အရင်တုန်းက ဖမ်းဆီးပြီး သတ်တာဖြတ် တာမျိုးရှိခဲ့တယ်။ အခုတော့ အဲဒီလို လုပ်တယ်လို့ မကြားမိသေးဘူး။ ဒါပေမဲ့ သူတို့ ဖမ်းသွားပြီဆိုရင် ပြန်လွတ်လမ်းတော့ မရှိပါဘူး။ အခုကတော့ သူတို့ဖမ်းပြီး တချို့ ပြန်လွတ်လာတာမျိုးတော့ ရှိတယ်။ ပြီးတော့ သူတို့က အဲဒီလို ဖမ်းပြီးသွားရင် သင်တန်းတောင် တစ်လလောက်ပဲပေးပြီးတော့ ရှေ့တန်းပို့တယ်လို့ ပြောကြတယ်။ အခွန်ကောက်တယ်ဆိုတာလည်း သူတို့မှာ သတ်မှတ်ချက်မရှိဘူး။ သူတို့ပါးစပ်ထဲက ထွက်တဲ့အတိုင်း ဘယ်လောက်ပေးဆို ပေးရတာပဲ။ လမ်းမှာကောက်တာ၊ ကုန်ကားတို့၊ ဆယ်ဘီးကားတစ်စီးဆိုရင် ၁၀ သိန်း၊ ၁၅ သိန်းထက် မလျော့ဘူးလေ။ ကုန်ကားတွေ ကောက်တယ်၊ သစ်ကားတွေ ကောက်တယ်၊ ဆီကားတွေ ကောက်တယ်။ အိမ်စီးကားတွေဆိုရင် တစ်ခါတလေ တစ်နှစ်စာ ဆောင်ခိုင်းတယ်ဆိုတာမျိုးလည်း ကြားရတယ်။ ကိုယ်တိုင်တော့ မဆောင်ဖူးဘူး ကြားတာကတော့ အဲဒီလို ကြားတယ်။ တစ်နှစ်စာဆိုရင် တစ်သိန်းဆောင်တဲ့သူလည်း ရှိတယ်။ နှစ်သိန်းဆောင်တဲ့သူလည်း ရှိတယ်။ ကားအကြီး၊ အသေးအပေါ် မူတည်မယ်ထင်တယ်။ ဂိတ်ထိုးပြီး လုပ်နေတာ။ ဖားကန့်လမ်း၊ ပူတာအိုလမ်း၊ ချီဖွေလမ်း၊ နောက်ဒီဘက်ကဆိုရင် မန္တလေး-မြစ်ကြီးနားလမ်း၊ အဲဒီလိုမျိုး သူတို့ ကောက်နေတာ။ လူထုကတော့ သူတို့ကို ကြည်ကြည်ဖြူဖြူပေးတာ တစ်ယောက်မှ မရှိဘူး။ ပေးရတဲ့သူ တွေကလည်း မတတ်နိုင်လို့သာ ပေးရတာလေ။ ကြောက်လို့ပေးရတာပေါ့။
TREND ။ ။ ဒီလို အခြေအနေတွေ ကြုံတွေ့ နေရတော့ KIA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ ။
ULPY ။ ။ အဓိကက ပြောချင်တာက သူတို့ ပြောသလို တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ အတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ။ တပ်မတော်ကို အမြစ်ပြတ်ချေမှုန်းလို့လည်း မရသလို၊ တကယ်တမ်းနိုင်ခဲ့သည်ရှိသော်လည်း ဒီတိုင်းပြည်က ငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်က သူပုန်ပြန်ဖြစ်သွားမယ်ဆိုရင် ဘယ်လိုမှ ဒီတိုင်းပြည်က ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး။ အဲဒီတော့ PDF ကိုပဲ ဖြစ်ဖြစ်၊ KIA ကိုပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် ပြောချင်တာက အကောင်းဆုံး နည်းလမ်းက တွေ့ဆုံဆွေးနွေးမှုပါပဲ။ ကိုယ်လိုလားတဲ့ တောင်းဆိုချက်တွေ ၁၀၀ ရာခိုင်နှုန်း မရရင်တောင်မှ ရာခိုင်နှုန်း ၈၀ လောက်ရအောင် လုပ်ပြီးတော့ တိုင်းပြည် ငြိမ်းချမ်းအောင် လုပ်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံက လက်နက်ကိုင်အဖွဲ့ပေါင်းများစွာရှိနေလို့ တိုင်းပြည်တိုးတက်မှုအများကြီး နောက်ကျနေတာ။ တိုးတက်နေတဲ့နိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိဘူး။ လက်နက်ကိုင် တစ်ဖွဲ့ပဲရှိတာ။ အဲဒါတွေကို အတုယူပြီးမှ၊ ငြိမ်းချမ်းရေးရအောင်ယူပြီးမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် သွားစေချင်တာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။
TREND ။ ။ လက်ရှိအခြေအနေထဲကနေ နိုင်ငံရေးဘောင် ပြန်ကျယ်လာအောင်၊ တွေ့ဆုံဆွေးနွေး ရေးလမ်းကြောင်းပေါ်ရောက်လာအောင် ဘယ်လိုနည်း လမ်းတွေနဲ့ လမ်းစဖော်သင့်တယ်လို့ အကြံပြုချင်လဲ။
ULPY ။ ။ နိုင်ငံရေးဘောင်ကျယ်လာအောင် ဆိုတာက အဓိကကတော့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်သင့်တယ်။ ဒါမှ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရ၊ ရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာတဲ့ လွှတ်တော်၊ လွှတ်တော်ကပဲ ဆွေးနွေးဆုံး ဖြတ်ပြီးတော့မှ စစ်ဘောင်ကျဉ်းလာအောင်၊ နိုင်ငံရေးဘောင် ပြန်ကျယ်လာအောင် လုပ်လို့ရတယ်လေ။ အခုလို ရွေးကောက်ပွဲလည်း မလုပ်သေးဘူး။ နိုင်ငံရေးပါတီတွေကလည်း လှုပ်ရှားလို့မရသေးဘူးဆိုတဲ့ ဒီလိုအချိန်အခါမှာကတော့ နိုင်ငံရေး ပါတီတွေအနေနဲ့ စစ်ဘောင်ကျဉ်းသွားအောင် ပြောလို့လဲရမှာ မဟုတ်ဘူး။ တစ်ဖက်ကလည်း လက်ခံမှာလည်းမဟုတ်ဘူး။ သူတို့အနေနဲ့ နိုင်ငံရေးပါတီတွေကို လက်မခံဘူး။ နိုင်ငံရေးပါတီတွေကို ပါတီပြန်လည်တည်ထောင်တာတောင်မှ လက်မခံတဲ့အခြေအနေဆိုတော့ နိုင်ငံရေးပါတီတွေအနေနဲ့က လုပ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒီတော့ ဘာပဲပြောပြော တပ်မတော်ကနေပြီး နယ်မြေထိန်းချုပ်နိုင်သလောက် ပြန်ပြီး ထိန်းချုပ်မယ်၊ တရားဥပဒေစိုးမိုးနိုင်သလောက် နယ်မြေစိုးမိုးနိုင်သလောက် စိုးမိုးအောင်လုပ်ပြီးတော့၊ စိုးမိုးတဲ့ နယ်မြေတွေထဲမှာ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ပေါ်လာအောင် အရင်ဆုံးလုပ်ရမှာ။ လွှတ်တော်ပေါ်လာမှပဲ လွှတ်တော်ထဲမှာ ဆွေးနွေးကြမယ်လေ။ ဒါပေမဲ့ လွှတ် တော်မှာလုပ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကြည့်မယ်။ လွှတ်တော်က သူတို့တောင်းဆိုနေတဲ့ ဘယ်အချက်တွေ၊ ဘယ်အချက်တွေ ဆိုတာမျိုး ဆွေးနွေးပြီးမှ အကောင်အထည်ဖော်နေသလား၊ မဖော်နေလားဆိုတာ သူတို့တွေ့မယ်လေ။ အခု လက်ရှိက ဆွေးနွေးတာ ဆွေးနွေးတာပဲပေါ့။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုပိုရှိဖို့ လိုသေးတယ်ပေါ့။ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ပြီးမှ ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းနိုင်မယ်ဆိုရင်တော့ ယုံကြည်မှု တဖြည်းဖြည်း ရှိလာ ပြီး စစ်ဘောင်ကျဉ်းလာမယ်လို့ မြင်တယ်။ နောက်တစ်ချက်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လမ်းစဖော်ဆောင်ဖို့ကတော့ ကျွန်တော်တို့ ဒီဘက်က တပ်မတော်ကလည်း အင်အားရှိဖို့လိုတယ်။ တပ်မတော် အင်အားရှိပြီး နယ်မြေစိုးမိုးမှုရှိအောင် လုပ်ဖို့လိုမယ်။ နောက်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ လည်း တပ်မတော်ဘက်က အဖြစ်နိုင်ဆုံးပေါ့။ တိုင်းပြည်ပြိုကွဲမယ့် ကိစ္စမဟုတ်ရင် တိုင်းရင်းသား ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေကို အတတ်နိုင်ဆုံး လိုက်လျောပေးဖို့လိုမယ်လို့ မြင်ပါတယ်။ ဒို့တာဝန်အရေးသုံးပါး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို ထိပါးစေမယ့်၊ တိုင်းပြည်ပြိုကွဲမယ့် အလုပ်မျိုး ပေါ့။ အဲဒီလိုမျိုးကိစ္စတွေပေါ့။ ဥပမာ ကချင်ပြည်၊ ရှမ်းပြည်ဆိုတာမျိုး သီးသန့်မဟုတ်ဘဲနဲ့ ပြည်ထောင်စု တစ်ခုတည်း တစုတဝေးတည်းနဲ့ရှိနိုင်မယ့် လိုလားတဲ့တောင်းဆိုတဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်၊ ပြည် နယ်တွေရဲ့ ရပိုင်ခွင့်တွေ ပေးသင့်တယ်။ ပြီးဝောာ့ စစ်တိုက်ပြီးမှ ရရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို ဖျောက်ပစ်နိုင်အောင် ဒီဘက်က အစိုးရဘက်က လုပ်ပေးသင့်တယ်လို့ မြင်တယ်။ လက်နက်ကိုင်တွေ ဘက်ကလည်း တိုင်းပြည်ကောင်းစားဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့အဓိက ဖြစ်ရမယ်။ ကျွန်တော်တို့ ပြည်နယ်တွေမှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်နယ်အခွင့်အရေးရဖို့၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ရဖို့ တောင်းနေကြတာပဲလေ။ အဲဒီတော့ ဒီဟာတွေက အခုလက်ရှိ အစိုးရအနေနဲ့ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာ ဒါက ဘယ်သောအခါကမှ မပြောခဲ့တဲ့ စကားတွေ ထွက်လာပြီလေ။ အဲဒီတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အစိုးရဘက်က ဘယ်အတိုင်းအတာအထိ ပြည်နယ်တွေကို ပေးနိုင်သလဲ။ ပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အစိုးရ ဘက်က မပေးနိုင်တဲ့ကတိပေါ့။ မဖြစ်နိုင်တဲ့ဟာကို ဇွတ်တောင်းပြီးမှ တစ်ဖက်နဲ့တစ်ဖက် တိုက်နေမယ့် အစားအဖြစ် နိုင်ဆုံးကိုယူပြီးမှ နောက် တဖြည်းဖြည်းသာ ပြုပြင်ပြောင်းလဲသွားရမှာပါ။ အဲဒီလိုယူပြီး ဆွေးနွေးဖို့လိုတယ်။ ဆွေးနွေးပြီးမှ တိုင်းပြည်ငြိမ်းချမ်းဖို့ ဆောင်ရွက် ဖို့လိုပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပေးပါဦး။
ULPY ။ ။ အလိုလားဆုံးဆန္ဒကတော့ ဒီတိုင်းပြည်မှာ တိုက်ပွဲတွေမရှိတာ အကောင်းဆုံးပါ။တစ် ဖက်နဲ့တစ်ဖက် တိုက်နေကြမယ်ဆိုရင်တော့ကြာရင် လူထုတွေသေကျေ၊ လူထုတွေ ဒုက္ခရောက်မယ်။ နှစ်ဖက်က တပ်တွေလည်း သေကျေပျက်စီးကြမယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းစေ ချင်တယ်။ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်ပါပြီ။ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းရေးကို ရှေးရှုပြီးမှ လုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )