မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ရာသက်ပန် အောက်မေ့ဖွယ် ဓမ္မစာစုများ

၂၀၂၅ ၊ ဧပြီ ၂၆

    ၁၉၉၆ ခု အောက်တိုဘာလမှာ ပုံနှိပ်ထုတ်ေ၀ခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဉာဏဒဿနကထာ ကျမ်းစာအုပ်က 'လောကကို ထွင်းဖောက်ရှုမြင်နည်း'ကို သင်ကြားပေးပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'သာရဏီယကထာ' ကျမ်းစာ အုပ်ကတော့ 'ကိုယ့်ကိုယ်ကိုယ် ရှုမြင်ခြင်း' ပြုတတ်အောင် လမ်းညွှန်ပေးပါတယ်။ ဒီစာအုပ်မှာလည်း ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က 'မိတ်ဆက်စကားဦး' ရေးကာ ဆရာတော်ကြီးရဲ့ ဓမ္မဂုဏ်ရည်နဲ့ စာပေဂုဏ်ရည်ကို ကြည်ကြည်ညိုညို ပူဇော်ထားတာ တွေ့ရပါတယ်။ 'သာရဏီယကထာ'ဆိုသည်မှာ ရာသက်ပန်အောက်မေ့ဖွယ်၊ အမြဲတမ်းဆင်ခြင် သတိပြုဖွယ်ဟု ဆိုလိုပါသည်'လို့ ရှင်းပြထားပြီး ...' တရားရှုမှတ်ရင်း နှစ်နှင့်ချီ၍ ကြိုးကြားကြိုးကြား ရေးမှတ်ထားသောစာများဖြစ်၍ စာပိုဒ်တိုင်း အပြည့် အဝနားလည်ဖို့ မလွယ်ပါ။ လူတိုင်းအရသာခံဖို့ မလွယ်ပါ။ ဝတ္ထု၊ နိပါတ်၊ ဇာတ်လမ်းများကဲ့သို့ တောက် လျှောက်ဖတ်၍လည်း မရပါ'လို့ ဆိုပါတယ်။
    ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က ...
'သို့သော် ကြိုးစားဖတ်ရှုပြီး ဆင်ခြင်ပါ။ ဖတ်ရှုသူတိုင်း အကျိုးရှိစေမည်မှာကား သေချာလှပါသည်။ မိမိတို့ အလုပ်၊ မိမိတို့ စရိုက်၊ မိမိတို့ ကျင်လည်ရာ ဘဝနှင့် ကိုက်ညီသော စာတစ်ပိုဒ်ကို သဘောပေါက်သွားပါလျှင် တစ်သံသရာလုံး ချမ်းသာစေနိုင်သော အခွင့်ကောင်းကြီး ရရှိပါလိမ့်မည်။ စာဖတ်သူအား ကိုယ့်ကိုယ်ကိုယ် ရှုမြင်ခိုင်းသောစာ ဖြစ်သည်။ ဝေဖန်သုံးသပ်ခိုင်းသောစာ ဖြစ်သည်။ လောက၌ ကိုယ့်ကိုယ်ကိုယ်သိရန်မှာ အခက်ဆုံးဖြစ်သည်။ လူသည် ကိုယ့်ကိုယ်ကိုယ် မကြည့်၊ အပြင်ကိုချည်း ကြည့်နေသောကြောင့် ဖြစ်သည်'လို့ လမ်းခင်းစကား ဆိုထားပါတယ်။
    'ကိုယ့်ကိုယ်ကိုယ် ရှုမြင်ဝေဖန်ရေးစာသည် မည်မျှအရေးကြီးကြောင်း သိသာသည်။ လောက၌ ဘေးကြီးသုံးမျိုး ရှိသည်။ (၁) ဒဏ္ဍဘေး - ဘေးဒဏ် အန္တရာယ် ကျရောက်ခြင်း၊ (၂) ပရာနုဝါဒဘေး - သူတစ်ပါးတို့က မိမိအား ရှုတ်ချကဲ့ရဲ့ စွပ်စွဲခြင်း၊ (၃) အတ္တာနုဝါဒဘေး - မိမိကိုယ်ကိုယ် ရှုတ်ချကဲ့ရဲ့ စွပ်စွဲခြင်း၊ ထိုတွင် မင်းဘေးစသော ဘေးအန္တရာယ်သည် ကြောက်လန့်ဖွယ် ကောင်း၏၊ ထို့ထက် အခြားသူများက ရှုတ်ချကဲ့ရဲ့ စွပ်စွဲသည်မှာလည်း ဝိုင်းပယ်ခြင်း စသည် ခံရနိုင်သဖြင့် ကြောက်လန့် ဖွယ်ပင်။ သို့သော် မိမိအား သူတစ်ပါးလို၊ မိမိကိုယ်ကိုယ် မိမိသည်သာ အသိဆုံးဖြစ်၏။ ကိုယ်မဟုတ်တာ ကိုယ်သာ အသိဆုံးဖြစ်သည်။ ထို့ကြောင့် မိမိ ကိုယ်ကိုယ် မိမိရှုတ်ချကဲ့ရဲ့ခြင်း၊ စွဲချက်တင်ခြင်းသည် ကြောက်စရာအကောင်းဆုံး ဘေးကြီးပင်တည်း။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်သုံးသပ်သော ဤကျမ်းစာငယ်သည် ကြောက်စရာအကောင်းဆုံး ဘေးကြီးမှ ကယ်တင်ကာ စင်းလုံးချော တကယ့်လူတော်လူမြတ်အဖြစ်သို့ ပို့ဆောင်ပေးမည်ကို မမှိတ်မသုန် ယုံကြည်နိုင်ပါကြောင်း'လို့ ဆရာ ကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က မိတ်ဆက်စကား ဆိုထားပါသည်။
    စာအုပ်အဖွင့်မှာ ဆရာတော်ကြီး အမြဲနှလုံးသွင်းသည့် အာသီသကို ဖော်ပြထားပါတယ်။ (ငါဖြည့် ကျင့်ခဲ့သမျှ ပါရမီကုသိုလ် ပုညတို့၊ ဘာဂတို့၏ တန်ခိုးတေဇော် မေတ္တာ အာနုဘော်ကြောင့် အားလုံးချမ်းသာခြင်း အပေါင်းနှင့် ပြီးပြည့်စုံကြပြီး ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ကြပါစေ)တဲ့။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တောထဲတောင်ထဲမှာ ဘယ်လောက်ထိကျင့်ကြံ အားထုတ် ထားတယ်ဆိုတာ ပေါ်လွင်စေတဲ့ မေတ္တာအာသီသဖြစ်ပါတယ်။ ကျမ်းစာအုပ်ပါ အကြောင်းအရာများနဲ့ ပတ်သက်လို့ကတော့ 'မသိသူကျော်သွား၊ သိဖော်စားသို့၊ သိုထားသွင်းပိုက်၊ ဘဏ္ဍာတိုက်ရှိ၊ မြတ်သည့်ပစ္စည်းကို သတိသော့တံ၊ ဉာဏ်လျှင်သော့အိမ်၊ နှစ်ခုချိန်၍၊ ချိန်ခါမလင့်ဖွင့်စေမင်း'လို့ ညွှန်ပြထားပါတယ်။ ကျမ်းစာနဲ့ ပတ်သက်တဲ့ ဆရာတော်ဘုရားကြီးရဲ့ 'အဓိဋ္ဌာန်' ကလည်း မှတ်သား ဖို့ကောင်းပါတယ်။
- ငါ၏ ဝေနေ ဤ လူ့ပြည်၌၊ ရှိလေသည်တွင်၊ ဤစာ စဉ်၊ ဉာဏ်ရှင်လက်ရောက် တောက်စေသော်
- ငါ၏ ဝေနေ ဤလူ့မြေဝယ်၊ မရှိလေခိုက်၊ ဤစာတိုက်၊ လူမိုက်လက်ရောက် ပျောက်စေသော်
- ငါမရှိချေ၊ ဤစာခွေသည်၊ င့ါနေကိုယ်စား ဝေနေများကို၊ ရှေ့သွားဆွဲယူ နောက်တွန်းကူ၊ ဖေးထူ မကူ ထောက်စေသော်။

    ဒီစာစုဟာ သူတော်ကောင်းတို့ လက်မှာ တောက်ပနေပါစေ၊ လူမိုက်နဲ့ မထိုက်တန်ဘူး။ ငါမရှိ တော့တဲ့အချိန်မှာတောင် ငါဝေနေယျတွေကို ဒီစာအုပ် လမ်းပြနိုင်ပါစေဆိုတဲ့သဘော အဓိဋ္ဌာန်ပြုခဲ့ပါတယ်။ 'ပဏာမနှင့် ပဋိညာဉ်'ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ဒီလို အသိပေး ရေးသားဖော်ပြထားပါတယ်။
    'ဤစာတမ်းကား အယူအကျင့် ဖောက်ပြန် ပျက်စီးနေသူတို့၏ မှိတ်သော မျက်စိပွင့်လာစေရန်၊ မှိန်သောမျက်စိ လင်းလာစေရန် ဓမ္မစက္ခု ပိုင်ဆိုင်တော်မူပြီးကြသော အရိယာကြီးတို့၏ ဆိုစကားကို သံစဉ်အားဖြင့် လဲလှယ်၍ ဘာသာပြန်ပေးထားခြင်းတည်း။ တစ်ဖန်လည်း ငါတို့နှင့်ပတ်သက်သည့် ဝေနေယျတို့နှင့် တွေ့ဆုံခွင့်ရလေတိုင်း ငါတို့ ပြောခဲ့သမျှ စကားစဉ်ထဲမှာ အများတို့ မှတ်သားဖွယ် ကောင်းမည့် စကားရပ်တို့ကို သီးခြား ထုတ်နုတ်၍ မှတ်တမ်းတင်ထားခြင်းတည်း။ ဤစာတမ်းကို ရေးထားခဲ့ခြင်းဖြင့် နောင်အခါ ငါတို့ထွင်ခဲ့သည့်မူတစ်ခုအဖြစ် မမှတ်သားကြစေလို၊ ငါသည် ဆေးကုသမားသာတည်း။'
    'ဆေးကုသမားမည်သည် ဆရာတို့ ဖော်စပ်ထားသည့် ဆေးအကြောင်းကို လည်းကောင်း၊ ရောဂါသည်၏ ဖြစ်ရပ်အခြေအနေကိုလည်းကောင်း၊ ထိုနှစ်ခုကို ချိန်ဆယှဉ်တွဲ၍ ဆေးချက်သွင်းရသည်သာ။ သို့ကြောင့် ဘုရားရှင်နှင့်သာဝက အဆင့်ဆင့်တို့ အသင့်ဖော်ပြ မြွက်ဆိုထားခဲ့သည့် ဆိုထုံး များကို ယခုနှောင်းလူ သို့မဟုတ် ငါနှင့်ပက်ပင်းကြုံတွေ့နေရသည့် ခေတ်ကာလ အချိန်အခါတို့လိုက်၍ ၎င်းင်းတို့နားလည်လွယ်မည့် စကားတို့ကို သုံးနှုန်းထားခြင်းသာတည်း။'
    'ကြည့်သောသူသည် မြင်၍ မြင်သောသူများ သိကြပါစေ'
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ရိုးသား နှိမ့်ချတတ်သော သူတော်ကောင်း စိတ်ဓာတ်ကို တွေ့နိုင်ပါတယ်။ အရိယာသူတော်ကောင်း ကြီးများရဲ့စကားကို အများနားလည်အောင် ပြန်ရေးပြထားခြင်းသာတဲ့၊ အရိယာသူတော်ကောင်းကြီးတို့ရဲ့ သြဝါဒဟာ စကားလုံး ကွဲချင်ကွဲမယ်၊ ဓမ္မအမြင်အားဖြင့် တူကြပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ ဓမ္မအမြင်များကို လည်း နီတိစကားပမာ၊ စကားပုံပမာ ဖတ်မှတ်ခဲ့ရပါတယ်။

'တစ်ယောက်တည်း တည့်အောင်ပေါင်း'
    အများနှင့်တည့်ဖို့ထက် ကိုယ့်စိတ်နှင့်ကိုယ်တည့်ဖို့က အဓိကအရေးတည်း။
    လောကရှိ ရှုပ်ထွေးသော အမှုမှန်သမျှ စိတ်နှင့်ကိုယ် မတည့်ကြရာမှ စတင်ခဲ့သော အမှုများ ချည်းပင်၊ ကိုယ်ကြီးက စားနေတော့ စိတ်ကသွားနေပြီ။ စိတ်အလုပ်ရှုပ်နေတုန်း ကိုယ်ကြီးက အနားယူ နေပြီ။ ဤသို့ အိမ်သားချင်း မတည့်ကြသဖြင့် ကိလေသာ၊ အာရုံ၊ ပညတ် ထိုဧည့်စိမ်းသုံးယောက်တို့ အမွှေခံရသည်။ သင့်တစ်ယောက်တည်းသာ တည့်အောင် ပေါင်းနိုင်လျှင် မိသားစုနှင့်တကွ ရှိရှိသမျှ အားလုံးနှင့် တည့်ချေပြီ။ ယခု သင့်မိသားစု၊ သင့်မိတ်ဖက်တို့နှင့် တည့်ကြသည်ဆိုရာ အကြိုက်ပေး ပေါင်း၍ တည့်ခြင်းမျှသာ။ ယနေ့အကြိုက်မရလျှင် ယနေ့ပင် တည့်တော့မည်မဟုတ်၊ နက်ဖြန်ဆို ရန်သူပင် ဖြစ်နေချေပြီ။' (စာ-၈)

'တစ်ယောက်တည်းဖြစ်သည့်ရန် ဖျန်ဖြေမည့်သူမရှိ'
    တစ်ယောက်ထီးတည်း တွေးတောပူပန်လျက် တစ်ဖက်သို့ အားမလိုအားမရ စိတ်ကောက်နေခြင်းများ၊ တစ်ဖက်သို့ အားမလိုအားမရ မုန်းငြှိုးပြစ်မှားနေခြင်းများ၊ မိမိကိုယ်မိမိ အားမလိုအားမရ စိတ်ဆိုနေခြင်းများစသည့် အတွေးဖြင့် အရေးယူနေခြင်းသည် တစ်ဖက်သားလည်း ရှင်းပြခွင့်မရ၊ တစ်ဖက်သားလည်း သိပင်မသိရ၍ ဘယ်တော့မှ ရန်ပွဲပြီးမည်မဟုတ်၊ မိမိ ကျေနပ်လောက်မည့် အခွင့် အရေးလည်း ဘယ်တော့မှ ရလိမ့်မည်မဟုတ်ချေပြီ။' (စာ-၂၁)
    လောကသဘာ၀ လူ့သဘာဝများထဲမှ အတ္တရုပ်ပုံလွှာကိုလည်း ဖော်ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ကြီးက ဓမ္မအနှစ်သာရများကို တစ် သက်သာ သတိရနေအောင် နီတိဆန်ဆန်၊ စကားပုံဟန်ပန် ဖြင့်လည်း ရေးသားဖော်ပြခဲ့တာ တွေ့ရပါူတယ်။

'နွံနစ်တာဆယ်ဖို့လွယ်သလောက် ကျွန်ဖြစ်တာကယ်ဖို့မလွယ်'
    ကျွန်ဖြစ်သည်မှာ စိတ်ပေါ့သမား၏ ဇာတ်လမ်းသာဖြစ်၏။ ထိုစိတ်ပေါ့သမားအား ငွေကြေးဝတ္ထု ဘယ်လောက်ပင် မြောက်မြောက်မြားမြား အလေးပေး ကယ်တင်သော်လည်း ငွေကြေးသာဆုံးမည်၊ လူလုံးကား လှလာလိမ့်မည်မဟုတ်ပြီ။ (စာ-၂၆)
လူပေါင်ပြီး မပျော်ချင်နှင့် ရွေးသောအခါ အစစ်ပြန်ရလိမ့်မည် မဟုတ်
    အပျော်သုံးဖို့ ရွှေကို ပေါင်နှံပါ။ ပြီးပြန်ရွေးက ကိုယ့်ရွှေကိုပင် ပြန်ရ၏။ အစားပေးခြင်းမရှိ၊ ကျန်ရတနာများကို ပေါင်နှံသုံးလျှင်လည်း ထိုနည်းတူပင် ပြန်ရချေ၏။ 'ပျော်ပါးရ ပြီးကရော' အတိမ်တွေးဖြင့် အမျိုးဖျက်၍ လူမျိုးခြားနှင့် သွားပေါင်းသင်းသော မိန်းကလေး၊ ကိုယ့်သွေးနှင့် အရောခံပြီး ရလာသော ကလေးမှာ ကိုယ့်သွေးအစစ် မဟုတ်လေပြီ။ (စာ-၂၇)

အတည့်မြင်ချင် တည့်အောင်ကြည့်
    သူတစ်ပါး၏ တည့်မတ်သည့် (ကိုယ်၊ စိတ်) အမူအရာကို မြင်လိုလျှင် ဦးစွာ မိမိဘက်က တည့်မတ်သော စိတ်ထားဖြင့် ဆက်ဆံရမည်။ မိမိက အမြင်တစ် မျိုးဖြင့် စောင်းကြည့်လျှင် အရွဲ့တိုက်သောအားဖြင့် အတည့်ပင် စောင်းသွားတတ်သည်။ မိမိက သဘောရိုးဖြင့် ခွင့်လွှတ်ထားလျှင် သတိဝင်လာသောအားဖြင့် အစောင်းကပင် ပြန်ပြင်လျက် တည့်သွားတတ်သည်။ မိမိဘက်ကလည်း စောင်း၍ ကြည့်နေမည် တစ်ဖက်ကလည်း ရွဲ့ပြနေမည်ဆိုက စောင်းရုံတွင်မက မှောက်ဖို့သာ ရှိတော့သည်။ (စာ-၃၄)

ပါးစပ်ဖျားမှာ မနားနှင့်၊ လိုရာမရောက် ဖြစ်တတ်တယ်
    သူတော်ကောင်းတို့ပြောသောစကား 'ကောင်းပါပေသည်' သဘောကျပြီး ထိုပြောစကားအတိုင်း မလိုက်နာချေလျှင် သူတစ်ပါး ပါးစပ်ဖျား အနားယူနေသူ ခရီးသည်သာတည်း။ သူ့အိမ်သွား အနားယူနေသူသည် ကိုယ့်အိမ် မဟုတ်လေသဖြင့် ခရီးမဆုံးသေးကြောင်း ကောင်းကောင်းကြီး သဘောပေါက်ပါလေ။ (စာ-၃၆)

မျက်စိအောက်က တစ်စက္ကန့်သည် အကန့်အသတ်မရှိ တန်ခိုးကြီးသည်
    သင်သည် အချိန်၏ တန်ဖိုးကိုသိလျှင် သင့်မျက်စိအောက် ရောက်လာသော တစ်စက္ကန့်ကို ထိထိမိမိ သုံးကြည့်စမ်းပါ။ ထိုပစ္စုပ္ပန်တည့်တည့် မျက်စိအောက်ရှိ စက္ကန့်တိုင်းကိုသာ အလွတ်မပေးဘဲ အသုံးချသွားလျှင် မိနစ်ကိုသော်လည်းကောင်း၊ နာရီကိုသော်လည်းကောင်း၊ ရက်၊ လ၊ နှစ်တို့ကို သော်လည်းကောင်း၊ ထို့ထက်အလွန် သင့်ဘဝနှင့် အများကိုပင် ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လာချေမည်။
    ချိန်ကြည့်မနေနှင့် ချိန်ကြည့်က လွဲတတ်လှ ချေသည်။ (စာ-၅၀)

လှေလမ်းနှင့် ရေလမ်း တည့်ပစေ
    ကိုယ့်လမ်းကိုယ် တည့်အောင်ချိန်၊ ကိုယ့်လှေကိုယ် ငြိမ်အောင်ထိန်း၊ လမ်းမတည့်လျှင် အရောက်လွဲတတ်သည်၊ လှေမတည့်လျှင် မှောက်ပွဲ ဖြစ်တတ်သည်။ (စာ-၅၀)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးက စီးပွားဝမ်းစာ ရှာရာမှာ ကိုယ်ချင်း စာတရားထားဖို့ အမြဲသွန်သင်ဆုံးမလေ့ ရှိပါတယ်။ မေတ္တာတရားရဲ့ အခြေခံဟာ ကိုယ်ချင်းစာတရား၊ ကိုယ်ချင်းစာတတ်အောင် ငါးပါးသီလလုံအောင်ထိန်းဖို့ ညွှန်ပြပါတယ်။

'ဝမ်းစာရှာရာ ယုန်သာဖြစ်ပါစေ၊ မြွေမဖြစ်စေနဲ့'
    ယုန်သတ္တဝါ၏ ထမင်းလုတ်ကား ကန်စွန်းရွက်နှင့် မြက်သာတည်း။ မြွေ၏ ထမင်းလုတ်ကား ဖားနှင့် ငါးသတ္တဝါများသာတည်း။ ကိုယ်ချင်းစာမဲ့ အတင်းဖွဲ့ချည်လျက် ဝါးမျိုခြင်းကြောင့် ၎င်း၏ ထမင်း တစ်လုတ်သည် တစ်ဘ၀ ပြန်ခံရမည့် ထမင်းလုတ်တည်း။ ယုန်သည်ကား သဘာဝ ပေါက်ပင်ကိုသာ တရားသဖြင့် ရှာဖွေစားသောက်သဖြင့် အကြွေးမတင်၊ သန့်စင်လျက်ပင်တည်း။ ထို့အတူ ကိုယ် ကျင့်သီလ ဖောက်ဖျက်ပြီး 'ငါ ကောင်းစား ပြီးစတမ်း'ဖြင့် ငါးပါးသော သိက္ခာပုဒ် စည်းပေါက်နေသူ၏ ဝမ်းစာ စီးပွားမှန်သမျှ မြွေ၏ ထမင်းလုတ်နှင့် မခြားမနားပင်။
    ကိုယ်ကျင့်သီလ ထိန်းသိမ်း ကိုယ်ချင်းစာထား၊ မေတ္တာပွားလျက်က ရရှိခံစားရသော ဝမ်းစာ စီးပွားမှန် သမျှသည်သာ ယုန်၏ ထမင်းလုတ်ကဲ့သို့ ဘေးကင်းရန်ကွာ သွားလိုရာ အထက်တန်းခရီး ပြီးစီးပေါက်မြောက် နိုင်ချေသည်။ (စာ-၃၈)

သေကံကောင်းမှ အလောင်းလှ
    အနေတတ်မှ အသေတတ်ချေမည်။ အနေမတတ်သေးက အသေလည်း မတတ်သေး။
    နေစဉ်ကာလ အာရုံခင်မင် ပညတ်တင်၍ ခံစားကြလေသူတိုင်း အကြိုက်၌ ငြိခြင်း၊ မကြိုက်၍ ထိခြင်း၊ မသိ၍ မိခြင်းတို့ဖြင့် ရောထွေးနေတတ်ကြ၏။ သေခါနီး ခင်မင်ရာစွဲ၍ စိတ်နှင့်နေသော် သေသော်ကာလ မျက်နှာညှိုးနွမ်းနေတတ်ကြ၏။ သေခါနီး မခင်မင်ရာစွဲ၍ စိတ်မကျေမချမ်း ဖြစ်နေသော် သေသောကာလ မျက်နှာမဲ့မဲ့ကြီး ဖြစ်နေတတ်ကြ၏။ သေခါနီးနောက်က ပြုခဲ့သော ကုသိုလ်ကံကို အာရုံပြုမိသူက သေသောကာလ ပြုံးပြုံးလေးပင်တည်း။ (စာ-၁၀၄)

ကိုယ့်ခွေးမနိုင်သေးဘဲ သူ့ခွေးသွားမကိုင်လေနှင့်
    မိမိကမှ စီးပွားရေးမတောင့်တင်းဘဲလျက် သူတစ်ပါးအား ကူညီသူ၊ မိမိကမှ ပညာမပြည့်စုံ သေးဘဲလျက် တစ်ဖက်သား သွားဆရာလုပ်သူ၊ မိမိကမှ အကျင့်လမ်း မဆုံးသေးဘဲလျက် တစ်ဖက်သား ကယ်တင်လိုသူ၊ ထိုသို့သော သူများသည် မြွေမသေ တုတ်မကျိုး ဖြစ်တတ်ချေ၏။ ကိုယ့်ကိစ္စ လည်းမပြီး၊ သူ့ကိစ္စလည်း ခရီးမရောက် ဖြစ်တတ်ချေ၏။ ကိုယ့်ကိုယ်ကိုယ်မှ မနိုင်သေးဘဲလျက် သူတစ်ပါးသွားရောက် ကူညီခြင်းသည် နာလန်ထက လဲနေသော အဘွားအိုကို သွားရောက် ကူညီသလိုသာ ရှိချေတော့၏။ အခါလည်သားက လသားကလေးကို ပွေ့ချီ ထိန်း ကျောင်းပေးသလိုလည်း ရှိချေ၏။ (စာ-၁၀၂)
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ 'သာရဏီယကထာ'ကို ဆရာကြီးဓမ္မာစရိယ ဦးဌေးလှိုင်က 'ရာသက်ပန် အောက်မေ့ဖွယ် အမြဲတမ်း ဆင်ခြင်သတိပြုဖွယ်'လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတိုင်း လောကဓမ္မ နှစ်ဌာနလုံးမှာ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မလမ်းညွှန် သြဝါဒများဟာ အမြဲတမ်း ရှင်သန်နေမှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
(မောင်သွေးချွန်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42860

© 2022 - 2025 News. All Rights Reserved.