သစ္စာသစ်လား၊ သစ္စာအဟောင်းလား

၂၀၂၄ နိုဝင်ဘာ ၂၄

    ၂၀၂၄ အောက်တိုဘာ ၂၅ ရက်မှာ ဆရာအောင်သင်း ကွယ်လွန်ခဲ့တာ ၁၀ နှစ် ပြည့်ခဲ့ပေပြီ။ ဒီအချိန်မှာ ၂၀၂၄ စက်တင်ဘာမှာ မဟာစာပေက ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာအောင်သင်းရဲ့ ပွဲဦးထွက် စာပေဆောင်းပါးများ'ကို ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ 'လွန်ခဲ့သော နှစ်ပေါင်း ၄၀လောက်က ကျွန်တော်ရေးခဲ့သည့် စာပေဆောင်းပါးများကို ပြန်လည်ဖတ်ရှုရသောအခါ ကျွန်တော့်စိတ်ထဲတွင် လွမ်းသလိုလို၊ ဆွေးသလိုလို ဖြစ်မိပါသည်'လို့ အမှာစာရဲ့ ပထမဝါကျမှာ ဖတ်လိုက်ရပါတယ်။ အတိတ်ရဲ့အရိပ်တွေဆိုတာ တစ်ခါတစ်ရံမှာ လွမ်းစရာကောင်းနေတတ်ပါတယ်။ ဆရာအောင်သင်းဟာ ၁၉၇၂ ဇန်နဝါရီလထုတ် ရှုမဝမဂ္ဂဇင်းမှာ 'အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း'ကစပြီး စာပေဝေဖန်ရေးဆရာအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။ အညာစာတမ်းတစ်စောင်ဆိုတာ ဆရာမောင်စွမ်းရည်ရဲ့ 'ဒီနေ့ကဗျာပြဿနာ'စာတမ်းဖြစ်ပြီး ၁၉၇၀ နိုဝင်ဘာလထုတ် 'စာပေလုပ်သားအင်အားသစ်'ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတဲ့ စာတမ်းဖြစ်ပါတယ်။
    'မောင်စွမ်းရည်ဟာ စာတမ်းမှာ သုတေသနစာတမ်း မဟုတ်ပါ။ မကြိုက်သည်ကို ရှုတ်ချခြင်း၊ ကြိုက်သည်ကို မြှောက်ပင့်ခြင်းတို့ဖြင့် သူ့အဆိုကို ကြားနာသူက လက်ခံအောင် သိမ်းသွင်းဟောပြောသော 'သာမန် အရပ်စာတမ်းမျှသာ'ဖြစ်၍ သုတေသနစာတမ်းအင်္ဂါတို့နှင့် ညီမညီ စစ်ဆေးခြင်းငှာ မသင့်ဟု သဘောရပါသည်။' (ပွဲဦးထွက်၊ စာ-၂၈)
    'အကယ်စင်စစ် မောင်စွမ်းရည်၏ စာတမ်းသည် သာမန် အရပ် စာတမ်းအဆင့်သို့ပင် ပီပီသသမရောက်ဟု ဆိုသင့်သော အချက်အလက်ပေါင်းများစွာကို တွေ့ရပါသည်။'လို့ ဆရာအောင်သင်းက ပယ်ပယ်နယ်နယ် သုံးသပ်ထားပါတယ်။ မောင်စွမ်းရည်ရဲ့ စာတမ်းဟာ ပညာရှင်တို့ရဲ့ သုတေသန စာတမ်းမျိုးမဟုတ်၊ 'သာမန် အရပ်စာတမ်း'လို့ဆိုခဲ့ပြီး 'သာမန်အရပ်စာတမ်း အဆင့်သို့ပင် ပီပီသသ မရောက်'လို့ ထပ်မံဝေဖန်ခဲ့ပါတယ်။ 'မောင်စွမ်းရည်၏ စာတမ်းသည်စကား ရှေ့နောက်မညီပါ}၊ 'အကျိုးအကြောင်း မခိုင်လုံပါ'ဆိုတဲ့ အချက်နှစ်ချက်ကို ဆရာအောင်သင်းက ပိုင်ပိုင်နိုင်နိုင် တင်ပြသွားခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ ဂုဏ်ထူးဆောင် ဝေဖန်ရေးဆရာ အညာမန်းက ဆရာစွမ်း အတော်လေး အထိနာသွားပုံပါတယ်။ ၁၉၇၂ မတ်လထုတ် မိုးဝေမဂ္ဂဇင်းမှာ 'ကာရန်အတင်း အပျင်းပြေ' ဆောင်းပါးနဲ့ ဆရာအောင်သင်းကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ 'တုံ့ပြန်သည့် အကြောင်း အရာ အချက်အလက်များ ခိုင်ခိုင်မာမာ မည်မည်ရရမတွေ့၊ ပုဂ္ဂိုလ်ရေး လှောင်ပြောင်နှိမ့်ချထား' တယ်လို့ ဆရာအောင်သင်းက တုံ့ပြန် ဝေဖန်ခဲ့ပါတယ်။
    ၁၉၇၂ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းမှာတော့ ဆရာအောင်သင်းက 'သူတို့ဝေဖန်ရေး'ခေါင်းစဉ်နဲ့ ဆရာနေသွေးနီနဲ့ ဆရာမောင်စွမ်းရည်တို့ကို ဆက်လက်တုံ့ပြန် ခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ဆရာမောင်စွမ်းရည်ကို 'ဖြူသလား မည်းသလား၊ ကျောင်းဆရာလား၊ ကုန်စိမ်းသည်လား ဘာမျှ မတွေးခဲ့ပါ' လို့ ရေးခဲ့လေရာ 'ကုန်စိမ်းသည်လား'ဆိုတဲ့ စကားက ဆရာမောင်စွမ်းရည်ရဲ့ တွေးဟန် ရေးဟန်တွေကို ရည်ညွှန်းပြောဆိုလိုက်လေသလားလို့ ထင်ရပါတယ်။ (စာ-၇၅-ရှု)
    ဆရာအောင်သင်းဟာ 'ကျွန်တော်သည်စာပေ ဝေဖန်ရေးသမား မဟုတ်ပါ။ စာပေပညာ ရှင်လည်းမဟုတ်ပါ'လို့ ဆိုထားပေမယ့် စာပေဝေဖန်ရေးသမားအဖြစ်သာ လူသိများလာခဲ့ပါတယ်။ ဆရာအောင်သင်းရဲ့ စာပေဆောင်းပါးတွေနဲ့ ပတ်သက်လို့ လက်ခံနိုင်တာလည်းရှိ၊ တုံ့ပြန် ဆွေးနွေးစရာ တွေလည်း ရှိခဲ့တာအမှန်ပါပဲ။ ယခု ထုတ်ဝေလိုက်တဲ့ ပွဲဦးထွက်စာပေဆောင်းပါးမှာ 'ကြည်အေး၏ သစ္စာသစ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြည်အေးကဗျာတစ်ပုဒ်ကို ချီးမွမ်းခံစားပြထားပါတယ်။
    'ကြည်အေး၏ ကဗျာများသည် ဆန်းသစ်လတ် ဆတ်သည်။ ချိုအေး၍ သွက်လက်သည်။ အတွေးအမြင်မှာ ရိုးရိုးသားသားနှင့် ဝံ့ဝံ့စားစားရှိသည်။ ရိုးသားခြင်းနှင့် ဝံ့စားခြင်းဟူသော ဂုဏ်သည် ကဗျာရေးသူတိုင်းနှင့်သက် ဆိုင်သည် မဟုတ်ပါ။ ကြည်အေးတွင် ထိုဂုဏ်ရှိနေသည် မှာ ထူးခြားပါသည်။ သူ့အတွေး၊ သူ့အမြင်ကို အခါခပ်သိမ်း သဘောတူနိုင်သည်၊ မတူနိုင်သည်အပထား၍ ရိုး သားဝံ့စားသော ဂုဏ်ကြောင့် သူ့ကဗျာများကို တွယ်တာနေမိပါသည်။' (စာ-၈၉)
    ဆရာအောင်သင်းက ကြည်အေးကဗျာများကို အဲဒီလို အကဲဖြတ်ပြီးနောက် ၁၉၇၁ ခု မတ်လထုတ် ရှုမဝမဂ္ဂဇင်းပါ 'သစ္စာသစ်'ကဗျာကို ထူးထူးခြားခြား နှစ်သက်မိပါသည်လို့ဆိုကာ ဘာ့ကြောင့် နှစ်သက်မိတယ်ဆိုတာကို ဖွင့်ဆို ရှင်းပြထားပါတယ်။

    'သစ္စာသစ်'
    ပလူပျံများ
    တောင်ပံလက်လက်၊ စက်ရဟတ်သို့
    ဖျတ်ဖျတ်လှည့်လူး၊ မြူးထူးရွရွ
    ဖူးမြနီယွန်၊ ဖြူခြည်သွန်သော
    မီးပြွန်ပူငွေ့၊ တိုးညှပ်ဝှေ့ကြ
    ကြွေဝေ့လျောလဲ၊ လေကြောဆန်၍
    ပျံသန်းကြသော၊ ညဉ့်ပုံပြောသည့်
    တောစံပယ်ပွင့်များပမာ။

    ရစ်လည်ရစ်လည်
    ဇာခြည်ကြောမျှင်၊ ပန်းရွက်ဆင်တည့်
    ငွေသင်တောင်ပံ၊ ကျွတ်လွင့်ပျံမှ
    သမံတလင်း၊ မှုန်မှုန်ခင်းကြ
    ခုန်ဆင်းကျန်ရစ်၊ ပလူသစ်မူ
    ပြောင်းဖြစ်ဘဝ၊ ပုရွက်လှဟု
    ရွရွပြေးကာ၊ ရွာသစ်ရှာ၏

    ရှေ့ကဆိုရိုး
    ပိုးဖလံမျိုး မီးကိုတိုးသတဲ့
    မောက်ဖြိုးရွှေတောင်၊ မြိုက်လောင်ပူနွေး
    မီးငွေ့ပေးမှ၊ အသက်ရရှိ
    ကျွန်မချစ်မြဲ သံသာဝဲမှ
    ခွဲထွက်ချင်ဖူး၊ တပ်မက်ဦးမည်
    စိန်ခြူးကြယ်တန်း
    လခြမ်းလဝိုင်း၊ ညတိုင်းမြင်ချင်
    ရွှေစင်နေဝန်း၊ ဆည်းဆာကွန်းမှ
    ပေါ်ယွန်းစေ့စေ့၊ နေ့တိုင်းတွေ့ချင်
    ထွေးပွေ့လင်သား၊ သမီးသားမြေး
    စကားနှစ်သက် မိတ်ဆွေဖက်ဟု
    မက်မောဘဝ၊ တစ်ခဏလဲ
    အလှရှာဖွေ၊ အဖြေတွေ့သော်
    မေ့ပျော်ငြိတွယ်၊ သေမျိုးနွယ်လဲ
    ရယ်ရွှင်ဝံ့စား၊ ငါလူသားဟု
    တရားထွန်းသစ်၊ သတ္တိဖြစ်၏။    ။

    ဆရာအောင်သင်းက ကဗျာရဲ့ ပထမနှင့် ဒုတိယစာပိုဒ်တို့အပေါ် သူ့ရဲ့ ခံစားမှုကို ပြောပြီးတဲ့ နောက် 'တတိယအပိုဒ်တွင်ကား ကြည်အေးသည် သူ၏ခံစားမှုကို ဝံ့ဝံ့စားစားကြီး ပြောချလိုက်ပါသည်' လို့ ဆိုကာ ဆက်လက်ပြီး ချီးမွမ်းခန်း ဖွင့်ပါတော့တယ်။

    ရှေ့ကဆိုရိုး
    ပိုးဖလံမျိုး၊ မီးကိုတိုးသတဲ့
    မောက်ဖြိုးရွှေတောင်၊ မြိုက်လောင်ပူနွေး
    မီးငွေ့ပေးမှ၊ အသက်ရရှိ ...

    'ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ'ဟူသော သံဝေဂသံပေါက်ကဗျာကို ကျွန်တော်တို့ ကြားဖူးကြပါသည်။ ပလူတို့သည် မီးရောင်ကို ရွှေတောင်ထင်မှား၍ တိုးဝှေ့ပျက်စီးကြသည်ဟုလည်း ဆိုစမှတ် ပြုကြပါသည်။ ကာမဂုဏ်ကို မီးတောက်နှင့် ပမာပြုထားသည်ကိုလည်း ကျွန်တော်တို့ သိကြပါသည်။
    ကြည်အေးကမူကား 'မောက်ဖြိုးရွှေတောင်၊ မြိုက်လောင်ပူနွေး၊ မီးငွေ့ပေးမှ၊ အသက်ရရှိ}ဟု ပွင့်ပွင့် လင်းလင်း ဆိုလိုက်ပါသည်။ တေဇောဓာတ်ရှိန် အပူငွေ့ကို မရလျှင် ဤလောက၌ အသက်ဟူ၍ ဖြစ်ထွန်းမလာနိုင်ပါ။ နေမင်းဆိုသည်မှာ တဟုန်းဟုန်း တောက်လောင် နေသော အစိုင်အခဲကြီးဖြစ် ကြောင်းကိုလည်း သိကြပါသည်။ ပူလောင်ကြောင်းကိုလည်း သိကြပါသည်။ သူ၏ တေဇောဓာတ်ရှိန် ကြောင့် 'အသက်' ဖြစ်လာသည်။ ကာမဂုဏ်မီးကြောင့်လည်း အသက်မျိုးဆက် ဖြစ်လာကြရပါသည်။ သူ့ဆင်ခြေကို ငြင်းနိုင်ဖွယ်မမြင်ပါ။ ထိုမှတစ်ဆင့် သူ့ဘဝအမြင်ကို ပီပီရှင်းရှင်း ထပ်ဆင့် တင်ပြပြန် ပါသည်။'(စာ-၉၂)
    'ကျွန်မချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဖူး တပ်မက်ဦးမည်'၊ လင်သားကိုလည်း ထွေးပွေ့ယုယ ချင်သည်၊ သမီး၊ သား၊ မြေးကိုလည်း ချစ်ခင်ကြင်နာချင်သည်။ စကားစမြည်ပြောဆို မြိန်ယှက်သော မိတ်ဆွေများကိုလည်း ခင်တွယ်လာချင်သည်။ ဘဝဟူသည် ခဏမျှသာ ဖြစ်လင့်ကစား ထိုဘဝသည် လှပါ၏။ တစ်နေ့တွင် သေရမည် မုချဟု သိသော်ငြားလည်း သတ္တိရှိရှိ ပျော် ပျော်ရွှင်ရွှင် နေသွား ချင်သည်။ မီးသည် ပူလောင်၏။ ဤသည်မှာ သစ္စာဖြစ်သည်။ ထိုမီးကြောင့်ပင် 'အသက်' ဖြစ်ထွန်း လာရ၏။ ဤသည်မှာလည်း သစ္စာပင်ဖြစ်၏။ ကျွန်တော်တို့က ဟိုသစ္စာလိုလို၊ ဒီသစ္စာလိုလို တွေေ၀ တတ်ကြသည်။ ဟန်ဆောင်ချင်ကြသည်။ ကြည်အေးက ဟန်မဆောင်။ ဘဝကို ရဲရဲတွေး၍ ရဲရဲနေ သည်။ ကျွန်တော့်ကိုယ်ကို ကျွန်တော် လှည့်စားနေသော ဟန်ဆောင် တွေးလုံးများကို ကြည်အေး၏ 'သစ္စာသစ်'က လှောင်ပြုံး ပြုံးလိုက်သကဲ့သို့ ခံစားလိုက်ရပါသည်။' (စာ-၉၃)
    ဆရာအောင်သင်းက အဲဒီလို နိဂုံးချုပ်သုံးသပ် ပေးခဲ့ပါတယ်။ ကြည်အေးရဲ့ ကဗျာအကြောင်း အရာပေါ် ဘာမျှပြောစရာမရှိပါ။ လှပသော သမုဒယဖွဲ့ကဗျာတစ် ပုဒ်အဖြစ် နှစ်သက်ဖွယ် ကောင်းပါတယ်။ ဒါပေမဲ့ ကဗျာခေါင်းစဉ် 'သစ္စာသစ်'ဆိုတာကတော့ လုံးဝ(လုံးဝ) လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။ ဆရာအောင်သင်းခမျာလည်း ကဗျာခေါင်းစဉ်နဲ့ ကဗျာအကြောင်းအရာကို ဆက်စပ်ပြီး မစဉ်းစားု မကြည့်မြင်နိုင်ခဲ့ရှာဘူး။ ကဗျာ အကြောင်းအရာက လင်သားကိုလည်း ထွေးပွေ့ယုယချင်၊ သမီးသားမြေးကိုလည်း ချစ်ခင်ကြင်နာချင်၊ မိတ်ဆွေတွေနဲ့လည်း ခင်မယ်တွယ်ငြိချင်စတဲ့ သမုဒယသံယောဇဉ်(ဝါ) ဘဝရာဂ(ဘဝကို တပ်မက်ခြင်း)ကို ဖွဲ့နွဲ့ ထားတာဖြစ်ပါတယ်။ သစ္စာနဲ့ပြောရင် 'သမုဒယ သစ္စာ' သာ ဖြစ်ပါတယ်။ 'သစ္စာသစ်' မဟုတ်ပါဘူး။ သစ္စာ အဟောင်းကြီးပါ။
    'စတုသစ္စဝိနိဗုတ္တော ဓမ္မောနာမနတ္ထိ'ဆိုတဲ့ ဗုဒ္ဓဘုရားဟော တရားတော်အရ ...'သစ္စာလေးပါးနဲ့ ကင်းလွတ်သော တရားသည်မရှိ'ဆိုတာ ထင်ရှားပါတယ်။ ဘုရားဟော သစ္စာလေးပါးကို ကျော်လွန်တဲ့ 'ပဉ္စမ မြောက်သစ္စာ'ဆိုတာ ယခင်ကလည်းမရှိ၊ ယခုလည်း မရှိ၊ နောင်အနာဂတ်မှာလည်း လုံး၀မရှိနိုင်ပါ။ ကြည်အေးရဲ့ကဗျာက ဘုရားဟောဒုတိယမြောက်သစ္စာဖြစ်တဲ့ သမုဒယသစ္စာသာ ဖြစ်ပါတယ်။ သစ္စာသစ် လုံးဝမဟုတ်ပါဘူး။ ကြည်အေးကိုယ်တိုင်က ...ဗုဒ္ဓဘာသာကို တွေ့ရှိသွားပြီး လေး လေးနက်နက် ယုံကြည်လာချိန်မှာ (အသက် (၇၆) နှစ်အရွယ်၊ ၂၀၁၅ မှာ)
'ဒုတိယသစ္စာ'အမည်နဲ့ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ ကောက်နုတ်ဖော်ပြပေးရလျှင် ...
    တဏှာလောဘ ပြိုဆင်းလွန်းစွ
    အနတ္တကို အနတ္တက စုံမက်
    စိတ်ခန္ဓာချင်း ချစ်ကြိုက်နှစ်သက်ပြီး
    မရှက်ကြောက်တတ်
    ဘ၀ အသစ် အသစ်ကို
    ဆိုက်ရောက်တတ်သည်။

    ဘဝစပြန်တော့
    ဇာတိမရဏ
    သောကပရိဒေဝဖြင့်
    မျက်ရည်တွေတွေကျတော့
    သမုဒ္ဒရာအ၀၀တို့ ခန်းလည်း
    လူ့မျက်ရည် မကုန်ခန်းနိုင်ပြီ
    စွဲလမ်းခြင်း ဥပါဒါန်က
    အရင်းခံအကြောင်းပြသည်မှာ
    ကာမတဏှာ
    ဘဝတဏှာ
    ဝိဘဝတဏှာ
    သမုဒယသစ္စာ
    ဒုတိယသစ္စာ။    ။
(၂၀၁၆၊ ဇွန်လထုတ်၊ ပွင့်ဒင်္ဂ၊ စာ-၄၁)

    ကြည်အေးဟာ 'သမုဒယသစ္စာ'ကို လေးလေးနက်နက် ဆင်ခြင် တွေ့ရှိသွားပုံရတယ်။ 'ဒုတိယ သစ္စာ'ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ရေးခဲ့တဲ့ အခြားကဗျာတစ်ပုဒ်ကို တွေ့ရပြန်တယ်။ သစ္စာသစ်နဲ့ နှိုင်းယှဉ်ဖတ် ရှုဖို့ အချို့ ကဗျာစာပိုဒ်တွေကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။
    'ကြုံရာဖျက်ဆီး၊ မီးသို့ကြမ်းတမ်း၊ အပါယ်လမ်းကို၊ ဖမ်းစားမှန်းသိလျက်ပင်၊ လမ်းမှားမှာ ငြိသက်ဝင်ပြီး၊ ဆန်းပြားသည့် မျက်ရှင်နှင့်၊ သက်တံနတ်ပန်းသာ မြင်တော့၊ ခြေစုံဝင်ချက်ချင်း၊ ရေလျဉ်မှာ မျှောဆင်းပြီး၊ ညှို့သွင်းသမျှ မရုန်းနိုင်၊ ကိုယ်စိတ် မသိမ်းနိုင်သည်ကို၊ ပိုင်နိုင်ဆုံးမမည့် ဗုဒ္ဓနှင့်တပည့်သံဃာတို့ ဤကမ္ဘာမှာ ပွင့်ခဲ့ပြီ။' (ပွင့်ဒင်္ဂ၊ စာ-၁၉)
    'မကျွတ်ချင်သေးသော၊ လူသတ္တဝါက ပြောသည်မှာ၊ သုခကိုသာ မက်မောမတဲ့၊ သူစုံမက်သော ထို သုခသည် မမြဲသောတဏှာလောဘ၊ အားလုံးအားလုံး အနိစ္စ၊ နောက်ဆုံးဒုက္ခ၊ ဒုက္ခသာကျန်ရှိ၏ဟု ကြည့်တတ်က မြင်သိနိုင်သည်မှာ ...ဒုတိယသစ္စာ၊ သမုဒယသစ္စာ၊ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ...' (၎င်း၊ စာ-၁၉)

    သစ္စာသစ်ကဗျာမှာ 'ကျွန်မချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး၊ တပ်မက်ဦးမည်'လို့ ရေးခဲ့ရာက ယခု 'ဒုတိယသစ္စာ'မှာ 'မကျွတ်ချင်သေးသော လူသတ္တဝါက ပြောသည်မှာ သုခကိုသာ မက်မောမတဲ့' လို့ ပြန်လည်အပ် ကြောင်းထပ်ပြခဲ့ပြီး 'သူစုံမက်သော ထိုသုခသည် တဏှာလောဘ၊ အားလုံးအနိစ္စ၊ နောက်ဆုံးဒုက္ခ၊ ဒုက္ခသာကျန် ရှိဟု'လို့ ဓမ္မအမြင်နဲ့ ပီပီပြင်ပြင် ရေးဖွဲ့သွားနိုင်ခဲ့ပါတယ်။
    'ကာမပြိုးပြက် လျှပ်လက်ထသော၊ ပုလဲစိန်စလို့ ဘဝလှပဟန်ဆောင်လည်း၊ ဆွဲဖမ်းလှောင် ထောင်ချမည့် လောင်မီးရန်ဘယဟု နှမသတိရှိပါလော့'လို့ 'ထွက်ခွာသွားသူ'ကဗျာမှာ ရေးခဲ့ပြန်တယ်။ သစ္စာသစ်ကဗျာမှာတုန်းက မီးရောင်ကို ရွှေတောင်မှတ်အောင် နှစ်သက်ဖွယ်၊ တက်မက်ဖွယ်ဖြစ်အောင် ရေးခဲ့ပေမယ့် အခုတော့ 'လောင်မီးရန်ဘယ'လို့ အပြစ်ပြသတိပေးရေးဖွဲ့ခဲ့လေပြီ။ ဆရာအောင်သင်း က 'ကျွန်တော်တို့က ဟိုသစ္စာလိုလို၊ ဒီသစ္စာလိုလို တွေဝေတတ်ကြသည်။ ဟန်ဆောင်ချင်ကြသည်။ ကြည်အေးက ဟန်မဆောင်'လို့ ရေးခဲ့ပေမယ့် ကြည်အေး ကိုယ်တိုင်က 'ကာမပြိုးပြက် လျှပ်လက်ထသော ပုလဲစိန်စ နီလာမြလို၊ ဘဝလှပ ဟန်ဆောင်လည်း'လို့ ရဲရဲရှုမြင်ခဲ့လေပြီ။ ဘဝတဏှာ အဆင်တန်ဆာတွေဆိုတာ 'လှပဟန်ဆောင်'ထားတာတွေချည်းလို့ ရေးခဲ့တာ ဆရာအောင်သင်းကိုလည်း မြင်လိုက်စေချင်ပါသေးရဲ့။
    ဆရာအောင်သင်းကသာ 'ဟိုသစ္စာလိုလို၊ ဒီသစ္စာလိုလို တွေဝေ'နေပေမယ့် ကြည်အေးကတော့ မြတ်ဗုဒ္ဓဓမ္မအနှစ် သစ္စာလေးပါးထဲက 'ဒုတိယသစ္စာ (သမုဒယသစ္စာ)'ကို ကောင်းစွာမှန်စွာ ကဗျာရေးဖွဲ့ပြီး 'ကြည်အေး ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပြီ'လို့ ၂၀၁၅ နိုဝင်ဘာထုတ် 'ဘဝအစွန်မှာ'ဆိုတဲ့ စာအုပ်မှာ ဥဒါန်းကျူးခဲ့လေပြီ။ 'ဗမာနိုင်ငံကို ကယ်တိုင်နိုင်မှာ တရားနဲ့သံဃာ ပဲရှိတယ်လို့ အောက်မေ့ပါတယ်'လို့လည်း တိတိလင်း လင်း ဆိုခဲ့လေပြီ။ ကြည်အေးဟာ ဆရာအောင်သင်းပြောသလို ဟိုသစ္စာလိုလို၊ ဒီသစ္စာလိုလိုမှာ တွေဝေနေခဲ့သူ မဟုတ်ပါ။ ကြည်အေးရဲ့ နောက်ဆုံးစာအုပ်နှစ်အုပ် (ဘဝအစွန်မှာနှင့် ပွင့်ဒင်္ဂ)ထဲက အရေးကြီးတဲ့ အချက်အလက်တွေကို ထုတ်နုတ်ပြီး 'ကြည်အေးရဲ့ နောက်ဆုံး စကား'ဆိုတဲ့ ဆောင်းပါးကို ၂၀၂၂ အောက်တိုဘာ ၂၇ - နိုဝင်ဘာ ၂ ရက်ထုတ် TREND ဂျာနယ်မှာ ကျွန်တော် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။
    ကြည်အေး ၁၉၇၁ က ရေးခဲ့တဲ့ 'သစ္စာသစ်'ဟာ သစ္စာသစ်မဟုတ်၊ ဘုရားဟော သစ္စာလေး ပါးထဲက ဒုတိယသစ္စာ(သမုဒယသစ္စာ)သာဖြစ်ကြောင်း ကြည် အေးကိုယ်တိုင် ၂၀၁၆ ဇွန်လထုတ် 'ပွင့်ဒင်္ဂ' ဓမ္မကဗျာစုမှာ ဝန်ခံရေးဖွဲ့သွားခဲ့ပေပြီ။ ကြည်အေးရဲ့ ဒုတိယသစ္စာ (သစ္စာအဟောင်း) အပါအဝင် ဓမ္မကဗျာများကို ဆရာအောင်သင်း ဖတ်ရှုခံစားခွင့် ရမသွားဘဲ အသေစောခဲ့တာ နှမြောဖို့ ကောင်းလှပါတယ်။ တမလွန်ဘဝတစ်ခုမှာ ဟိုသစ္စာလိုလို၊ ဒီသစ္စာလိုလို မဝေခွဲနိုင်သောဘဝမျိုးက လွတ်မြောက်ပြီး သစ္စာလေးပါးကို မျက်မှောက်ပြုနိုင်သော ဆရာအောင်သင်း ဖြစ်ပါစေလို့သာ ...။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.