၂၀၂၅ ၊ ဧပြီ ၂၆
လူတို့တွင် ရာသက်ပန် အသက်ထက်ဆုံး မမေ့နိုင်အောင် အမြဲတစေ ကြားယောင်နေသော စကားကလေးများ ရှိတတ်၏။ ဘဝတစ်သက်တာ ဘယ်သောအခါမှ မေ့ပျောက်၍ မရနိုင်သော ဖြစ်ရပ်ဆန်းကလေးများလည်း အသီးသီးရှိနေတတ်၏။
အထူးသဖြင့် မိဘနှစ်ပါးကွယ်လွန်ခါနီးကာလ နောက်ဆုံးမှာထားခဲ့သော စကားများသည် သားသမီးတို့၏ အသဲထဲတွင် ရာသက်ပန် စွဲဝင်နစ်မြုပ်၍ နေတတ်သည်။ မိဘနှုတ်ဖြားမှ နောက်ဆုံး ကြားလိုက်ရသော စကားဖြစ်၍လည်း အထူးလေးစားလေ့ ရှိကြ၏။
ထို့ပြင် ခင်ပွန်းဖြစ်သူကို မြတ်နိုးချစ်ခင်သော ဇနီးသည်လည်း ကွယ်လွန်ခါနီးကာလ၌ ခင်ပွန်းဖြစ်သူ၏ နောက်ဆုံး နှုတ်ထွက်စကားကို တစ်သက်လုံး နားထဲက ထွက်မည်မဟုတ်ပေ။ ဆရာသမားကို လေးစားကြည်ညိုသော တပည့်တပန်းတို့သည်လည်း ဆရာ၏ နောက်ဆုံးမှာစကားကို ဘယ်သော အခါမှ မမေ့ပျောက်နိုင်ကြပေ။
ထင်ရှားသော သာဓကများမှာ ထောင်ထဲ၌ အစာငတ်ခံ၍ တိုက်ပွဲဝင်ရင်း ပျံလွန်တော်မူသွားရှာသော အာဇာနည်ဆရာတော် အရှင်ဦးဝိစာရ ၏ 'လိမ္မာရစ်ကြပါ'ဟူသော နောက်ဆုံးမှာစကားသည် အများပြည်သူတို့အဖို့ ယနေ့တိုင် မမေ့နိုင်အောင် ရှိနေသည်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်တော်အတွင်း၌ သလွန်တော် ရွှေညောင်စောင်းထက်တွင် မြောက်သို့ ဦးခေါင်းပြု၍ လကျ်ာနံတောင်းဖြင့် လျောင်းတော်မူရင်းမှ 'အပ္ပမာဒေန သမ္ပာဒေထ'ဟူ၍ နောက်ဆုံးမှာထားခဲ့သည့် ဝါဒစကားသည်လည်း ဗုဒ္ဓဘာသာဝင် ရှင်,လူရဟန်းတို့၏ ယနေ့တိုင် ကြားယောင်လျက်ပင် ရှိနေကြကုန်၏။ (ဘိက္ခေ၀၊ငါ၏ချစ်သားတို့။ တုမှေ၊ သင်တို့သည်။ အပ္ပမာဒေန၊ မမေ့မလျော့သော သတိတရားဖြင့်။ သမ္ပာဒေထ၊ ကောင်းစွာ ပြည့်စုံစေကြကုန်လော့။)
ထိုမှတစ်ပါး အလားတူ မမေ့ပျောက်နိုင်သော 'နောက်ဆုံးစကားများ' မြောက်မြားစွာပင် ရှိပေ၏။ ဤဆောင်းပါးတွင် မိဘ၏ နောက်ဆုံးစကားကို အဓိကအားဖြင့် ဖော်ပြလိုပါသည်။
မိဘတို့၏ နောက်ဆုံး နှုတ်ထွက်စကားသည် သားသမီးတို့အတွက် ရာသက်ပန် လိုက်နာရန် နှုတ်မွေဖြစ်ပေ၏။ ပစ္စည်းတစ်စုံတစ်ခုကို နောက်ဆုံးပေးခြင်းအနေဖြင့် အမှတ်တရ ပေးထားခဲ့လျှင်လည်း ထိုအမွေ ပစ္စည်းကို သားသမီးများသည် အသက်တမျှ မြတ်နိုးတတ် ကြမြဲပင်ဖြစ်သည်။ အဖိုးတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ မိဘထံမှ နောက်ဆုံးရလိုက်သော အမွေကို အလွန်မြတ်နိုးပြီး နောက်ဆုံးစကားဆိုလျှင်လည်း မြေဝယ်မကျ နားထောင်ကာ လိုက်နာပြုလုပ်လေ့ရှိကြ၏။
'မိဘစကား နားထောင်ငြားက သံပြားကျောက်စောင်း၊ ကြိုသော်ပြောင်း၏' ဆိုသည့်အတိုင်း မိဘစကားကို နားထောင်ခြင်းမှာ ကောင်းသော အမူအကျင့်ပင် ဖြစ်ပေသည်။ သို့သော် မှာစကားကို အဓိပ္ပာယ်အယူအဆမှန်ကန်အောင် ကောက်၍ ပြုလုပ်ပါမှ ရည်ရွယ်ချက် ထမြောက်အောင် မြင်မည်ဖြစ်၏။ အဓိပ္ပာယ် အကောက်မှားချေက အကျိုးမများဘဲ ရှိနေတတ်လေသည်။
မြတ်စွာဘုရားသခင် လက်ထက်တော်အခါက ရာဇဂြိုဟ်ပြည်၌ ဖခင်၏ နောက်ဆုံးစကားကို အဓိပ္ပာယ် အယူအဆ လွဲမှားစွာ ပြုမူနေသော သူဌေးသားတစ်ယောက် ရှိခဲ့ဖူးသည်။ သူဌေးသား၏ အမည်မှာ သိင်္ဂါလဟုတွင်၏။
အဖသူဌေးကြီးမှာ ဇရာဖိစီး အသက်အရွယ်က ကြီးသည့်ပြင် ပြင်းထန်သော ဝေဒနာဒဏ်ကို အလူးအလှိမ့်ခံနေရရာမှ သား၏မျက်နှာကို ကရုဏာမျက်လုံးဖြင့် ရှုမဆုံးအောင် မမှိတ်မသုန် တွေ၍ ကြည့်နေသည်။ 'ငါ မရှိရင် ငါ့သားလေး ဒုက္ခရောက်ရှာတော့မှာပဲ၊ ငါ့သား လေးတစ်သက်လျာပတ်လုံး မပူမပင် မကြောင့်မကြရအောင် ငါ့သားအား ငါဘာ အမွေပေးခဲ့ရပါ့မလဲ'ဟု တွေးကာ မျက်ရည်ဝေ့၍ လာ၏။
သူဌေးကြီးသည် သူ့ကိုယ်သူ ဟန်ပုံမပေါ်သည့် အဆုံးတွင် တွေဝေသော မျက်လုံးဖြင့် သားကို ကြည့်လျက် "ငါ့သားလေး ရာသက်ပန် သုံးသွားရစ်ဖို့ စကားတစ်လုံး တော့ဖြင့် အမွေပေးထား ခဲ့ဦးမှပဲ"ဟု သားကို အနားသို့ ခေါပြီးလျှင်-
'ငါ့သား'အဖတော့ ဒီတောင်က တက်နိုင်တော့ မှာမဟုတ်ဘူး၊ အဖမသေခင် ငါ့သားကို အမွေတစ်ခု ပေးထားခဲ့မယ်၊ အဖစကားကို နားထောင်ရင် ငါ့သား မဆင်းရဲ နိုင်ဘူး'၊ 'အရပ်ဒိသာ ခြောက်မျက်နှာရှိတယ် ငါ့သား၊ အဲ့ဒါကို နေ့စဉ်မပြတ် ရိုသေမြတ်နိုး၊ ရှိခိုးပြီးနေပါလေ ငါ့သား'ဟု နောက်ဆုံးစကား မှာထားခဲ့ပြီးနောက် များမကြာမီပင် ဖခင်သူဌေးကြီးမှာ ကွယ်လွန်ခဲ့သည်။
ထိုခေတ် ထိုအခါ၌ ရာဇဂြိုဟ်မြို့တော်ကြီးမှာ ကြက်ပျံမကျအောင် အထူးစည်ကားလျက်ရှိနေပြီး လူဦးရေမြောက်မြားစွာ နေထိုင်သော ရာဇဌာနီ မင်းနေပြည်တော်ကြီး ဖြစ်၏။
အယုဇ္ဈပူရိန်၊ တာဝတိံတမျှ စည်ကားလှသော ထိုရာဇဂြိုဟ်မြို့တော်ကြီးအတွင်း၌ နံနက်တိုင်း စောစောထ၍ မြို့ကိုပတ်ပြီးလျှင် စိုရွှဲသော ဆံပင်များကို လည်ကုတ်ပေါ်မှဝဲကာ နောက်သို့ ဖားလျားချလျက် ကိုယ်၌လည်း ရွှဲရွှဲစိုနေသော အဝတ်ကိုဝတ်ကာ သူရူးသဖွယ် လမ်းတကာလျှောက်၍ လက်အုပ်တမိုးမိုးနှင့် ရှိခိုးနေသော လူထူးလူဆန်းတစ်ယောက်အား မြို့သူမြို့သားများက တဝါးဝါးနှင့်ကြည့်၍ ဟားတိုက် ရယ်မောနေကြသည်။
သို့သော် ထိုသူမှာ အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိ။ သူ့တာဝန်ကို သူကျေပြွန်အောင် ထမ်းဆောင်ကာသာနေ၏။ မြို့တော်၏ မင်းလမ်းမတစ်နေရာတွင် ခြေကိုစုံရပ်လျက် အရှေ့ အနောက် တောင်မြောက် အောက်အထက် ဟုဆိုအပ်သော အရပ်ခြောက်မျက် နှာကို ချာချာလှည့်၍ ရှိခိုးနေသည်။ ထိုသူမှာ သူဌေးသား သိင်္ဂါလပင် ဖြစ်သည်။
အချို့က သိင်္ဂါလအား 'အဖသေ၍ ရူးသွားပြီ'ဟုထင်ပြီး သနားကရုဏာ သက်သူကလည်း မရှား၊ သူ့အသွင်ကိုကြည့်၍ ဟားချင်သူများကလည်း တဝါးဝါး၊ သို့သော် သိင်္ဂါလက ထိုသူများအား အမှုမထားဘဲ အဖ၏ မှာစကားအတိုင်း နေ့စဉ်မှန်မှန် နံနက်တိုင်း စောစောထ၍ မြို့ကို လှည့်ပတ်ပြီးလျှင် အရပ်ခြောက်မျက်နှာကို အမြဲတစေ ရှိခိုး၍ နေလာခဲ့ရာမှ တစ်နေ့သော နံနက်ခင်း၌ ဆွမ်းခံဝင်ချိန်၌ ဗုဒ္ဓရှင်တော်ဘုရားသည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူလာသောအခိုက်တွင် ရှိခိုးသည်ကို လူတကာဝိုင်း၍ ကြည့်နေသော သူဌေးသားနှင့် ကြုံကြိုက်တွေ့ဆုံလေလျှင် မြတ်စွာဘုရားက ဤသို့ မေးတော်မူ၏။
"ချစ်သား သိင်္ဂါလ၊ သင်၏ ပြုမူချက်ကား ထူးဆန်းစွတကား၊ ရွှဲရွှဲစိုသောကိုယ်လုံး၊ ပခုံးနှစ်ဖက်မှ ဝဲ၍ နောက်သို့ ဖားလျားချထားသော ဆံပင်များဖြင့် လှည့်ကာ လှည့်ကာ အရပ်ခြောက်မျက်နှာတို့ကို သင်ရှိခိုးနေ ခြင်းကား အကြောင်းမည်သို့နည်း"ဟု မေးတော်မူလေ၏။
"ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား၊ ဘုရားတပည့်တော်သည် သေခါနီးကာလ နောက်ဆုံးမှာထားခဲ့သော အဖ၏စကားကို ရိုသေလေးစားသောအားဖြင့် ရှိခိုးခြင်းဖြစ်ပါသည်"
"သင်၏ဖခင်က မည်သို့ မှာထားခဲ့ပါသနည်း ချစ်သားသိင်္ဂါလ"
"အရှေ့ အနောက် တောင် မြောက် အောက် အထက် ဟူသော အရပ်ခြောက် မျက်နှာကို တရိုတသေ ငါ့သား အမြဲမပြတ် ရှိခိုးရစ်ပါလေဟု မှာထားခဲ့ပါသည် ဘုရား"
"မှားလေစွ ချစ်သားသိင်္ဂါလ"ဟု မြတ်စွာ ဘုရားက မိန့်မြွက်လိုက်သောအခါ သိင်္ဂါလ သူဌေးသားသည် ရုတ်တရက် လက်အုပ်ချီမြှောက်လျက် "မိဘစကားကို နားထောင်သည်မှာ မှားသလား အရှင်ဘုရား"ဟု လျှောက်တင်သောအခါ-
"ချစ်သား သိင်္ဂါလ၊ မိဘစကား နားထောင် သည်မှာ မွန်မြတ်လျော်ကန်သော်လည်း သင်၏အပြု အမူသည် သင့်အဖ၏ ရည်ရွယ်ချက်နှင့် မကိုက်ညီ။ အဓိပ္ပာယ်အယူအဆ လွဲမှားနေသည်ဟု ငါဆို၏။ သင့် ဖခင်မှာကြားခဲ့သော အရာများသည် အရှေ့ အနောက် တောင် မြောက် အောက် အထက် ဟူသော ပကတိသော အရပ်မျက်နှာတို့ကို ဆိုလိုသည် မဟုတ်။ ရိုသေစွာ စိတ်၌စွဲ၍ အမြဲတစေ ရှိခိုး၍ နေရစ်ပါလေ ဆိုသည်မှာ လည်း လက်အုပ်ချီမိုး၍ ရှိခိုးသည်ကို မှာဆိုခဲ့သည် မဟုတ်"ဟု မိန့်လေလျှင် သိင်္ဂါလ ငိုင်ကျသွားပြန်၏။ ဘာကိုဆိုလိုတာပါလိမ့်ဟူသော အတွေးဖြင့် အတန်ကြာ ငေးနေပြီးမှ လက်အုပ်ချီမြှောက်ကာ လျှောက်ပြန်ရှာ လေသည်။
"ဘုန်းတော်ကြီးလှသော ရှင်ပင်မြတ်ဘုရား၊ အရပ်ဒိသာ ခြောက်မျက်နှာဟူသည် အဘယ်ကို ဆိုလိုပါသနည်း။ မည့်သို့ မှတ်ရပါမည်နည်း။ ရိုသေစွာ စိတ်စွဲ၍ အမြဲရှိခိုးရမည်ဆိုသည်မှာ အဘယ်ကို ဆိုလိုပါသနည်း။ အဘယ်သို့ပြုမူသည်ကို ဆိုလိုပါသနည်း။ မသိနားမလည် ရှာသော တပည့်တော်အား သနားသောအားဖြင့် ဟောကြားမိန့်မြွက်တော်မူပါဘုရား"ဟု ဆိုလျှောက်ထားသောအခါ မြတ်စွာဘုရား က-
"ချစ်သား သိင်္ဂါလ။ နာလော့…အရပ်ဒိသာ ခြောက်မျက်နှာ ဆိုလိုချက်ကို ငါမိန့်မြွက်တော်မူအံ့"
(၁) ချစ်သား သိင်္ဂါလ မှတ်လေလော့။ ကျေးဇူးရှင် မိဘနှစ်ပါးတို့ကား ပုဗ္ဗဒိသာ အရှေ့အ ရပ်မျက်နှာ မည်ကုန်၏။ အမိဝတ် အဖဝတ်ကို မချွတ်စေရ။ နေရာတကျပြုမူသည် အရှေ့မျက်နှာကို ရှိခိုးခြင်းမည်ပေ၏။
(၂) မှတ်ဦးလော့ ချစ်သားသိင်္ဂါလ… ပဲ့ပြင်၊ သွန်သင်ဆုံးမပေးသော ဆရာသမားတို့ကား ဒက္ခိဏဒိသာ တောင်အရပ်မျက်နှာ မည်ကုန်၏။ ဆရာဝတ်ကို မချွတ်အောင် ပြုမူဆောင်ရွက်ခြင်းသည် တောင်အရပ်ကို ရှိခိုးသည်မည်ပေ၏။
(၃) ချစ်သား သိင်္ဂါလ… ထိုမှတစ်ပါး အိမ်သူ သက်ထား ချစ်စွာသောမယားသည် ပစ္ဆိမဒိသာ အနောက်အရပ် မျက်နှာမည်၏။ မယားဝတ်ကို မချွတ်မယွင်း ပြုမူဆောင်ရွက်ခြင်းကာ အနောက်မျက် နှာကို ရှိခိုးသည် မည်ပေသတည်း။
(၄) အို… ချစ်သားသိင်္ဂါလ၊ အပေါင်းအသင်း ချစ်စွာသော သူငယ်ချင်း မိတ်ဆွေအပေါင်းတို့ကား ဥတ္တရဒိသာ မြောက်မျက်နှာမည်ကုန်၏။ မိတ်ဝတ်ဆွေဝတ်ကို မချွတ်မလွဲ စိတ်မှာစွဲ၍ ပြုမူခြင်းသည် မြောက်အရပ်ကို ရှိခိုးသည် မည်ပေ၏။
(၅) သိင်္ဂါလဟု နာမထင်ရှား ဒါယကာသူ ဌေးသား၊ အိမ်၌စေပါးထားသော လက်အောက်ခံ ကျေးကျွန်တို့ကား ဟေမဝိမဒိသာ အောက်အရပ်မျက်နှာ မည်ကုန်၏။ ကျေးကျွန်တို့ အပေါ်၌ ပြုရာ သောဝတ်ကို မချွတ်မစောင်းရအောင် ဆောင်ရွက်ခြင်းသည် အောက်အရပ်ကို ရှိခိုးသည် မည်ပေ၏။
(၆) အို… ဒါယကာ သိင်္ဂါလ၊ အရိယာနွယ်ဝင် သူတော်စင် ရသေ့ရဟန်းတို့ကား ဥပရိမဒိသာ အထက် အရပ်မျက်နှာ မည်ကုန်၏။ ၎င်းင်းတို့အပေါ်၌ ရိုသေလေး စားစွာ ပြုကျင့်ရာသောဝတ်ကို မချွတ်မယိမ်း မတိမ်းမပါးရအောင် ပြုမူဆောင်ရွက်ခြင်းသည် အထက်အရပ် မျက်နှာကို နေ့ညတုပ်ကွ ရိုကျိုး ရှိခိုးသည်မည်ပေ၏။”
ဤသို့စသောအားဖြင့် သဗ္ဗညုဘုရားသခင်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွလာတော်မူစဉ်… အကြင်သို့သော သိင်္ဂါလအမည်ရှိသည့် သူဌေးသားအား ခြောက်မျက်နှာ၏ အချုပ်အဓိပ္ပာယ်သရုပ်ကို ထုတ်ဖော် ဟောကြားတော်မူလေသည်။ သိင်္ဂါလသူဌေးသားအား အကြောင်း ပြု၍ ဟောတော်မူ သောကြောင့် ထိုသုတ်ကို 'သိင်္ဂါလောဝါဒသုတ်'ဟူ၍ ခေါ်သည်။
သေခါနီးကာလ နောက်ဆုံး မှာသွားသော မိဘ၏စကားကို ရိုသေလေးစားစွာဖြင့် နေ့စဉ်အရပ် ခြောက်မျက်နှာကို ရှိခိုးခြင်းပြုပါသော်လည်း အဓိပ္ပာယ် အယူအဆ လွဲမှားမှုကြောင့် သိင်္ဂါလသူဌေးသား၏ ဆောင်ရွက်ချက်များကား အကျိုးမပြီး အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
မိဘစကားကို နားထောင်ခြင်းသည် ယခုလည်းကောင်း၏။ နောင်လည်းကောင်း၏။ မည်သည့် အခါမဆို အခါခပ်သိမ်းကောင်းသဖြင့် ဘုရားအစရှိသော သူတော်ကောင်းတို့က ကောင်းချီးသြဘာ ထောမနာပေးကြကုန်၏။ သို့သော် မိဘတို့ဆိုလိုသော အဓိပ္ပာယ်ကို ခြုံမိငုံမိအောင်ယူတတ်ဖို့ အရေး ကြီးလှပုံများမှာ ဤသိင်္ဂါလသူဌေးသားကို ထောက်သဖြင့် ထင်ရှားလှပေသည်။
သူသူငါငါ လူသတ္တဝါမှန်သမျှတို့တွင် မိဘရှိကြသူချည်းဖြစ်၏။ ဆရာသမားနှင့်လည်းမကင်း၊ မိတ်ဆွေအပေါင်းအသင်းက တခြား၊ သားမယားက တစ်ခန်း၊ ဘာသာအယူဝါဒအရ ကိုးကွယ်ရာ ရသေ့ရဟန်းများနှင့် အစေအပါး လက်အောက်ခံငယ်သားများ အထိုက်အ လျောက် ရှိကြသည်ချည်း သာဖြစ်၏။ ၎င်းကို လူ့ပတ်ဝန်းကျင်ဟု ခေါ်ဆိုလေသည်။
လူဖြစ်လျက် 'ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုပါဘူး'ဆိုသော စကားသည် အဓိပ္ပာယ်မရှိချေ။ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ အများကြီးလိုအပ်၏။ မိမိနှင့်သက်ဆိုင်ရာ မိဘဆရာသမား စသော ပတ်ဝန်းကျင်ကို ဝတ္တရားကျေပြွန်စွာ ဂရုတစိုက်ပြုမူ ဆောင်ရွက်ခြင်းသည် ခြောက်မျက်နှာကို ရိုသေစွာ အမြဲ ရှိခိုးနေခြင်းမည်၏။ အရပ်ခြောက်မျက်နှာကို လုံခြုံအောင် ပိတ်ဆို့ထားခြင်း လည်းမည်၏။
သားသမီးဖြစ်လျက် မိဘတို့အပေါ်၌ ငါးပါးသောဝတ်ကို မပြုခဲ့သော်၊ မိဘဟူသော အရှေ့ဘက်မှ အရပ်မျက်နှာသည် ဟာလာဟင်းလင်းကြီး ပွင့်လေတော့၏။ ထိုအခါ ထိုအရပ်မျက်နှာမှ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး နှစ်ပါးသည် ထိုသားသမီးတို့ထံသို့ ဝင်ရောက်လာ၏။ ဘေးသင့်၏။ သားသမီးဝတ္တရားငါးပါးနှင့်အညီ ပြုကျင့်သူတို့အား ထိုအရပ်မျက်နှာဘက်သည် လုံခြုံ၏။ အမိအဘတို့နှင့်စပ်သော ဘေးနှစ်ဖက်သည် ထိုသားလိမ္မာ၊ သမီးလိမ္မာတို့ထံ မှောက်သို့ မရောက်လာတော့ချေ။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပေ၏။ (အတ္တာနုဝါဒဘေးဆိုသည်မှာ မပြုမိခဲ့လေခြင်းဟု မိမိကိုယ်ကိုယ် မိမိစွပ်စွဲသောဘေးကို ဆိုလိုသည်။ ပရာနုဝါဒဘေးဆိုသည်မှာ လောက၌ ရဟန်းရှင်လူ ပညာရှိသူ ခပ်သိမ်းတို့သည် လည်းကောင်း၊ ကိုယ်စောင့်နတ်မစ၍ လောကဓာတ်ကို စိုးမိုးကြသော နတ်အပေါင်း တို့သည်လည်းကောင်း ထိုသို့သော သားမိုက်၊ သမီးမိုက်များကို ကဲ့ရဲ့ကြကုန်၏။ ဤသို့ သူတစ်ပါးတို့၏ ကဲ့ရဲ့ ရှုတ်ချခြင်းသည် ပရာနုဝါဒ ဘေးမည်၏။)
ဆရာသမားတို့အပေါ်၌ တပည့်ကျင့်ဝတ်ယွင်းပျက်ခဲ့လျှင် တောင်အရပ်မျက်နှာ ဟာ၏။ ထိုအခါ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဘေးနှစ်ပါးဝင်တော့မည် ဖြစ်၏။ လင်သားကျင့်ဖွယ် ဝတ်ငါးသွယ် ပျက်ကွက်ခဲ့လျှင် အနောက်မျက်နှာဟာ၏။ ထိုအခါ ဘေးနှစ်ပါးနှင့်တကွ ဒုက္ခများစွာ ဝင်ရောက်လာ တတ်၏။ မိတ်ဆွေကျင့်ဝတ် ယွင်းချွတ်လျှင် မြောက်ဘက်မျက်နှာဟာ၏။ အကြောင်း ကိစ္စရှိလာသောအခါ ကွယ်ရာမဲ့ ဖြစ်တတ်၏။ လက်အောက် ငယ်သားအပေါ်၌ ဝတ္တရား ပျက်ကွက်ခဲ့သော် အောက်အရပ်မျက်နှာဟာ၏။ စီးပွားရေး ပျက်တတ်၏။ ရဟန်းသံဃာတော်တို့အပေါ်၌ ဝတ္တရားပျက်ကွက်ခဲ့သော် အထက်အရပ်မျက်နှာဟာ၏။
ဆိုခဲ့သည့်အတိုင်း မိမိနှင့်သက်ဆိုင်ရာ ဝတ္တရားအားလုံး ကျေကုန်ခဲ့သော အရပ်ခြောက်မျက်နှာ လုံခြုံ၏။ ထိုဘေးစုအပေါင်း မဝင်နိုင်၊ မတိုးနိုင်၊ မချဉ်းကပ်နိုင်သဖြင့် ဘေးကင်း၏။ လူ့အလယ်၊ နတ်အလယ်၌ တင်းတိမ်၏။ သို့ဖြစ်လေရာ မိမိနှင့်သက်ဆိုင်ရာ အရပ်ဒိသာ ခြောက်မျက်နှာကို လုံစွာ ပိတ်ဆို့ထားနိုင်ရန် အထူးလို အပ်လှပေသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )