၂၀၂၅ ဖေဖော်ဝါရီ ၂၀
ဟယ်ရီပေါ်တာ သရုပ်ဆောင်ရုပ်နှင့် ခပ်ဆင်ဆင်တူသော အာဂျင်တီးနားသမ္မတ ဂျာဗီယာမီလိုင် တစ်ယောက် အလွန်အမင်း ဒေါသထွက်နေပြီး ပါးစပ်မှလည်း မီယန်မာ မီယန်မာဟု တတွတ်တွတ် ရေရွတ်နေသည်။ မီယန်မာဟူသော နိုင်ငံကို ခုမှ ကမ္ဘာ့မြေပုံတွင်လက်ထောက်ကြည့်ရှုနေပြီး သူကိုယ်တိုင်လည်း သေသေချာချာ မသိသော်လည်း သူ့နိုင်ငံတရားရုံးက မီယန်မာဟူသောနိုင်ငံက အစိုးရအကြီးအကဲတွေကို ဖမ်းဝရမ်းထုတ်လိုက်သည့်အတွက် ခုမှ လေ့လာနေရသည်။ ဖမ်းဝရမ်းထုတ်တာ ကိစ္စမရှိ သူကိုယ်တိုင်ကလည်း ဗင်နီဇွဲလား ပြည်သူ့ရေးရာဝန်ကြီး ဌာနက ဖမ်းဝရမ်းထုတ်တာ ခံထားရသူဖြစ်သည်။
ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖမ်းဝရမ်းထုတ်တာက အလေ့အထဖြစ်သော်လည်း မီယန်မာပြည်က အကြီးအကဲတွေ ဝရမ်းထုတ်တာထက် သူကိုယ်တိုင်တောင် အဖမ်းမခံရဖို့ ကြိုးပမ်းနေရတာကြောင့် ဖမ်းဝရမ်းထုတ်သည့် အာဂျင်တီးနား တရားရုံးကို အလွန်အမင်း ဒေါသထွက်နေတာ ဖြစ်သည်။ သမ္မတ ဂျာဗီယာမီလိုင်တစ်ယောက် ဟယ်ရီပေါ်တာစတိုင် တပ်ထားသော မျက်မှန်ဝိုင်းကို အသာပင့်တင်ကာ နဂိုကတည်းက စုတ်ဖွားဖွား ဖြစ်နေသော ဆံပင်ကို ပွတ်သပ်ရင်း အာဂျင်တီးနားအစိုးရတစ်ဖွဲ့လုံးကို စပိန်ဘာသာ စကားဖြင့် "မင်းတို့ သောက်ပြဿနာ တော်တော်ရှာတာပဲ"ဟု ပြောလိုက်သည်။ စပိန်လက်အောက်မှာ အကြာကြီးနေလာရတော့ အာဂျင်တီးနား နိုင်ငံ၏ မိခင်ဘာသာစကားက စပိန် ဘာသာစကား ဖြစ်သည်။
"ကဲ မင်းတို့ပြဿနာကို အထုပ်လိုက်ကြီး သယ်လာတာပဲ။ လွန်ခဲ့တဲ့ လပိုင်းကတင် ငါ့ကို ဗင်နီဇွဲလားက ဖမ်းဝရမ်း ထုတ်လို့ တရားခံပြေး ဖြစ်နေပါတယ်ဆိုမှ မင်းတို့က ငါတို့ကြားတောင် မကြားဖူးတဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခုက အကြီးအကဲတွေကို ရုပ်တည်ကြီးနဲ့ ဖမ်းဝရမ်းထုတ်တယ်ဆိုတော့ မင်းတို့လုပ်တာ ကောင်းကြသေးလား။ အရင်ဆုံး ဖမ်းဝရမ်းထုတ်ခံရတဲ့ ငါ့မျက်နှာကြီး ကမ္ဘာကို ဘယ်လိုချပြမလဲ"ဟု ညည်းတွား ပြောဆိုလိုက်သည်။ အာဂျင်တီးနား သမ္မတကြီးပြောသလို မီယန်မာ ပြည်ဆိုတာကလည်း သူကိုယ်တိုင် ခုမှကြားသလို မီယန်မာပြည်က လူတွေကလည်း အာဂျင်တီးနား လို့ပြောရင် ဘောလုံးကို လက်နဲ့ပုတ်သွင်းသည့် မီယန်မာ အခေါ်အဝေါ် ဘောသူခိုး မာရာဒိုနာနှင့် လက်ရှိ ကမ္ဘာကျော် ဘောသမား လီယွန်နယ်မက်ဆီလောက်သာ သိပြီး အာဂျင်တီးနားဆိုတာ ကမ္ဘာ့မြေပုံ ဘယ်နားမှန်း မသိသည်က အမှန်တရားပင် ဖြစ်သည်။ ဒီကြားထဲ ဖမ်းဝရမ်းထုတ်တယ်ဆိုရင် ထထပျော်ကြသည့် အမေရိကားရောက် မီယန်မာ လူတစ်စုကလည်း မီယန်မာနိုင်ငံအထိ သွားဖမ်းပေး ပါက တစ်နှစ်လျှင် လူတစ်သိန်း အလကား အလုပ်လာလုပ်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာပြန်သည်။ ဒါကြောင့်လည်း အာဂျင်တီးနားသမ္မတကြီး စိတ်ညစ်နေရတာ ဖြစ်သည်။
"ဟိုကောင် တရားသူကြီးချုပ်။ မင်းလျှာရှည်ပြီး ဖမ်းဝရမ်းထုတ်တာ ကိစ္စမရှိဘူး။ ဟိုမှာ တစ်နှစ်ကို လူတစ်သိန်း ပို့ပေးမယ်လို့ ကမ်းလှမ်းနေပြီ။ မီယန်မာပြည်က လူတစ်သိန်းသာ တကယ်ရောက်လာရင် စုစုပေါင်း ခွက်တစ်သိန်း ရောက်လာမှာကွ၊ မင်းသဘော ပေါက်လား။ ဒီလိုဆိုရင် ငါတို့ ဗျူနိုအေးရိစ်မြို့တစ်မြို့လုံး သူတောင်းစားတွေ ခွက်ပျောက်ကုန်မှာပဲ။ မီယန်မာပြည်က လူတွေက တတိယနိုင်ငံဆိုတာကြီးကို အရမ်းသွားချင်တာလို့ ငါ့မိတ်ဆွေ ဒေါ်နယ်ထရမ့် ပြောဖူးတယ်။ ရောက်လာပြီးရင်လည်း တော်တော်နဲ့ မပြန်ကြဘူး။ နောက်ပြီး ငါးပိ၊ ငါး ခြောက်ဆိုင်တွေ အာဂျင်တီးနားမှာ လာရောင်း၊ အိုးပိုင် အိမ်ပိုင်တွေနဲ့ သူတို့နိုင်ငံလို လာနေပြီး ကြာရင် အာဂျင်တီးနားကနေ အာဂျင်မီယန်မာပြည် ဖြစ်သွားရင် မင်းတို့ တာဝန်ယူမှာလား"ဟု အင်မတန် စိတ်ဆိုးစွာ ပြောလေသည်။
စိတ်ဆိုးမယ် ဆိုလည်း ဆိုးချင်စရာပင် ဖြစ်သည်။ ဘူမသိကိုးမသိနှင့် ဖမ်းဝရမ်းတွေ ထုတ်ပြီး တော်ကြာ မီယန်မာပြည်အစိုးရက အသင့် ရှိနေသည့် ဟိုအန်တီကြီးကို လေယာဉ်ဖြင့် အာဂျင်တီးနား ပို့ပေးလိုက်ရင် အာဂျင်တီးနားတစ်နိုင်ငံလုံး မျောက်မီးခဲကိုင်ရမည်ဖြစ်သည်။ "မီယန်မာပြည်က လူတွေ ခေါ်ခေါ်နေတဲ့ သူတို့ မာမီကို လေယာဉ်နဲ့ ပို့လိုက်ရင် မင်းတို့ ငါတို့ ဟိုကြားခဲညှပ်မှာ အသေအချာပဲ။ သူတို့က မာမီဆိုတဲ့ သူကို အရမ်းချစ်ကြတာ။ အဲဒီမာမီနာမည်နဲ့ တစ်ကမ္ဘာလုံးကိုပတ် ပြီး အလှူခံကြ တာကွ။ မပြောကောင်း မဆိုကောင်း မာမီကြီးကို မီယန်မာပြည်အစိုးရက လေယာဉ်နဲ့တင်ပေးလိုက်ရင် ဘယ်နားထားကြမလဲဆိုတာ မင်းတို့စဉ်းစားမိလား။မတော်လို့ ချက်ချင်းလွှတ်တို့၊ မာမီပြန်လာမှ ကျောင်းတက်မယ်တို့ ထအော်ရင် ငါတို့ တစ်နိုင်ငံလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်မှာပဲ"ဟု သမ္မတ ဂျာဗီယာမီလိုင်တစ်ယောက် ညည်းတွားလေသည်။
မတော်လို့များ ဟိုအန်တီကြီးကို လေယာဉ်နဲ့ အာဂျင်နီးနားကို ပို့လိုက်ရင် သူ့ကို ကြည်ညိုလေးစားသူတွေ သိန်းချီ အာဂျင်တီးနားကို ရောက်လာပြီ လူထုတွေ့ ဆုံပွဲတွေ၊ ဆန္ဒပြပွဲတွေ ဖြစ်လာရင် ကမ္ဘာကြီးက အာရုံစိုက်ကာ ဝိုင်းဆော်ပလော် တီးခံရနိုင်သည်။
"မာမီဆိုတဲ့သူကို ထောက်ခံသူတွေက ခုချိန်မှာ လမ်းအားလုံး အာဂျင်တီးနားဆီသို့တို့၊ တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်တို့၊ နောက်ဆုံးလှိုင်း ဗျူနိုအေးရိစ်တိုင်းဆိုရင် မင်းတို့၊ ငါတို့အစိုးရ တစ်ဖွဲ့လုံး တိုင်ပတ်ကုန်မှာကွ။ အမေရိကားကလည်း ခုဆိုရင် နှင်ထုတ်နေချင်တာ။မင်းတို့ သောက်မှန်း ကမ်းမှန်းမသိ ဝရမ်းထုတ်တော့ ငါတို့ဆီ အာရုံကျလာပြီး အမေရိကားခေါင်းပေါ်က ချီးထုပ်ကြီး ငါတို့နိုင်ငံ လာပစ်ရင် အကုန် ဒုက္ခတွေရောက် ကုန်မှာ။ နိုင်ငံထဲမှာတောင် ဖက်ဒရယ်နဲ့ ယူနီတေးရီး ယန်းဆိုပြီး ဝါဒနှစ်ခြမ်းကွဲပြီး ပြည်သူ အချင်းချင်း ပြန်ဆော်ပလော် တီးနေပါတယ်ဆိုမှ မီယန်မာပြည်က ဒီမို ကရက်တစ်တွေ ရောက်လာရင် သုံးခြမ်း ကွဲကုန်မှာဟ။ ကြည့်လုပ်ကြပါဦး၊ ကိုယ်လူတို့ရယ်"ဟု အာဂျင်တီးနား သမ္မတကြီး မျက်ရည်လည်ရွှဲဖြင့် ပြောပြန်လေသည်။
ဟုတ်တော့လည်း ဟုတ်သည်။ အာဂျင်တီးနား အခြေအနေက နိုင်ငံတကာ ပိတ်ဆို့မှုတွေ ကြုံနေရပြီး သမ္မတ မီလိုင်က အသုံးစရိတ်တွေကို အသဲအသန် လျှော့ချနေရသည်။ ဝန်ကြီးဌာန ၁၀ ခု ပိတ်သိမ်းပြီး ဝန်ထမ်း ၃၄၀၀၀ ကျော် အလုပ်ဖြုတ်ခဲ့ရသည်။ အခွန်တွေ တိုးမြှင့်ကောက်ခံနေတာ ကြောင့် အတိုက်အခံတွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်နေသည်။ သူ့နိုင်ငံစီးပွားရေးကလည်း ချွတ်ခြုံ ကျနေ တာကြောင့် မတော်လို့ မီယန်မာပြည်က အန်တီကြီးနဲ့ အမေရိကားက အစိုးရဆိုသူတွေများ ရောက်လာရင် ဝန်ကြီးဌာနပေါင်းစုံ၊ ဆန္ဒပြနည်းပေါင်းစုံ၊ အလှူခံနည်းပေါင်း အသွယ် သွယ်နှင့် တိုင်းပြည် ပျက်ကိန်း ကြုံရနိုင်သည်။
အခန့်မသင့်ရင် တိုင်းပြည်အတွက် နိုင်ငံခြား ဝင်ငွေရှာပေးနေသော ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီကို မီယန်မာလိဂ်က ရှမ်းယူနိုက်တက်ထံသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောင်းပေးရ ပေလိမ့်မည်။ ကိုယ်တိုင်တောင် ချွတ်ခြုံကျနေသော အာဂျင်တီးနားတို့ဆီ မာမီကြီး ရောက်လာပါက မတွေးဝံ့စရာပင် ဖြစ်တော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )