တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိစေရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းဖြစ်

နေပြည်တော်၊ ဧပြီလ ၃၀
    မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ စစ်ဆေးမည့် ရည်ရွယ်ချက်မှာ တရားမျှမှုရှိစေရန်နှင့် ဂုဏ်သိက္ခာရှိစေရန်အတွက်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန လေ့လာဆန်း စစ်အကဲဖြတ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာချောချောစိန်ကပြောသည်။ 
    "မန္တလေး ငလျင်ကြီးကြောင့်  Grade-12  ကလေးတွေ ပြန်လည်ဖြေဆိုရမယ်ဆိုတာ ဝန်ကြီးဌာနကလည်း ပြောကြားပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ အမျိုးမျိုး အဖုံဖုံ ပြောနေကြတာတွေရှိတယ်။ အခုလို စာမေးပွဲတွေ ပြန်စစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိက သုံးချက်ရှိပါတယ်။ ပထမ တစ်ချက်ကတော့ Fairness မျှတမှု ဖြစ်စေဖို့ပါ။ ဒုတိယ အချက်ကတော့ Dignity ဂုဏ်သိက္ခာရှိဖို့အတွက်နဲ့ တတိယအချက် ကတော့ Academic Career အထောက်အကူ ဖြစ်စေဖို့ ဖြစ်ပါတယ်။ ပထမတစ်ချက် Fairness ဖြစ်ဖို့ဆိုတဲ့ နေရာမှာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘယ်လိုမျှတမှုကို ဆိုလိုချင်တာလဲ ဆိုတာမျိုးရှိတယ်။ ဥပမာ အားဖြင့် ရန်ကုန်တိုင်းမှာ ဖြေဆိုခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အများကြီးရှိမယ်။ အဲဒီအထဲမှာ အရည်အချင်း တစ်ယောက်နဲ့တစ်ယောက် မတူတာတွေရှိမယ်။ ဥပမာဆိုရင် စာမေးပွဲ အောင်ဖို့အတွက်ကို သိပ်ပြီးတော့ အခွင့်အလမ်းမရှိတဲ့သူတွေလည်း ရှိတယ်။ သူရဲ့ ကြိုစားအားထုတ်မှုအပေါ် မူတည်ပြီးတော့ အဲဒါဆိုရင် သူကအရှုံးထဲမှာ ပါနေပြီဆိုပါတော့။ အဲဒီတော့ မန္တလေးတိုင်း ဒေသကြီးမှာ လည်း ထိုနည်းလည်းကောင်းပဲ ရန်ကုန်တိုင်းက ကျောင်းသားလိုပဲ အရည်အချင်းရှိတဲ့တစ်ယောက် ရှိချင်ရှိလာမယ်။ သူကျတဲ့အခါ အကုန်လုံးကို အအောင်ပေးလိုက်မယ်ဆိုရင်ရော ဒါဆိုရင် ရန်ကုန်တိုင်းက လူတွေအတွက်က ဘာပြောလာမလဲ။ ဒါဆိုရင် မန္တလေးဘက်က လူတွေကကျတော့ ငလျင်ကြောင့်မို့ အအောင်ပေးတယ်။ ရန်ကုန်တိုင်းက သူတွေကျတော့ အအောင်မပေးဘူးလားဆိုတာ ဖြစ်လာမယ်။ ဒါဆိုရင် မျှတမှုမရှိတာတွေ ဖြစ်လာမယ်။ နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံးမှာ ကြိုး စားအားထုတ်ပြီးတော့မှ One  to Ten ထဲမှာ ဝင်ချင်တဲ့သူတွေလည်း ရှိတယ်။ တကယ့်ကို မျှော်လင့်ချက် ကြီးတဲ့သူတွေလည်းရှိတယ်။ သူတို့အတွက်ရော ဒီအတိုင်းပဲ ရိုးရိုးအောင်မယ်ဆိုရင်၊ ပြန်မဖြေတော့ဘူးဆိုရင်ရော အဆင်ပြေပါ့မလား။ ဒါကြောင့်မို့ တရားမျှတမှုရှိဖို့အတွက် ပညာရေးဝန်ကြီး ဌာနကနေ ပြန်ဖြေဖို့ဆိုတာမျိုး ဆုံးဖြတ်ခဲ့တာလည်း ဖြစ်တယ်"ဟု ၎င်းကပြောသည်။ 
    အလားတူ ငလျင်ကြောင့် အားလုံးကို အအောင်ပေးလိုက်ပါက ကျောင်းသူ ကျောင်းသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ခြင်းကြောင့် စာမေးပွဲကို ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း ဒေါက်တာ ချောချောစိန်က ထပ်မံပြောကြားသည်။ 
    "ဒုတိယအချက်ဖြစ်တဲ့ Dignity ဆိုတာ ဂုဏ်သိက္ခာရှိဖို့ဆိုတာက မန္တလေးငလျင်ကြောင့် အကုန်အအောင်ပေးလိုက်တယ် ဆိုပါစို့။ ဒါဆို အကုန်အအောင်ပေး လိုက်တဲ့ခေတ်မှာ အောင်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုပြီး တချို့ကပြောမယ်။ ဒီလို အပြောခံနိုင်မလားဆိုတာ စဉ်းစားရမယ်။ ဘာပဲပြောပြော ကျောင်းသူ ကျောင်းသားတွေဟာ ကိုယ့်ရဲ့မာနလေးတွေတော့ ရှိကြတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ပြချင်ကြတာပဲ။ ငလျင်ဒဏ်ကြီးကြောင့်မို့ အကုန်လုံး အအောင်ပေးလိုက်တာပဲဆိုရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ မရှိဘူး။ ဒါကြောင့် ဂုဏ် သိက္ခာရှိဖို့ Dignity ရှိဖို့ စာမေးပွဲကို ကျင်းပတာ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။ 
    ထို့အပြင် ကျောင်းသူ ကျောင်း သားများအတွက် Academic Career က အရေးကြီးပြီး Grade-12 ဆိုသည်မှာ အသက်မွေးပညာ တက္ကသိုလ်များ၏ ဝင်ခွင့်အောင်လက်မှတ်ဖြစ်ကြောင်း၊ ပြည်တွင်း တက္ကသိုလ်များသာမက နိုင်ငံတကာ တက္ကသိုလ်များသို့ သွားရောက်မည်ဆိုလျှင်လည်း Grade-12 က GCE O Level  နှင့်တူညီကြောင်း ဒေါက်တာချောချောစိန်ကထောက် ပြပြောဆိုသည်။ 
    ၂၀၁၆ ခုနှစ် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် Johart ကျောင်း မီးလောင်မှုဖြစ်ခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ကျောင်းသူကျောင်းသားများ စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့ရကြောင်း သိရသည်။ ထို့အပြင် ဂျပန်နိုင်ငံ Earthquake နှင့် Tsunami အမြဲတမ်းတွဲနေပြီး ၂၀၁၄ တွင် တက္ကသိုလ်ဝင် စာမေးပွဲများကို ပြန်လည်ကျင်းပရမည့် အချိန်၌ Postpone လုပ်ရခြင်းများရှိကြောင်း သိရသည်။
    တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီး အစစအရာရာ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ကွန်းဈာန်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43027

© 2022 - 2025 News. All Rights Reserved.