နေပြည်တော်၊ ဧပြီ ၃၀
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ဦးရေ ၆၃၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၂၀၀ နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦအောင်ထိုက်က ပြောသည်။
"မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပရတဲ့ နိုင်ငံတော်အဆင့် စာမေးပွဲတွေကို တရားမျှတ၊ စည်းစနစ်ကျနစွာ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၁ ခုနှစ်က စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အခု ပြန်လည်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုသူ ကျောင်းသားဦးရေ ၆၃၀၀၀ ကျော်ရှိပါတယ်။ စာစစ်ဌာန ၂၀၀ နီးပါးရှိပါတယ်။ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှာ တရားမျှတပြီး တိကျမှန်ကန်စွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ပြီး ပညာရေးကို မြှင့်တင်ဖို့ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ အဲဒီရည်မှန်းချက်အရ ကျွန်တော်တို့ ဒီတက္ကသိုလ်ဝင် စာမေးပွဲရဲ့ အရည်အသွေးနဲ့ အသိအမှတ်ပြုခံရမှုအပေါ် တိကျခိုင်မာမှုရှိအောင် ဆောင်ရွက်နေပါတယ်ဓဟု ၎င်းကပြောသည်။ ယခင် မတ်လက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသားများနည်းတူ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသားများ၏ စာမေးပွဲအောင်စာရင်းကို တစ်ပြိုင်တည်း ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို မန္တလေး တက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မတ် ၂၈ ရက် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ထုတ်ပြန် ကြေညာထားသည်။ ကွန်းဈာန်