တန်ချိန် ၉၀ ကျော်ရှိ ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော် ပို့ဆောင်ထားပြီး ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့မည်ဟု EU ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၃၀
    ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ဧပြီလ ၁၈၊ ၁၉ နှင့် ၂၂ ရက်တို့တွင် တန်ချိန် ၉၀ ကျော် ရှိသည့် အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀၀၀၀ ကျော်ကို လေယာဉ်သုံးစင်းဖြင့် ထောက်ပံ့ ပို့ဆောင်ပေးခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
    ပထမအကြိမ် ပေးပို့မှုများကို ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာ သိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှု ပစ္စည်းများကို လေယာဉ်ဖြင့် ထပ်မံပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
    ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအနေဖြင့် ဧပြီလ ၂၅ ရက် စာရင်းများအရ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ရှိကြောင်း သိရသည်။ ငလျင် စတင်ဖြစ်ပွားသည့် အချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာကို အကူအညီတောင်းခံမှုများ ဆောင်ရွက်ခဲ့ရာ   နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဧပြီလ ၂၅ ရက် အချိန်အထိ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘော ခုနစ်စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ပေါင်း ၂၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ ရေးပစ္စည်း တန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန် ပေးပို့ လှူဒါန်းထားကြောင်း သိရသည်။
    ထို့အပြင် ပြည်တွင်းပြည်ပ စေတနာရှင် အလှူရှင်များမှ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အလှူငွေများ ပေးအပ်ရာ ဧပြီ ၂၄ ရက်အထိ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ်ငါး သန်း၊ အိန္ဒိယ ရူပီး ၁၅ သန်း၊ ထိုင်းဘတ်နှစ် သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့အား လက်ခံရရှိထားပြီး အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းသို့ ထည့်သွင်းထားရှိကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43032

© 2022 - 2025 News. All Rights Reserved.